အသက်နဲ့ရင်း၍ လွတ်မြောက်နယ်မြေဆီသို့ ....
စစ်တွေမြို့မှ ဒေသခံ ၁၀၀ ကျော် ထွက်ပြေးလာကြစဉ် လမ်းခုလပ်တွင် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် လှမ်းပစ်သဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးကြရာ မိုင်းနင်းမိ၍ ၃ ဦးသေဆုံးသွားသည်။
22 May 2024
မေကြီးသျှင် ရေးသည်။
မှောင်မိုက်နေသော လမိုက်ညတစ်ညတွင် လူတစ်စုသည် ခြေသံလုံလုံဖြင့် တိတ်ဆိတ်စွာ ရွေ့လျားနေကြသည်။ ခိုးကြောင်ခိုးဝှက်သွားနေရခြင်းဖြစ်၍ မည်သူမျှ စကားမပြောရဲကြ။ ပတ်ဝန်းကျင်တွင်လည်း လေတိုးသံမှလွဲ၍ အရာအားလုံး တိတ်ဆိတ်လျက်ရှိနေသည်။
ထိုအချိန် “ဒိုင်း … ဒိုင်း … ဒိုင်း …” သေနတ်သံ ဆယ်ချက်ခန့်က တိတ်ဆိတ်နေသော ညဉ့်အမှောင်ထုကို ဖြိုခွင်းလိုက်လေသည်။
“ကျနော်တို့က ငြိမ်ငြိမ်လေးနေကြတယ်၊ ဖုန်းမီးလည်း မထွန်းရဲဘူး၊ အော်လည်း မအော်ရဲဘူး” ဟု ရခိုင်ပြည်၊ စစ်တွေမြို့မှ ထွက်ပြေးလွတ်မြောက်လာသည့် အသက် ၄၀ အရွယ် ဦးအောင်ကျော်မင်းက ပြောပြသည်။
လွတ်မြောက်နယ်မြေခေါ် အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာဒေသသို့ ထွက်ပြေးရာလမ်းခရီးတွင် စစ်ကောင်စီတပ်က သေနတ်ဖြင့်လှမ်းပစ်စဥ် ကြုံခဲ့ရသည့် အခြေအနေကို ပြန်ပြောပြနေခြင်းဖြစ်သည်။
စစ်ကောင်စီ ပိတ်ဆို့ထားသည့် စစ်တွေမြို့တွင် မြို့တွင်းတိုက်ပွဲ အချိန်မရွေးဖြစ်လာမည်ကို စိုးရိမ်၍ ဦးအောင်ကျော်မင်း အပါဝင် ဒေသခံ ၅၀ ခန့်မှာ ပြီးခဲ့သည့် ဧပြီလ ပထမအပတ်က AA ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးလာခဲ့ကြသည်။
ထွက်ပြေးလာသည့် မြို့ခံ ၅၀ ခန့်တွင် ဦးအောင်ကျော်မင်းအပါအဝင် မိသားစု ၅ ဦးနှင့် မြို့ပေါ်ရပ်ကွက်များမှ ကလေးငယ်၊ သက်ကြီးပိုင်းနှင့် မသန်စွမ်းများလည်း ပါဝင်သည်။
“ခရီးကအရမ်းကြမ်းတမ်းတယ်။ မိုင်းနင်းမိမှာစိုးလို့ လမ်းကြောင်းသေးသေးလေးမှာ ချိန်ဆပြီး လျှောက်သွားရတာ။ ဆူးငြှောင့်ခလုတ်တွေလည်း အများကြီးပဲ” ဟု ဦးအောင်ကျော်မင်းက ပြောသည်။
“ကလေးတွေဆိုရင် ငိုသူငို။ ကလေးမတစ်ယောက်ဆိုရင် ညအမှောင်မှာ မျက်လုံး သိပ်မမြင်ရတော့ မသွားနိုင်တော့လို့ ငိုတော့တာ။ အားလုံးက ဝိုင်းဝန်းဖေးမပြီး ခေါ်လာခဲ့ရတယ်” ဟု ဆက်ပြောသည်။
ဦးအောင်ကျော်မင်းတို့မှာ စစ်တွေမြို့မှ တုတ်တုတ်သုံးဘီးဖြင့် စထွက်ပြီးနောက် ခြေလျင်တစ်ဖြတ်သွားရပြီး စက်လှေဖြင့်တစ်တန် ထပ်မံသွားရသည်။ ယခင်က ၁ နာရီခန့်သာသွားရသည့် လမ်းခရီးကို ပွဲစားများနှင့်ချိတ်ဆက်ကာ စက်လှေ တစ်တန်၊ ကားတစ်တန်၊ ခြေလျင်တစ်တန်ဖြင့် စစ်ကောင်စီတပ်သားများ မသိအောင် လျှို့ဝှက်လမ်းများမှ တစ်ညအိပ် ခရီးနှင်ခဲ့ကြရသည်။
စစ်တွေမြို့ပတ်ပတ်လည်ရှိ ကုန်းလမ်းနှင့် ရေလမ်းများကို စစ်ကောင်စီက မိုင်းထောင်ထား၍ မိုင်းအန္တရာယ်မှ လွတ်မြောက်အောင် ရုန်းကန်ပြီး ထွက်ပြေးလာကြရသည်။
“ထွက်မယ့်လမ်းမှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းတွေ အများကြီးပဲ။ ဘတ်ဟိုးနဲ့တူးပြီး ဆည်လိုမျိုးလုပ်ပြီး မိုင်းတွေ အများကြီးမြှုပ်ထားတာ။ သတ်ကွင်းဆင်ထားသလိုပဲ။ အဲဒီကြားထဲက လွတ်အောင်လာရတာ” ဟု ထွက်ပြေး၍ လွတ်မြောက်လာသည်ကို ဂုဏ်ယူသည့်ဟန်ဖြင့် ဦးအောင်ကျော်မင်းက ပြောပြသည်။
AA ထိန်းချုပ်နယ်မြေထဲသို့ ထွက်ပြေးလာသူများမှာ ယခင်က ငွေကျပ် ၅,၀၀၀ ဖြင့် သွားရသည့် လမ်းခရီးကို လက်ရှိတွင် ပွဲစားများနှင့်ချိတ်ဆက်ကာ လူတစ်ဦးကို အနည်းဆုံး ငွေကျပ် ၅ သိန်းဝန်းကျင်မှစတင်ကာ ပေးရသည်ဟု ထွက်ပြေးလာသူများက ပြောသည်။
“လမ်းစရိတ်ကအရမ်းကြီးတယ်။ နီးနီးလေးကိုသွားဖို့ တုတ်တုတ်(သုံးဘီး)တစ်စီးငှားရင် ငွေကျပ်နှစ်သိန်း ပေးရတယ်။ ပြီးတော့ စက်လှေနဲ့တစ်ခါ ထပ်သွားရတယ်။ စက်လှေမှာလည်း လူတစ်ယောက်ကို ငွေကျပ်နှစ်သိန်းပေးရတယ်” ဟု ဦးအောင်ကျော်မင်း၏ ဇနီးဖြစ်သူက ပြောသည်။
ဦးအောင်ကျော်မင်းတို့ ထွက်ပြေးလာပြီးနောက် ဧပြီ ၂၀ ရက်၊ ည ၇ နာရီခွဲခန့်တွင် စစ်တွေမြို့မှ ဒေသခံ ၁၀၀ ကျော် ထွက်ပြေးလာခဲ့ကြသည်။ ထွက်ပြေးစဉ် လမ်းခုလပ်တွင် စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် လှမ်းပစ်သဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးကြရာ မိုင်းနင်းမိ၍ ၃ ဦးသေဆုံးခဲ့သည်။
ယင်းအထဲမှ အချို့မှာ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရပြီး ကလေးအပါအဝင် ဒေသခံ ၁၀၀ ခန့်မှာ စစ်ကောင်စီထံ ဖမ်းဆီးခံလိုက်ရသည်။ အချို့မှာ ငွေကြေးဖြင့် ပြန်လွတ်မြောက်လာခဲ့ပြီး မြို့တွင် ထပ်မံပိတ်မိနေကြသည်။
“ပြန်လွတ်လာတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ပိုက်ဆံပေးလို့ လွတ်လာတဲ့သူတွေလည်း ရှိတယ်။ ဖမ်းဆီးသွားသူတွေကို နေရာခွဲပြီး ထားတာဆိုတော့ အရေအတွက်အတိကျ မသိရဘူး” ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်စစ်ပွဲအတွင်း ပလက်ဝအပါအဝင် ဘူးသီးတောင်၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲမြို့နယ် တို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည်။
တိုက်ပွဲကြောင့် မြို့နယ်အရပ်ရပ်မှ AA ထိန်းချုပ်ထားသည့် နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၅၇၂,၃၀၀ အထိရှိကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ပေးရေးရုံး (HDCO) က မေ ၂၇ ရက်တွင် ထုတ်ပြန်သည်။
ထွက်ပြေးလာသူများမှာ ခြေလျင်၊ စက်လှေ၊ တုတ်တုတ်(သုံးဘီး) စသဖြင့် လမ်းခရီးအတန်တန်ကို ဖြတ်ကျော်ရသည့်အပြင် အသက်ကိုရင်းပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။
“ပွဲစားက အာမ,မခံဘူး။ သွားမယ့်သူက သွားမယ်ဆိုရင် ပွဲစားက ပို့ပေးရုံပဲ။ ခိုးပြီးသွားရတာဆိုတော့ အသက်နဲ့ လုံခြုံရေးက အာမခံချက်မရှိဘူး။ ကံမကောင်းရင် အဖမ်းခံရမယ်၊ မိုင်းထိမယ်၊ ကံကောင်းရင် လွတ်မြောက်နယ်မြေကို ရောက်မယ်” ဟု ဦးအောင်ကျော်မင်းက ပြောသည်။
လက်ရှိတွင် ရခိုင်မြောက်ပိုင်းက စစ်တွေနှင့် မောင်တောမှလွဲ၍ ကျန်မြို့နယ်များကို AA က သိမ်းပိုက်ထားပြီး မောင်တောမြို့ကို သိမ်းပိုက်နိုင်ရေး အရှိန်မြှင့်ထိုးစစ်ဆင်နေသည်။
ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့ကိုလည်း AA က အချိန်မရွေး ထိုးစစ်ဆင်လာနိုင်၍ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ မြို့ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်း၊ ရေမြှုပ်မိုင်းများ ထောင်ထားကြောင်း ဒေသခံများက ပြောသည်။
ယင်းအပြင် မြို့နေပြည်သူများ ထွက်မပြေးနိုင်စေရန် စက်လှေ၊ ဘုတ်၊ သဗ္ဗာန်များအား မီးရှို့ဖျက်ဆီးခြင်း၊ ထွက်ပြေးသူများအား လိုက်လံပစ်ခတ်ဖမ်းဆီးမှုများကို စစ်ကောင်စီက လုပ်ဆောင်လျက်ရှိသည်။
“စစ်ကောင်စီက မြို့တွင်းပြည်သူတွေ အပြင်ထွက်သွားမှာကို ကြောက်လာတယ်။ အဓိကရည်ရွယ်ချက်ကတော့ တိုက်ပွဲဖြစ်လာရင် ပြည်သူတွေကို ဓားစာခံအဖြစ်အသုံးပြုဖို့အတွက်” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
ယခုတိုက်ပွဲသည် အဆုံးအဖြတ်တိုက်ပွဲကြီးဖြစ်၍ စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေနှင့် ကျောက်ဖြူမြို့အတွင်း ပိတ်မိကျန်နေသောဒေသခံများကို ဘေးလွတ်ရာသို့ ထွက်ခွာကြရန် AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ညွန်ကြားထားသည်။
ယင်းသို့ ပြောဆိုပြီးနောက် ဒေသခံများမှာ နည်းမျိုးစုံဖြင့် မြို့မှထွက်ခွာရန် ကြိုးပမ်းနေကြသော်လည်း အချို့မှာ ငွေကြေးမတတ်နိုင်မှုနှင့် ထွက်ပြေးမည့်လမ်းခရီးမှာ အသက်အာမခံချက် မရှိ၍ စစ်တွေမြို့အတွင်း၌ ခိုကပ်ကာ နေထိုင်သူများလည်း ရှိနေသေးသည်။
“လမ်းစရိတ်အရမ်းကြီးတော့ မိသားစုလိုက်ထွက်ပြေးဖို့ အဆင်မပြေဘူး။ အဆင်ပြေမလား စောင့်ကြည့်ရင်း ရှိတာတွေကို ပေါင်နှံရောင်းစားလို့ ကုန်ပြီ။ ဖြစ်နိုင်ရင် အခုချက်ချင်းတောင် စစ်တွေက ထွက်သွားချင်ပြီ” ဟု စစ်တွေမြို့တွင် ပိတ်မိနေသူ ဒေါ်လှိုင်လှိုင်က ပြောသည်။
ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် မြို့တော် စစ်တွေအပါအဝင် မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်၊ အမ်းမြို့နယ်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
ယင်းအထဲ စစ်တွေမြို့ခံအများစုမှာ စစ်ကောင်စီ ပိတ်ဆို့ထားသည့်အထဲမှ အိုးအိမ်ကိုစွန့်ပြီး ခါးဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် အသက်ကိုစွန့်ကာ လွတ်မြောက်နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်လာနိုင်ခဲ့ကြသည်။
သို့သော်လည်း နယ်မြေသစ်တွင် ဘဝသစ်တစ်ခုပြန်စရန် အခက်အခဲများရင်ဆိုင်ရဦးမည်ကို စိုးရိမ်မိနေသည်ဟု ထွက်ပြေးလာသူများက ပြောသည်။
“စစ်ပွဲတွေက ဘယ်အချိန်မှ ငြိမ်းမလဲမသိဘူး။ နယ်မြေသစ်ကို ထွက်ပြေးလာတာဆိုတော့ အလုပ်ကလည်း မရှိဘူး။ အိုးခွက်၊ ပန်းကန်ကအစ ဝယ်ပြီး အသစ်ပြန်စရမှာ။ စစ်တွေမပြီးခင်ထိ ဘယ်လိုရပ်တည်ရမလဲတောင် စဉ်းစားလို့မရတော့ဘူး” ဟု ဦးအောင်ကျော်မင်းက လက်ရှိငှားရမ်းနေထိုင်သည့် အိမ်လေးထဲမှ လမ်းသို့ငေးကာ ပြောသည်။