အမြင့်မြတ်ဆုံးလမ်းစဉ်ကို လျှောက်လှမ်းနေသူ (သို့မဟုတ်) ဆရာလေး ဒေါ်စရဏသိင်္ဂီ

ဆရာလေးရဲ့ ငယ်အမည်မှာ မခိုင်စံနုဖြစ်ပြီး မွေးချင်း ၇ ဦးထဲမှာ အကြီးဆုံးသမီးပါ။ လောကီပညာ (အတန်းကျောင်း)ကို ပထမတန်းအထိသာသင်ကြားခဲ့ရပြီး ကျောင်းနေရမယ့်အချိန်မှာ ကျောင်းမနေခဲ့ရဘဲ သမီးကြီးပီပီ အိမ်မှုကိစ္စတွေကို မိဘနဲ့အတူ ဝိုင်းဝန်းဖြေရှင်းခဲ့ပါတယ်။

By မင်းထွန်း 11 Oct 2021

DMG ၊ အောက်တိုဘာ ၁၁

(ဆောင်းပါး)

ရေညှိတွေတက်နေတဲ့ အုတ်နံရံဟာ ရင့်ရော်မှုရဲ့သဏ္ဍာန်ကို ပြသလို့နေပါတယ်။ ရေညှိတွေကြောင့် ခြံစည်းရိုး အုတ်နံရံရဲ့ဆေးရောင်တွေ မှိန်လုလုဖြစ်နေပြီး အုတ်နံရံမှာထွင်းထားတဲ့ စာတွေကလည်း ပျောက်ကွယ်လုလု ဖြစ်နေပါပြီ။

လူနှစ်ကိုယ်စာသာရှိတဲ့ ဝင်ပေါက်အပေါ်မှာ “ကျားရုပ်သာသနနွယ်ဝင်သီလရှင်ကျောင်းတိုက်” မဥတ္တရသိင်္ဂီ လှူဒါန်းပါသည်၊ ၂၀၀၅ လို့ သံကိုအသုံးပြုပြီးထွင်းထားတဲ့ စာတွေဟာလည်း သံချေးရောင်အဖြစ် ပြောင်းလဲသွားခဲ့ ပါပြီ။ ကျောင်းတိုက်လို့ဆိုပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ပေ ၂၀ သာသာဘဲရှိတဲ့ နှစ်ထပ်အုတ်တိုက် ငယ်လေးပါ။
စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်က လူသိများတဲ့ ဘုရားကြီးကွင်း(ဝင်္ကဘာကွင်း)အနီးက ဘုန်းတော်ကြီး ကျောင်းတွေ၊ လူနေတိုက်အိမ်တွေရဲ့ကြားမှာ

“ကျားရုပ်သာသနနွယ်ဝင်သီလရှင်ကျောင်းတိုက်”ဟာ မှိန်မှိန်ကုတ်ကုတ်ကလေး တည်ရှိနေတာပါ။

ကျောင်းတိုက်အတွင်းပိုင်းမှာတော့ သစ်သားကြမ်းခင်းပေါ် ကော်ဇောခင်းထားပါတယ်။ နေရာကိုယ်စီနဲ့ ထိုင်နေကြတဲ့ သီလရှင် ၅ ပါးရဲ့အရှေ့မှာ ဆရာလေး ဒေါ်စရဏသိင်္ဂီကထိုင်ရင်း စာချပေးနေပါတယ်။

အဲဒီသီလရှင်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ဆရာလေး ဒေါ်စရဏသိင်္ဂီဟာ မြောက်ဦးမြို့နယ် သင်းပန်းကိုင်း ကျေးရွာဇာတိဖြစ်ပါတယ်။ အသက် (၁၄)နှစ်ကနေ သီလရှင်ဝတ်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဝါတော်(၂၄)ဝါ၊ သက်တော် ၃၈ နှစ်ရှိနေပါပြီ။

ဆရာလေးရဲ့ ငယ်အမည်မှာ မခိုင်စံနုဖြစ်ပြီး မွေးချင်း ၇ ဦးထဲမှာ အကြီးဆုံးသမီးပါ။ လောကီပညာ (အတန်းကျောင်း)ကို ပထမတန်းအထိသာသင်ကြားခဲ့ရပြီး ကျောင်းနေရမယ့်အချိန်မှာ ကျောင်းမနေခဲ့ရဘဲ သမီးကြီးပီပီ အိမ်မှုကိစ္စတွေကို မိဘနဲ့အတူ ဝိုင်းဝန်းဖြေရှင်းခဲ့ပါတယ်။

မိန်းကလေးပီပီ အိမ်မှုကိစ္စတွေနဲ့ နပန်းလုံးနေတဲ့အချိန် သူမရဲ့ရွာကို အလည်အပတ်ရောက်ရှိလာတဲ့ စစ်တွေမြို့က အဘွားဖြစ်သူ သီလရှင်(ဆရာကြီး)ရဲ့အကူအညီနဲ့ စစ်တွေမြို့မှာ သီလရှင်ဝတ်ဖြစ်ခဲ့တာပါ။ ပညာသင်ယူချင်တဲ့ စိတ်အပါအဝင် ပတ်ဝန်းကျင်အသစ်တစ်ခုမှာ လေ့လာစူးစမ်းချင်တဲ့စိတ်နဲ့ သီလရှင်ဝတ်ဖြစ်ခဲ့တာလို့ ဆရာလေး ဒေါ်စရဏသိင်္ဂီက မိန့်ပါတယ်။
“လောကီလောကထဲမှာ ကိုယ့်မိသားစုတစ်စုဖြစ်နေတယ်။ ဒီသီလရှင် သာသနာလောကထဲမှာဆိုရင် ပတ်ဝန်းကျင် အသစ်တစ်ခုထဲမှာ လူသစ်တစ်ယောက်အနေနဲ့ အသိုင်းအဝိုင်းပြောင်းပြီးတော့ လေ့လာစူးစမ်းချင်တဲ့စိတ်နဲ့ ဝင်ရောက်ခဲ့တာ”

နဂိုကတည်းက လောကီစာပေ(အတန်းကျောင်းစာ)အခြေခံမရှိတဲ့ ဆရာလေးအတွက် လောကုတ္တရာစာပေတွေကို လေ့လာဆည်းပူးရချိန်မှာ ပါဋိ၊ ကျမ်းဂန်တွေ မဖတ်တတ်ဘဲ အခက်အခဲတွေနဲ့ကြုံတွေ့ရပါတော့တယ်။

လောကုတ္တရာစာပေတွေနဲ့ပတ်သက်လို့ မသိ၊ နားမလည်တာတွေကိုလည်း တခြားစာသင်သား သီလရှင်တွေထံ အောက်ကျော့ခံပြီး မေးမြန်းသင်ယူခဲ့ရတယ်လို့ ဆရာလေး ဒေါ်စရဏသိင်္ဂီက ပြောပြပါတယ်။

“(လောကီ)စာပေကလည်း အခြေခံမပါလာဘူးဆိုတော့ ကြိုးစားရုန်းကန်ရတာတော့ အင်မတန်မှ ခက်ထန်တယ်။ (လောကုတ္တရာ)စာပေတွေကို ဆိုလို့မရ၊ ဆိုလို့ရအောင်အတွက် အများကြီးသည်းခံ၊ အနစ်နာခံပြီးတော့ စိတ်ရှည်ပြီး ဖြတ်သန်းလာရတာ”

သီလရှင်တွေဟာ ခြေလျင်လျှောက်ပြီး ဆွမ်းဆန်စိမ်းခံတာ၊ ငွေကြေး၊ ဝတ္ထုပစ္စည်းတွေအလှူခံတာကို တစ်ပတ်မှာ နှစ်ရက်ပဲ အလှူခံထွက်ရပါတယ်။ ဒါပေမယ့် လူပုဂ္ဂိုလ်အများစုရဲ့အမြင်မှာ သီလရှင်တွေဟာ ဘုန်းကြီးတွေ၊ ကိုရင်တွေလောက် ဘုန်းတန်ခိုးမကြီးမားဘူးလို့ နားလည်လက်ခံထားကြတဲ့အတွက် သီလရှင်တွေဟာ အလှူအတန်းရရှိမှုအပိုင်းမှာ အလွန်အားနည်းနေပါတယ်။

“တချို့သော တကာ/မတွေက တကယ့်ကိုကြည်ကြည်ဖြူဖြူနဲ့ လှူဒါန်းကြတယ်။ သီလရှင်တွေ ဆွမ်းစိမ်း အလှူခံတဲ့အခါမှာ အလှူထည့်ကြတာက တောင်းစားနေတဲ့ကလေးတွေ၊ လူတွေကို အလှူထည့်တာနဲ့အတူတူပဲ။ တာဝန်ကျေ၊ ဝတ်ကျေတန်းကျေ မထည့်လို့မကောင်းဆိုပြီး (အလှူ)ထည့်တဲ့သူတွေလည်းတွေ့ရတယ်”လို့ ဆရာလေး ဒေါ်စရဏသိင်္ဂီကမိန့်ပါတယ်။

အဖိတ်ဆန်သွားရောက်အလှူခံတဲ့အခါမှာ အလှူလည်းမထည့်၊ ကန်တော့လို့လည်းမပြောဘဲ ဒီအတိုင်းကြည့်ပြီး ရပ်ခိုင်းထားတဲ့ တကာ/မတချို့နဲ့လည်း ကြုံတွေ့ရတယ်လို့ ဆရာလေးက မိန့်ပါတယ်။
သီလရှင်တွေဟာ ဆွမ်းဆန်အလှူခံကိုသာ အဓိက အားပြုရှင်သန်ရပ်တည်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာလူ့ဘောင်အတွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်အများစုရဲ့ သဒ္ဓါတရားတွေနဲ့ ယုံကြည်ကိုးကွယ်မှုတွေဟာ သီလရှင် တွေနဲ့ပတ်သတ်လာရင် စိတ်အားထက်သန်မှု အားနည်းတာကို နေရာအများအပြားမှာတွေ့ရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က အိန္ဒိယနိုင်ငံမှာ သိဒ္ဓတ္ထမင်းသား ဂေါတမဗုဒ္ဓဘုရားအဖြစ်ကို ရောက်ရှိပြီး ငါးနှစ်အကြာမှာ မိထွေးတော် ပဇာပတိဂေါတမီကိုအကြောင်းပြုကာ (အမျိုးသမီးရဟန်း)ဘိက္ခုနီတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဘိက္ခုနီတွေဟာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာစတဲ့ ဒေသေတွကိုပျံ့နှံ့ခဲ့ကာ နှစ်ပေါင်းတစ်ထောင်လောက်တည်တံ့ ခဲ့ပြီးနောက်မှာတော့ သာသနာတော်အတွင်းက ပြန်လည်ပျောက်ကွယ်သွားခဲ့ပါတယ်။ ဘိက္ခုနီတွေ ပျောက်ကွယ်သွားတဲ့အချိန်ကာလနဲ့ အကြောင်းအရင်းကို အတိအကျမှတ်တမ်းတင်ထားတာတွေ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ ဘိက္ခုနီသာသနာအဆက်ပြတ်သွားပြီး နောက်မှာတော့ အင်းဝခေတ်၊ ပုဂံခေတ်တွေမှာ သီလရှင်တွေရှိနေပြီလို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ ဒါပေမယ့် ကုန်းဘောင်ခေတ်မှာ သီလရှင် ဆရာကြီး မေကင်းနဲ့ မယ်နတ်ပေးတို့ အထင်အရှားရှိနေပြီဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေက သက်သေပြနေတဲ့ အတွက် သီလရှင်တွေဟာ ကုန်းဘောင်ခေတ်မှာ ပေါ်ထွန်းနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆရာတော်ရဝေထွန်းရဲ့ ဘိက္ခုနီသာသနာနဲ့ သီလရှင်သမိုင်းမှာလည်း သီလရှင်ဆိုတဲ့အမည်ကို အင်းဝခေတ်၊ ပုဂံခေတ်တွေမှာ တခြားအမည်တွေနဲ့ သုံးစွဲအမှတ်အသားပြုခဲ့ကြပေမယ့် ကုန်ဘောင်ခေတ်ဦးအခါ ကာလမှစပြီး သီလရှင်အမည်ကို အသုံးပြုခဲ့ဟန်တူကြောင်း ရေးသားထားပါတယ်။

သီလရှင်တွေဟာ အလှူခံလို့ရရှိလာတာတွေနဲ့ မီးစရိတ်၊ ရေစရိတ်တွေအပြင် ချက်ပြုတ်စားသောက်ဖို့ အတွက်လည်း အဲဒီအလှူငွေတွေထဲက အသုံးပြုကြရပါတယ်။ သီလရှင်တွေရဲ့ သာသနာဘောင်အတွင်းက ကျပ်တည်းခက်ထန်တဲ့အခက်အခဲတွေကို ဆရာလေး ဒေါ်စရဏသိင်္ဂီက အခုလိုပြောပြလာပါတယ်။

“စာသင်သားတစ်ယောက်ဟာ အလွန်တရာမှကျပ်တည်းပြီးတော့ စာအတွက်စိတ်ပူရမှာလား၊ အသုံးစရိတ် အဆင်မပြေလို့ စိတ်ပူရမှာလား အဲဒါတွေကိုသည်းခံပြီး သာသနာထဲမှာနေလာခဲ့တယ်။ အခုလိုအချိန်ထိ ရောက်လာတာတော့ မလွယ်ကူဘူး”

အိမ်ထောင်သားမွေးကိစ္စတွေ၊ အိမ်မှုကိစ္စတွေကိုစွန့်ခွာပြီး သာသနာဘောင်ကိုဝင်ရောက်လာတဲ့ သူတွေဖြစ်ကြ ပေမယ့် လူတွေရဲ့ကြည်ညိုလေးစားမှု၊ ဆည်းကပ်ပူဇော်မှုတွေကို အမျိုးသား ရဟန်းတွေလောက် သီလရှင်တွေက မရရှိကြပါဘူး။

သီလရှင်တွေဟာ ရှစ်ပါးသီလ(ဒါမှမဟုတ်) ဆယ်ပါးသီလကို မကျိုးမပေါက်အောင် စောင့်ထိန်းကြရသလို စားသောက်နေထိုင်မှုပုံစံတွေမှာလည်း သီးခြားစည်းကမ်းတွေလည်း ရှိနေပါတယ်။
ဘုန်းကြီးကျောင်းတွေ၊ အပြင်တွေကိုသွားမယ်ဆိုရင် တစ်ပါးတည်းသွားလို့မရဘဲ အဖော်သီလရှင်တစ်ပါးပါးနဲ့ သွားလာရပါတယ်။ သီလရှင်ကျောင်းတိုက်တွေမှာ ဆွေမျိုးယောင်္ကျားဧည့်သည်တွေ လာရောက်ရင်လည်း ညအိပ်ခွင့်မပြုရဘဲ စောင့်ထိန်းရမယ့်စည်းကမ်းတွေရှိပါတယ်။

တစ်ဖက်မှာ ရဟန်းဘုန်းကြီး၊ ကိုရင်တွေဟာ ချက်ပြုတ်ပြီးသားဆွမ်းကို ခံယူသုံးဆောင်နိုင်ပေမယ့် သီလရှင်တွေ ကတော့ အလှူခံလို့ရရှိလာတဲ့ ဆွမ်းဆန်စိမ်းတွေကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြရပါတယ်။

ချက်ပြုတ်စားသောက်နိုင်ဖို့အတွက်လည်း သီလရှင်တွေဟာ လူပုဂ္ဂိုလ်တွေနည်းတူ ကိုယ်တိုင်သွားပြီး ဈေးသွား ဝယ်ကြရပါတယ်။ ဈေးဝယ်တဲ့အခါမှာလည်း လူပုဂ္ဂိုလ်တချို့ရဲ့ ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံတာတွေနဲ့ ကြုံတွေ့ရတာတွေရှိတယ်လို့ ဆိုပါတယ်။

“ဆွမ်းချက်ဖို့အတွက် ဆန်တွေမှာဆိုရင်လည်း ဆန်ပိုးလေးတွေရောက်လာတယ်။ အဲဒီဆန်ထဲက ပိုးလေးတွေကို စင်သွားအောင်လုပ်ရတာအချိန်မနည်းပေးရတယ်။ ဟင်းတွေမှာဆိုရင်လည်း ပိုးကောင်လေးတွေမပါရအောင် ဂရုစိုက်ပြီးချက်ပြုတ်ရတယ်” လို့ ဆရာလေး ဒေါ်စရဏသိင်္ဂီကမိန့်ပါတယ်။

ဒ့ါအပြင် သီလရှင်တွေဟာ မနက်စောစော လေးနာရီကျော်အချိန်ကနေ အိပ်ရာထပြီး မျက်နှာသစ်ကာ ပရိတ်၊ ပဌာန်းတွေရွတ်ဆိုပြီးနောက် အာရုံဆွမ်းကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြရပါတယ်။အဲဒီလို စာသင်သား သီလရှင်တွေ ဖြတ်သန်းရတာတွေဟာ မလွယ်ကူတဲ့အတွက် သာသနာဘောင်အတွင်းမနေနိုင်ဘဲ လူထွက်သွားတဲ့ သီလရှင်တွေ အများအပြားရှိတယ်လို့လည်း ဆရာလေးက ဒေါ်စရဏသိင်္ဂီက မိန့်ပါတယ်။

“အများကြီးတွေ့ဖူး၊မြင်ဖူးခဲ့တယ်။ မမြဲကြဘူး၊သာသနာမှာက မထွက်ရလို့ဆိုပြီး လက်မှတ်ထိုးထားတာမှ မဟုတ်တာ၊ ပျော်ရင်နေလို့ရတယ်၊ ထွက်ချင်လည်းထွက်သွားလို့ရတယ်”

ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို အခက်အခဲတစ်ခုလို့မမှတ်ဘဲ အလုပ်တစ်ခုအနေနဲ့ အကောင်းဆုံး ဖြေရှင်းလာခဲ့တဲ့အတွက် ဆရာလေးဟာ အခုဆိုရင် အစိုးရကချီးမြှင့်တဲ့ စာသင်သားသီလရှင်တွေရဲ့ အကြီးတန်းဘွဲ့ဖြစ်တဲ့ ဓမ္မဇရိယဘွဲ့ကို ရရှိထားပြီဖြစ်ပါတယ်။

“အောင်မြင်မှုရဖို့အတွက် အနစ်နာခံရမယ်၊ သည်းခံပြီးကျော်ဖြတ်ရမယ်။ အောင်မြင်မှုရတဲ့သူတွေဟာ ချော့ချော့မွေ့မွေ့နဲ့ရသွားတယ်လို့မရှိဘူး။ ဖြေရှင်းတက်လို့ရှိရင် အခက်အခဲကို အခက်အခဲလို့မမှတ်ဘဲ အေးအေးဆေးဆေးအလုပ်တစ်ခုအနေနဲ့ ဖြေရှင်းသွားခဲ့တယ်” ဆရာလေး ဒေါ်စရဏသိင်္ဂီက မိန့်ပါတယ်။

အရင်က ပညာသင်ယူချင်စိတ်၊ လေ့လာစူးစမ်းချင်တဲ့အတွက် သီလရှင်ဝတ်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဆရာလေးဟာ သီလရှင်သာသနာဘောင်မှာပျော်မွေ့နေပြီဖြစ်ပါတယ်။ လောကုတ္တရာစာပေတွေကို တစိုက် တမက် ရှေ့ဆက်လေ့လာသင်ယူပြီး သာသနာ့ဝန်ကို ရာသက်ပန်ထမ်းဆောင်တော့မယ်လို့ ဆုံးဖြတ်ထားပါတယ်။

အခုထက်ပိုထိရောက်တဲ့ လောကုတ္တရာစာပေ၊ ပညာရပ်တွေကိုသင်ယူပြီး သာသနာဘောင်မှာ အမျိုးသမီးတွေ အတွက် အားကိုးအားထားရတဲ့သီလရှင်တစ်ပါးဖြစ်အောင် ကြိုးစားမယ်လို့လည်း ဆရာလေး ဒေါ်စရဏသိင်္ဂီက ဆုံးဖြတ်ထားပါတယ်။

“ဒီလောကီနယ်ပယ်ကဆိုရင် အလွန်တရာမှ ဒုက္ခတွေများတယ်။ သောကတွေများတယ်။ လောကုတ္တရာနဲ့စာရင် လောကီက နိမ့်တဲ့သဘောမျိုးဖြစ်တယ်။ အဲဒီနိမ့်တဲ့နေရာကို သံသရာရှည်ဖို့၊ ဒုက္ခများဖို့ နေရာကိုမသွားတော့ဘူး ဆိုပြီး ဆုံးဖြတ်လိုက်တာဖြစ်တယ်”

ဆရာလေး ဒေါ်စရဏသိင်္ဂီ သီတင်းသုံးနေထိုင်တဲ့ စစ်တွေမြို့ ကျားရုပ်သာသနနွယ်ဝင်သီလရှင်ကျောင်းတိုက်မှာ သီလရှင်အပါး(၂၀)ရှိပြီး အဲဒီအထဲမှာ စာသင်သားသီလရှင် ၉ ပါးရှိပါတယ်။ စစ်တွေမြို့မှာတော့ သီလရှင် စာသင်တိုက် (၃)ခုရှိပြီး သီလရှင်အပါး (၃၀၀)လောက် သီတင်းသုံးနေထိုင်လျက်ရှိကြပါတယ်။

ပြန့်ကြဲစွာ သီတင်းသုံးနေထိုင်နေကြတဲ့ သီလရှင်တွေကိုလည်း တစ်နေရာတည်းမှာ အေးချမ်းစွာ တရားဘာဝနာ တွေအားထုတ်နိုင်အောင် သီလရှင် ဘိုးဘွားရိပ်သာတစ်ခုဆောက်လုပ်ချင်တဲ့ ဆန္ဒကလည်း ဆရာလေး ဒေါ်စရဏသိင်္ဂီမှာ ရှိနေပါတယ်။

ဆရာလေးရဲ့ အကြီးမားဆုံး၊ အဖြစ်ချင်ဆုံးဆန္ဒကတော့ လူပုဂ္ဂိုလ်အများစုရဲ့ ကြည်ညိုမှုအားနည်းနေတဲ့ သီလရှင် သာသနာကို တကယ့်ကြည်ညိုစရာဖြစ်အောင် လုပ်ဆောင်သွားမယ့်ဆန္ဒဖြစ်ပါတယ်။

“သီလရှင်ဆိုတာ သီလအဝတ်၊ သီလနဲ့ပြည့်စုံတဲ့သီလရှင်ဖြစ်တယ်။ ဆံပင်ကို ပယ်ထားတယ်။ အလှတရားတွေကို ပယ်ထားတယ်။ အဲတာတွေကို တကယ့်ကြည်ညိုစရာဖြစ်အောင် ဘုန်းကြီးလောက်တန်းတူ မဟုတ်ရင်တောင်မှ သီလရှင်ကိုလည်း သီလရှင်အလျောက် ကြည်ညိုစရာဖြစ်အောင် ဆရာလေးလက်ထက်မှာ တချိန်ချိန်မှာတော့ ဖြစ်အောင်လုပ်သွားမယ်လို့ စဉ်းစားထားတယ်”

မင်းထွန်းရေးသားသည်။