စစ်ရှိန်မြင့်နေသည့် မြန်မာနိုင်ငံတွင် ဘာသာရေး လွတ်လပ်ခွင့် ပိုမိုဆိုးရွားလာ
" ဘာသာရေးကို အလေးထား ကိုးကွယ်လိုက်၊ ဘုရားတည်လိုက်၊ စေတီတည်လိုက် လုပ်နေတဲ့ စကစ (စစ်ကောင်စီ)ဟာ တိုက်ပွဲဖြစ်နေတဲ့ ဒေသက ဘာသာရေးအဆောက်အဦးတွေကိုဆိုရင် ဦးစားပေးပြီးတော့ ဗုံးကြဲတိုက်ခိုက်နေတယ် " ဟု ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
01 Nov 2024
DMG ၊ နိုဝင်ဘာ ၁
စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာသည့် မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ပြဿနာများ ပိုမိုဆိုးရွာလာကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က ထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ စကာ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် အသိုင်းအဝိုင်းများကို ပစ်မှတ်ထားလုပ်ဆောင်လာသဖြင့် ဘာသာရေးလွတ်လပ်ခွင့် ပြဿနာမှာ ပိုမိုဆိုးရွားလာကြောင်း USCIRF က အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး ဦးစားပေးဖြေရှင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ ထိတွေ့ ဆက်ဆံရန် လိုအပ်ကြောင်းလည်း ဆိုထားသည်။
စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်မှု၊ စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ခြင်းနှင့် တိုက်ပွဲအကျိုးဆက်ကြောင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ် ဘာသာရေး အဆောက်အဦး ၂၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်။
ယင်းအထဲတွင် ဘူးသီးတောင်မြို့နယ်၌ အများဆုံးဖြစ်ပြီး၊ ပေါက်တော၊ ရမ်းဗြဲ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ သံတွဲ၊ တောင်ကုတ်စသည့် မြို့နယ်များတွင်လည်း ထိခိုက်ပျက်စီးမှုများ ရှိနေသည်။
" ဘာသာရေးကို အလေးထား ကိုးကွယ်လိုက်၊ ဘုရားတည်လိုက်၊ စေတီတည်လိုက် လုပ်နေတဲ့ စကစ (စစ်ကောင်စီ)ဟာ တိုက်ပွဲဖြစ်နေတဲ့ ဒေသက ဘာသာရေးအဆောက်အဦးတွေကိုဆိုရင် ဦးစားပေးပြီးတော့ ဗုံးကြဲတိုက်ခိုက်နေတယ်။ ဒါကြောင့်လည်း ရဟန်းသံဃာတော်တွေ မကြာမကြာ ထိခိုက်ဒဏ်ရာရတာ ရှိနေတာပါ " ဟု ရခိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် တောင်ကုတ်မြို့နယ်၊ ဆင်ခေါင်းကျေးရွာနှင့် ခမောင်းကြီးကျေးရွာမှ ကျောင်းထိုင်ဆရာတော် နှစ်ပါး ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)၏ စာရင်းအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ လလယ်အပိုင်းအထိ စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦး ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
ပလက်ဝဒေသခံ ချင်းအမျိုးသားတစ်ဦးက "စကစ(စစ်ကောင်စီ)ဟာ ဒီဘုရားကျောင်းတွေမှာ လက်နက်ကိုင်တွေ ရှိနေမယ်။ ဆေးကုသနေကြမယ်။ ဒီဘုရားကျောင်းတွေကို နေရာယူပြီးမှ လှုပ်ရှားမှုတွေ လုပ်နေမယ်ဆိုတဲ့ ယူဆချက်တွေ၊ ကောက်ချက်တွေပေးပြီး ဗုံးကြဲတိုက်ခိုက်တယ်။ ဒီဘာသာရေး အဆောက်အဦးတွေမှာ ဘယ်တော်လှန်ရေးတပ်ဖွဲ့တွေ မရှိဘဲ ဗုံးကြဲခံလိုက်ရတော့ ဘာသာရေးအဆောက်အအုံတွေပဲ ထိခိုက်ပျက်စီးသွားတာပေါ့" ဟု ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရသည့်အထဲတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ပျက်စီးမှု အများဆုံးဖြစ်ပြီး ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ တီးတိန်၊ တွန်းဇံမြို့နယ်တို့တွင်လည်း ပျက်စီးမှုရှိကြောင်း သိရသည်။
ပဋိပက္ခတွင် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များသည် အရပ်ဖက်၊ ဆေးဖက်ဆိုင်ရာ အဆောက်အအုံများနှင့် ဘာသာရေးအဆောက်အဦးများကို ဦးတည်တိုက်ခိုက်ခြင်း မပြုလုပ်ရန် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဓလေ့ထုံးထမ်းဥပဒေတွင် ပြဌာန်းထားသည်။
" စစ်ကောင်စီက ပြည်သူတွေကိုတောင် အလွယ်တကူ သတ်ဖြတ်နေတာ။ ဘာသာရေးအဆောက်အအုံတွေဆိုတာက သူ့အတွက် ထည့်သွင်းစဉ်းစားရာမှာတောင် မပါဘူးလို့ မြင်တယ်" ဟု လူမှုရေးတက်ကြွလှုပ်ရှားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားသည့်အချိန်မှစကာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့အထိ စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်း ၅,၉၀၉ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံအခြေအနေသည် အထူးစိုးရိမ်ရကာ စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးနေရသူ ၃ သန်းကျော်ရှိလာပြီး မတူကွဲပြားသည့် ဘာသာရေးအသိုင်းအဝိုင်းများအတွက် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နိုင်ခြေရှိကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်(USCIRF)မှ ထုတ်ပြန်ထားသည်။