- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီ ပစ်မှတ်ထားနေ
စစ်ကောင်စီသည် ရခိုင်ဒေသတိုက်ပွဲများတွင် စစ်ရေးနှင့်မသက်ဆိုင်သည့် ဘာသာရေးအဆောက်အအုံ၊ အရပ်သားနေထိုင်ရာများအား လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်လာနေသည်။
13 Nov 2024
DMG ၊ နိုဝင်ဘာ ၁၂
စစ်ကောင်စီသည် ရခိုင်ဒေသတိုက်ပွဲများတွင် စစ်ရေးနှင့်မသက်ဆိုင်သည့် ဘာသာရေးအဆောက်အအုံ၊ အရပ်သားနေထိုင်ရာများအား လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်လာနေသည်။
စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၂ အထိ တစ်လခွဲနီးပါးအတွင်း သံတွဲ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များတွင် သံဃာ ၄ ပါး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း၊ ဘုရားသိမ်၊ ဓမ္မာရုံ၊ သမိုင်းဝင်ဘုရား စသည့် ဘာသာရေးအဆောက်အအုံ ၁၃ ခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်။
DMG က ပြုစုထားသည့်မှတ်တမ်းများအရ သံတွဲမြို့နယ်တွင် သံဃာတော် ၂ ပါး၊ ဘူးသီးတောင်မြို့နယ်တွင် သံဃာတော် ၁ ပါးနှင့် မောင်တောမြို့နယ်မှ သံဃာတော် ၁ ပါးတို့မှာ ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့သည်။
ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း စသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများတွင် နေရပ်စွန့်ခွာ စစ်ဘေးရှောင်အများအပြား ခိုလှုံနေထိုင်လျက်ရှိသည်။
နိုဝင်ဘာ ၁၀ ရက်နေ့က ဘူးသီးတောင်မြို့ပေါ်ရှိ မြစိမ်းရောင်ဘုန်းကြီးကျောင်းနှင့် လမ်းမဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲခဲ့မှုကြောင့် သံဃာတော်တစ်ပါး အပါအဝင် အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ နိုဝင်ဘာ ၂ ရက်ကလည်း မောင်တော၊ ပြားသားရွာဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် ၄ ဦးသေဆုံးပြီး၊ ဆရာတော်အပါအဝင် ၂ ဦးဒဏ်ရာရရှိကာ ကျောင်းဆောင်တစ်ခုလုံး ပျက်စီးခဲ့ရသည်။
“စစ်ကောင်စီက တစ်နိုင်ငံလုံးမှာရှိတဲ့ ဘာသာရေးအဆောက်အုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ အများကြီးရှိတယ်။ အဲဒီလိုတိုက်ခိုက်လို့ ပျံလွန်သွားတဲ့ သံဃာတော်တွေ၊ တခြားဘာသာရေးပုဂ္ဂိုလ်တွေလည်း အများကြီးရှိနေတယ်” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွင် ပဋိပက္ခနှင့် မသက်ဆိုင်သည့် အရပ်သားနေထိုင်ရာ အဆောက်အအုံ၊ ဘာသာရေးအဆောက်အုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း စသည်တို့ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုလုပ်ရန် ပြဌာန်းထားသော်လည်း ယင်းဉပဒေကို စစ်ကောင်စီက ချိုးဖောက်လျက်ရှိသည်။
“စစ်ရှုံးတာကို လက်မခံဘဲ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို အမြစ်ဖြုတ်နိုင်ဖို့ အားလုံးက ဝိုင်းဝန်းကြိုးပမ်းသင့်တယ်” ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။
ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မြောက်ဦး၊ ရမ်းဗြဲ စသည့် မြို့များရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားများ အပါအဝင် သုသေသနပြတိုက်များလည်း ပျက်စီးခဲ့ရသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ ဘာသာရေးလွတ်လပ်ခွင့် ပြဿနာမှာ ပိုမိုဆိုးရွားလာကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF)က အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။