- အထင်ကရ သတင်းစာတိုက်ကြီးကို ပိတ်သိမ်းရန် ဘင်္ဂလားဒေ့ရှ် ဆန္ဒပြသူများ တောင်းဆို
- တောင်ကုတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ညဈေးတန်း မီးလောင်ပျက်စီး
- ရခိုင်ကျောင်းသားဟောင်း ကိုမြတ်ဟိန်းထွန်း ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ
- စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးရန်အသင့်ရှိကြောင်း TNLA ထုတ်ပြန်
- ပိုးသတ်ဆေး မဖျန်းနိုင်၍ ရခိုင်က ဆောင်းသီးနှံစိုက်ခင်းများ ပျက်စီးမှုရှိလာ
စတိတ်မန့်များနောက်ကွယ်က မြန်မာ့ငြိမ်းချမ်းရေး ဘယ်လိုရှေ့ဆက်ကြမလဲ
မြန်မာ့နိုင်ငံငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အရေးဟာ မြန်မာ့တပ်မတော်ရဲ့ သဘောထားအပေါ် များစွာမူတည်နေသလို ခြေဥပေးထားချက်အရ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်က ပိုပြီးအဓိကကျတယ်လို့ ဆိုရမှာပါ။
26 Nov 2020
By မင်းထီး | DMG
ကိုဗစ်ကာလမှာ ခက်ခဲစွာကျင်းပခဲ့ရတဲ့ တတိယအကြိမ် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲကြီး ပြီးဆုံးခဲ့ပါပြီ။ ပညာရှင်များရဲ့ ထင်ကြေးတစ်ချို့လွှဲကာ လက်ရှိအစိုးရဖွဲ့ထားတဲ့ NLD ပါတီကပဲ တစ်နိုင်ငံလုံး (၈၃%) နဲ့ အနိုင်ရယူထားပြီး (၂၀၂၀) အလွန် အစိုးရသစ်ကို တစ်ပါတီတည်းဖွဲ့နိုင်တဲ့ အနေအထားကိုတောင် ကျော်တက်သွားတာကို တွေ့ရပါတယ်။ ဒီမဲရလဒ်ဟာ (၁၉၉၀) ရွေးကောက်ပွဲ NLD ပွဲ၊ တစ်နည်းအားဖြင့် အာဏာရှင် တစ်ပါတီစနစ်ကို ဖြုတ်ချခဲ့ရာကနေ နောက်ထပ်အာဏာရှင်တစ်ဦး ထပ်ပေါ်စေခဲ့တဲ့ ရွေးကောက်ပွဲရလဒ် (၈၂% ) ကို ကျော်လွန်ပြီး လူထုထောက်ခံမှုကို ရရှိခဲ့တာပါ။ NLD ပါတီရဲ့ မဟာအောင်မြင်မှုဖြစ်သလို အံ့ဩစရာကောင်းတဲ့ လူထုထောက်ခံမှုရလဒ်လည်း ဖြစ်ပါတယ်။
လာမယ့် (၂၀၂၀) အလွန် ပြည်ထောင်စုလွှတ်တော်ရော ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်အများစုကိုပါ NLD ပါတီတစ်ခုတည်းက သိမ်းယူလိုက်တယ်လို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ရွေးကောက်ခံ (၃၃၀) နေရာမှာ ရွေးကောက်ပွဲမလုပ်တဲ့နေရာ (၁၅) နေရာ မပါဘဲ (၂၅၈) နေရာထိ ရရှိထားတာကို တွေ့ရပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း (၁၆၆) နေရာမှာ (၁၃၈) နေရာထိရရှိလိုက်တဲ့အတွက် လာမယ့် ပြည်ထောင်စုလွှတ်တော်ဟာ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ NLD ပါတီက အမတ်တွေသာ မြင်တွေ့ရတော့မယ့် အနေအထားပါပဲ။
လာမယ့်ပြည်ထောင်စုအဆင့် လွှတ်တော်မှာ ခြေဥပြင်ဆင်ရေးကလွဲရင် NLD ဘက်က တင်သမျှအဆိုအားလုံးကို မဲခွဲစရာမလိုတော့ပါဘူး။ ခြေဥပြင်ဆင်ရေး အဆိုတွေကလွဲရင် တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ထိုင်ကြည့်နေရုံသာ ရှိပါတော့တယ်။ သို့သော်လည်း ၂၀၀၈ ခြေဥပေးထားချက်က ရွေးကောက်ခံအစိုးရအတွက် အခွင့်အာဏာ နည်းပါးလွန်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တပ်မတော်ကလက်မခံရင် မြန်မာနိုင်ငံမှာ အရေးတစ်ကြီး လိုအပ်နေတဲ့ ခြေဥပြင်ဆင်ရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ နယ်စပ်ဒေသကိစ္စတို့လို အရေကြီးကိစ္စအများစုကို ရွေးကောက်ခံအစိုးရက တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု မရှိဘဲ လုပ်ဆောင်လို့ မရနိုင်ပါဘူး။
လွန်ခဲ့တဲ့ငါးနှစ် NLD အစိုးရရဲ့ ကြွေးကြော်သံဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးဟာ သိသာတဲ့တိုးတက်မှု မရှိခဲ့တာကို တွေ့ရပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်ကလည်း လွန်ခဲ့တဲ့ငါးနှစ် အစိုးရသက်တမ်းမှာ တိုးတက်မှု ပြန်လည်နှေးကွေးနေခဲ့သလို စစ်ဘက်အရပ်ဘက် ဆက်ဆံရေးကလည်း မကောင်းမွန်ခဲ့ပါဘူး။ NLD အစိုးရလက်ထက်မှာ နှစ်ဆယ့်တစ်ရာစု ပင်လုံအမည်နဲ့ လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ ရလဒ်တစ်ချို့ရှိခဲ့ပေမယ့် တိုင်းရင်းသားအားလုံး တန်းတူရေး ၊ ဖယ်ဒရယ်ကိုအခြေခံတဲ့ အနာဂတ်ပြည်ထောင်စု မူဘောင်ထွက်မလာနိုင်ခဲ့သလို လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်ပြီး အပစ်အခတ်ရပ် လက်မှတ်ရေးထိုးနိုင်ခြင်းလည်း မရရှိသေးတာကို တွေ့ရပါတယ်။
အထူးသဖြင့် (၂၀၁၈) နှစ်ကုန်းပိုင်းမှာ အပြင်းအထန်စတင်ဖြစ်ပွားလာခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲအကြား အစိုးရက (AA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပေးခဲ့သလို ရခိုင်ပြည်နယ်အတွင်း တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ပေးခဲ့ခြင်းနဲ့အတူ တိုက်ပွဲကာလအတွင်း ရခိုင်ပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု များစွာအတွက် အစိုးရက ရေငုံနှုတ်ပိတ်နေခဲ့တာပါ။ စစ်ပွဲကာလအတွင်း မတရားဖမ်းဆီးမှုများ၊ အရပ်သားများ အပြစ်မဲ့ ပစ်သတ်ခံရမှုများ၊ သံသယနဲ့ ဖမ်းဆီခံနေကြရခြင်းများ ၊ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် သေဆုံးသွားရတဲ့ အရပ်သားများ၊ အမျိုးသမီးနဲ့ ကလေးငယ်များ စတဲ့ အနိဌာရုံမြင်ကွင်းတွေအကြား အစိုးရဘက်က တာဝန်ယူပြောဆို ထိန်းညှိတာတွေ လုံးဝမလုပ်ဆောင်ခဲ့ပါဘူး။
လက်ရှိအာဏာရပါတီဟာ (၂၀၁၅) အစိုးရဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံညှိနှိုင်းမှု မရှိခဲ့သလို တိုင်းရင်းသားဒေသတွေရဲ့ လိုအပ်ချက်နဲ့ နိုင်ငံရေးအမြင် များစွာကိုပါ ပြီးခဲ့တဲ့လွှတ်တော်အတွင်း ဆွေးနွေးခွင့်တွေကို ပိတ်ပင်ထားခဲ့တာတွေကိုပါ တွေ့ခဲ့ပါတယ်။ အဲဒါကြောင့်လည်း ပြည်ထောင်စုလွှတ်တော်ဟာ အစပိုင်းမှာ အနည်းငယ် စည်ကားခဲ့မဲ့ နောက်ပိုင်းမှာ တိုင်းရင်းသားနိုင်ငံရေးပါတီအမတ်တွေနဲ့ NLD ပါတီကြား ယုံကြည်မှုပိုမိုပျက်ပြားပြီး လွှတ်တော်ရဲ့အခန်းကဏ္ဍဟာ အဖျားရှူးခဲ့တယ်လိုဆိုရမှာပါ။ အဲ့ဒါကြောင့်လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ အများစုက (၂၀၂၀)ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ (၂၀၁၅) ရွေးကောက်ပွဲလို အပြတ်အသတ် အနိုင်မရနိုင်ဘူးလို့ ခန်းမှန်းခဲ့ကြတာကို တွေ့ ရပါတယ်။
အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီတွေ ပိုမိုအနိုင်ရလာပြီး ပြည်နယ်လွှတ်တော်တွေဟာ တိုင်းရင်းသားပါတီတွေနဲ့ စည်းကားလာဖို့ ခန့်မှန်းခဲ့ကြပေမယ့် NLD ပါတီဟာ ပြည်မဒေသအပြင် ပြည်နယ်ဒေသတွေမှာပါ အပြတ်အသတ် အနိုင်ယူပြသွားတာဟာ အံ့ဩလောက်တဲ့ ရွေးကောက်ပွဲအဖြေလည်း ဖြစ်ပါတယ်။ သို့သော်လည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အငြင်းပွားမှုများရှိခဲ့ပြီး တိုင်းရင်းသားပါတီတွေ အများဆုံးအနိုင်ရလေ့ရှိတဲ့ ရခိုင်နဲ့ ရှမ်းအပါအဝင် မြို့နယ်ဆယ့်ငါးခုမှာ ရွေးကောက်ပွဲ မကျင်းပခဲ့ပါဘူး။ ရွေးကောက်ပွဲမတိုင်မီမှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ကိုယ်စားလှယ်လောင်းသုံးဦးကို ရက္ခိုင့်တပ်တော် (AA) ကဖမ်းဆီးထိမ်းသိမ်းထားခြင်းနဲ့ ပတ်သတ်ပြီး NLD ပါတီက ချက်ချင်းလွှတ်ပေးဖို့ ထုတ်ပြန်ကြေညာခဲ့တာကို တွေ့ရပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမထားသေးတဲ့ လက်နက်ကိုင်တပ်ဖွဲ့များ (မြောက်ပိုင်းမဟာမိတ်အဖွဲ့) ၊ အစိုးရ ၊ မြန်မာ့တပ်မတော်တို့အကြားက တွေ့ဆုံဆွေးနွေးရေး လမ်းစဟာ အစိုးရသက်တန်းတစ်ခုရဲ့ ထက်ဝက်ကျော်လောက်ထိ ပျောက်ကွယ်ခဲ့ရပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် တပ်မတော်က ဝေဖန်တဲ့ ထုတ်ပြန်ချက်ကြောင့် အစိုးရနဲ့ တပ်မတော်ကြားမှာ အငြင်းပွားမှုဟာ အပြန်အလှန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြတဲ့အထိ ရှိခဲ့ကြတာကြောင့် အစိုးရနဲ့ တပ်မတော်အကြား ညှိနှိုင်းဆွေးနွေးမှု မရှိခဲ့ဘူးဆိုတာ ထင်ရှားတဲ့အချက်လို့ ဆိုရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ကိုးရက်နေ့မှာတော့ တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အဖွဲ့ဝင်ငါးဦးပါတဲ့ "တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ" ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာ (၁၂) ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်အတွင်း ရွေးကောက်ပွဲမကျင့်ပခဲ့တဲ့ မြို့နယ်များကို ဒီဇင်ဘာ (၃၁) ရက်နေ့မတိုင်မီ ကျင့်ပပေးရန် အစိုးရနဲ့တပ်မတော်ကို တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နာရီပိုင်းအကြာမှာ တပ်မတော်က ရက္ခိုင်တပ်တော် (AA) က ထုတ်ပြန်ချက်ကိုကြိုဆိုကြောင်းနဲ့ ရခိုင်အပြင် ရှမ်းပြည်နယ်မှာ မကျင်းပရသေးတဲ့ နေရာများကိုပါ ကျင်းပပေးသင့်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနေ့ နိုဝင်ဘာ (၁၂) ရက်နေ့မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က "အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" အကြောင်းအရာပါ ထုတ်ပြန်ချက်တစ်စောင်ကို တိုင်းရင်းသားပါတီ လေးဆယ့်ရှစ်ပါတီကို လိပ်မူ၍ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အချက်သုံးချက်ပါဝင်တဲ့ ဒီကြေညာချက်မှာ အဖွဲ့ချုပ်ကဖော်ဆောင်မည့် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုအရေးမှာ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြဖို့ မျှော်လင့်ကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။ ဒါဟာ NLD ပါတီအနေနဲ့ (၂၀၁၅) အစိုးရဖွဲ့နိုင်ခဲ့ပြီး စတင်ကျင့်သုံးခဲ့တဲ့ မူဝါဒနဲ့ မတူတဲ့ မူဝါဒတစ်ရပ်ကို ကျင့်သုံးဖို့ စတင်လိုက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တိုင်းရင်းသားပါတီတွေရဲ့ ပူးပေါင်းပါဝင်မှုကို လျှစ်လျူခဲ့တာကိုတွေ့ရပြီး တံတားနာမည်ကိစ္စ၊ ကြေးရုပ်ကိစ္စလို နိုင်ငံအပြောင်းအလဲအတွက် အရေးမပါတဲ့ကိစ္စနဲ့ ပဋိပက္ခတွေကို လျှော့ချဖို့ ကြိုးစားလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ နိုဝင်ဘာ(၁၂) ရက်နေ့ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကို ရပ်တန့်နေတာကို တွေ့ရပြီး နိုဝင်ဘာ(၁၂) မြန်မာ့တပ်မတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ULA/AA ကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သုံးနှုန်းမထားတာကိုကြည့်ရင် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ကြားမှာ ယုံကြည်မှုတွေ တည်ဆောက်ကြတယ်လို့ ယူဆပါတယ်။ မြန်မာ့တပ်မတော်ဘက်ကရော ရက္ခိုင့်တပ်တော်(AA) ဘက်ကပါ ပစ်ခတ်မှုတွေကို ရပ်တန့်ထားကြတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ပြောရေးဆိုခွင့်ရှိသူက မီဒီယာတွေကို ဖြေဆိုထားကြတာကိုလည်း တွေ့ရပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ ရှုပ်ထွေးနေပြီး တစ်ကမ္ဘာလုံးက စိတ်ဝင်စားတဲ့ အဆင့်ထိ ပြဿနာထူထပ်နေတဲ့ နေရာဖြစ်သလို ရခိုင်အရေးဟာ ၂၀၂၀ အလွန် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေ ထပ်မံရှိလာဦးမယ်ဆိုတာလည်း အသေအချာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်အရေးကလည်း နိုင်ငံတကာတရားရုံးမှာ တရားစွဲခံထားရတဲ့ အခြေအနေထိ ရှုပ်ထွေးနေတဲ့အပြင် ရက္ခိုင့်တပ်တော်(AA) ကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာပြီး အကြမ်းဖက်စစ်ဆင်ရေး ပြုလုပ်ခဲ့တာကြောင့် အရပ်သားသေဆုံးမှု ၊ ထိခိုက်မှုတွေ များပြားနေခဲ့ပါတယ်။ မြန်မာ့နိုင်ငံငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အရေးဟာ မြန်မာ့တပ်မတော်ရဲ့ သဘောထားအပေါ် များစွာမူတည်နေသလို ခြေဥပေးထားချက်အရ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်က ပိုပြီးအဓိကကျတယ်လို့ ဆိုရမှာပါ။
မြန်မာနိုင်ငံ လွပ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသားတန်းတူရေး ဖယ်ဒရယ်အရေးကြောင့် နှစ်ပေါင်းခုနစ်ဆယ်ကျော်ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးဟာ မြန်မာတစ်မျိုးသားလုံး မျှော်လင့်နေတဲ့ အရေးကိစ္စဖြစ်သလို တစ်နိုင်ငံလုံးရွေးကောက်ပွဲ (၈၃%) ကျော် အနိုင်ရထားတဲ့ NLD ပါတီကသာ ဦးဆောင်လုပ်ခြင်းဖြင့် လုပ်ငန်းစဉ်အတွင်း အခက်အခဲပဋိပက္ခများကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း တပ်မတော်ရဲ့ သဘောထားဆန္ဒက ပိုမိုအရေးကြီးနေပြီး တပ်မတော်ကို မြန်မာ့နိုင်ငံရေးက ဖယ်ထုတ်ရေးဟာလည်း လက်တွေ့မကျနိုင်သေးဘူးလို့ ယူဆပါတယ်။ ဒါကြောင့် တပ်မတော်နဲ့ အစိုးရရဲ့ ညှိနှိုင်းဆွေးနွေးမှုက အရေးကြီးသလို၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ အပစ်အခတ်ရပ်စဲရေးဟာ တပ်မတော်က ဦးဆောင်မှ အောင်မြင်မယ့် အနေအထားဖြစ်ပါတယ်။
တပ်မတော်ကလိုလားတဲ့ အနာဂတ်မြန်မာနိုင်ငံပုံစံ၊ တိုင်းရင်းသားတွေလိုလားတဲ့ အနာဂတ်မြန်မာနိုင်ငံပုံစံ၊ နှစ်ဘက်လုံးက အတိုးအလျှော့လုပ်နိုင်မယ့် အနာဂတ်မြန်မာနိုင်ငံပုံစံ သုံးခုအတွင်း တန်းတူရေးကို အခြေခံပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်တဲ့ ဖယ်ဒရယ်နိုင်ငံပုံစံကို ရိုးသားစွာ ဆွေ့ဆုံဆွေးနွေးခြင်းကသာ မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူထုထောက်ခံမှု ရာနှုန်းပြည့်ရထားတဲ့ အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရာနှုန်းပြည့်နီးပါး လွပ်လပ်စွာ လုပ်ပိုင်ခွင့်ရထားတဲ့ တပ်မတော်ကြားက မြန်မာ့ငြိမ်းချမ်းရေးဟာ အားပြိုင်မှုနဲ့ အချိန်မကုန်စေဘဲ လက်တွေ့လုပ်ဆောင်မှုနဲ့ ပုံဖော်ကြရမယ့်အချိန်လို့ မြင်ပါတယ်။
ကိုဗစ်အလွန် နိုင်ငံ့စီးပွားရေးနဲ့ ပြည်တွင်းစစ်ကြောင့် နာတာရှည် ဆင်းရဲမွဲတေမှုကြားက မြန်မာ့အနာဂတ်နိုင်ငံရေးဟာ တစ်မျိုးသားလုံး ညီညွတ်စွာ ပူးပေါင်းပါဝင်ရေးမူကို ဦးတည်မသွားနိုင်ပါက တစ်ကမ္ဘာလုံးက စိတ်ဝင်စား၊ ဖိအားပေးနေတဲ့ ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်ပြဿနာ စတဲ့ ရှုပ်ထွေးမှုတွေကို ဖြေရှင်းနိုင်ရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးနဲ့ တန်းတူရေးကို အခြေခံတဲ့ ဖယ်ဒရယ်နိုင်ငံ တည်ဆောက်နိုင်ရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ကာလဖြစ်သလို တပ်မတော်၊ အစိုးရ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အဓိက တိုက်ပွဲဖြစ်နေတဲ့ AA/ULA တို့ရဲ့ ထုတ်ပြန်ချက်နောက်ကွယ်က ပုံဖော်ကြမယ့် ငြိမ်းချမ်းရေး ၊ တန်းတူရေးနဲ့ ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖယ်ဒရယ်အရေးဟာ တပ်မတော်နဲ့ အစိုးရရဲ့ မူဝါဒသစ်တွေကြားမှာ ဘယ်လိုပုံပေါ်လာနိုင်မလဲဆိုတာ ဆက်ပြီး စောင့်ကြည့်ရအုံးမယ်လို့သာ သုံးသပ်ပါတယ်။