စပါးပင်တွေ ရှင်သန်ဖို့ခက်ခဲလာချိန်
နှစ်ပေါင်း ၄၀ ကြာ စပါးစိုက်ပျိုးလာခဲ့သည့် လယ်သမားကြီး ဦးအေးသာအောင်တစ်ယောက် ယခုနှစ် စိုက်ပျိုးရာသီတွင် စပါးစိုက်ပျိုးရန် တွန့်ဆုတ်လျက်ရှိနေသည်။
12 Jun 2022
DMG ၊ ဇွန် ၁၂
(ဆောင်းပါး)
နှစ်ပေါင်း ၄၀ ကြာ စပါးစိုက်ပျိုးလာခဲ့သည့် လယ်သမားကြီး ဦးအေးသာအောင်တစ်ယောက် ယခုနှစ် စိုက်ပျိုးရာသီတွင် စပါးစိုက်ပျိုးရန် တွန့်ဆုတ်လျက်ရှိနေသည်။
အကြောင်းမှာ ယခုနှစ် မြေဆီဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများ ခေါင်ခိုက်အောင်မြင့်တက်နေသဖြင့် လယ်ယာစိုက်ပျိုးရာတွင် အရှုံးနှင့်ရင်ဆိုင်ရမည်ကိုစိုးရိမ်သောကြောင့် အသက် ၆၀ အရွယ် လယ်သမားကြီး ဦးအေးသာအောင်က ရင်မောနေခြင်းဖြစ်သည်။
ယခင်က မြေဆီတစ်အိတ်လျှင် ငွေကျပ်သုံးသောင်းခွဲသာရှိခဲ့ရာမှ ယခုအခါ မြေဆီတစ်အိတ်လျှင် ငွေကျပ်တစ်သိန်းကျော်အထိ မြင့်တက်လျက်ရှိနေသည်။ အလားတူ ဒီဇင်ဆီဈေးနှုန်းမှာလည်း ယခင်က ဆီတစ်ပေပါလျှင် ငွေကျပ်နှစ်သိန်းခန့်သာရှိခဲ့ရာမှာ လက်ရှိတွင် ငွေကျပ်ငါးသိန်းကျော်အထိ မြင့်တက်လျက်ရှိနေသည်။
“ဒီလိုသာ ဈေးတက်နေမယ်ဆိုရင် ဘယ်လိုလုပ်ပြီး စပါးစိုက်ပျိုးကြမှာလဲ”ဟု ပေါက်တောမြို့နယ်၊ ငပြီတက်ကျေးရွာမှ လယ်သမား ဦးအေးသာအောင်က သက်ပြင်းချလျက်ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းများ မြင့်တက်လာနေကာ စိုက်ပျိုးရေးသုံး ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း ခေါင်ခိုက်လျက်ရှိနေသည်။
ယခုနှစ်တွင် လယ်တစ်ဧကအတွက် စပါးစိုက်ပျိုးရေးကုန်ကျစရိတ်မှာ လယ်ထွန်စက်ဖိုး ၄ သောင်း၊ ဒီဇင်ဆီဖိုး ၂ သောင်း၊ မြေဆီဖိုး ၁ သိန်း၊ ရိတ်သိမ်းခြွေလှေ့စက်ဖိုး ၇ သောင်း၊ မျိုးစပါးစရိတ် ၁ သောင်းကုန်ကျမည်ဖြစ်ကာ အလုပ်သမားငှားရမ်းစရိတ်နှင့် အခြားအထွေထွေကုန်ကျစရိတ်များလည်းရှိမည်ဖြစ်သည်။
“အခုလိုအချိန်ခါမျိုးမှာတော့ ကုန်ဈေးနှုန်းတက်သလို ထွန်စက်ခလည်း ကြီးမားမယ်။ ဆီဈေးခလည်းကြီးတော့ စပါးအထွက်နှုန်းသာမကောင်းရင် အရှုံးပဲရှိမှာ”ဟု ဦးအေးသာအောင်ကဆိုသည်။
ရခိုင်ပြည်အတွင်းရှိ ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ လယ်ယာလုပ်ငန်းတွင် ယခင်က ကျွဲ၊နွားများဖြင့် ထွန်ယက်စိုက်ပျိုးခဲ့ရာမှာ ယခုအခါ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ပြောင်းလဲလာကာ လယ်ထွန်စက်များကို အသုံးပြုလာခဲ့ကြသည်။
ထိုသို့ စက်အသုံးပြုမှုက လုပ်ငန်းကိုမြန်ဆန်စေသော်လည်း အခြားတစ်ဖက်တွင် ကုန်ကျစရိတ်များပြီး လယ်သမားများအတွက် အရင်းအနှီးကြီးမားလာခဲ့သည်။ အလားတူ မြေဆီမြေသြဇာကို စွဲမြဲစွာ အသုံးပြုလာခဲ့သည့် လယ်မြေများမှာ မြေဆီမြေသြဇာဈေးကြီး၍ မသုံးနိုင်သည့်နှစ်တွင် သီးနှံအထွက်နှုန်း ကျဆင်းသွားမည်ဖြစ်သည်။
“လယ်သမားတွေအားလုံးက ဒီနှစ် စပါးစိုက်ဖို့အတွက်ကို ရင်လေးနေကြတယ်”ဟု ကျောက်တော်မြို့နယ်မှ လယ်သမား ဦးမောင်ထွီးကဆိုသည်။
နောက်ထပ် လယ်သမားများအတွက် စိန်ခေါ်မှုတစ်ရပ်လည်း ရှိနေပြန်သေးသည်။ စိုက်ပျိုးရေးစရိတ်ချေးငွေ (ခေါ်) စိုက်/ဘဏ်ချေးငွေကို လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် လယ်သမားတစ်ဦးလျှင် လယ်ဆယ်ဧကအထိ ချေးငွေရယူနိုင်သည်။ အဆိုပါချေးငွေ၏ အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်း(ငွေတစ်သိန်းကို တစ်လလျှင် ၅ ကျပ်တိုး)ဖြစ်သည်။
ရခိုင်တွင် ၂၀၁၉ ခုနှစ်က စိုက်ပျိုးရေးစရိတ်ချေးငွေ (ကျပ် ၇၉ ဒသမ ၈ ဘီလီယံ)ကို ထုတ်ချေးပေးခဲ့ပြီး ၂၀၂၀ ခုနှစ် မေလအထိ ပြန်ဆပ်ငွေမှာ (၁၁ ဒသမ ၁၀ ဘီလီယံ)ခန့်သာရှိခဲ့သည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ)၏အဆိုအရ သိရသည်။
၂၀၂၀ ခုနှစ်တွင် လယ်သမားဦးရေ ရှစ်သောင်းကျော်ကို စိုက်/ဘဏ်ချေးငွေထုတ်ချေးခဲ့ပြီး ပြန်ဆပ်နိုင်သူမှာ သုံးသောင်းကျော်သာရှိခဲ့ပြီး (၃၉)ရာခိုင်နှုန်းခန့်ဖြစ်သည်။ နောက်ထပ် ၂၀၂၁ ခုနှစ် ချေးငွေပြန်ဆပ်သည့် တောင်သူသုံးသောင်းကျော်ကို ထုတ်ချေးခဲ့ရာတွင် ပြန်ဆပ်နိုင်သူ တစ်ထောင်ကျော်သာရှိခဲ့ကာ (၇)ရာခိုင်နှုန်းအထိသာရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ)၏ စာရင်းကဆိုသည်။
၂၀၁၈ ခု နှောင်းပိုင်းမှ ၂၀၂၀ ခု နှောင်းပိုင်းအထိ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ ရခိုင်ပြည်အတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် လယ်သမားများမှာ လယ်ယာမြေကို ကောင်းစွာမလုပ်ကိုင်နိုင်ခဲ့ဘဲ အချို့လယ်သမားများမှာ စစ်ဘေးရှောင်များဘဝသို့ ရောက်ရှိခဲ့ကြရသည်။
ထို့ကြောင့် လယ်သမားများမှာ စိုက်/ဘဏ်ချေးငွေကိုပြန်ဆပ်နိုင်သူ တစ်နှစ်ထက်တစ်နှစ်နည်းလာကာ ထိုသို့ပြန်မဆပ်နိုင်ခြင်းကြောင့် လယ်သမားများမှာ နောင်နှစ်စိုက်ပျိုးရေးရာသီအတွက် စိုက်/ဘဏ်ချေးငွေကို မရရှိနိုင်ကြတော့ပေ။
“ကျွန်တော်တို့မှာ ချေးငွေလည်းမဆပ်နိုင်သေးဘူး။ ဒီနှစ်လယ်ဧကတွေ လျော့လုပ်ဖို့ပြင်ဆင်ထားပြီ”ဟု မြောက်ဦးမြို့နယ်၊ တိမ်ညိုကျေးရွာမှ လယ်သမား ဦးစိုးသိန်းကပြောသည်။
ချေးငွေပြန်ဆပ်သူနည်းပါးသည့်အတွက် ယခု ၂၀၂၂ ခုနှစ်တွင် ကနဦးအနေဖြင့် ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးရန်လျာထားသည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ မန်နေဂျာ ဦးဘကျော်စိန်က ပြောဆိုသည်။
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏စာရင်းအရ ရခိုင်တစ်ပြည်နယ်လုံးတွင် စိုက်ပျိုးရေးဧက ၁၂ သိန်းခွဲကျော်ရှိပြီး လက်ရှိမှာ ဧက ၉ သိန်းခန့်သာ စပါးစိုက်ပျိုးနိုင်ကြောင်း သိရသည်။
လယ်ယာလုပ်ငန်းဖြင့် ဝမ်းစာမဖူလှုံဖြစ်လာကြသော လယ်သမားတို့မှာ လယ်ယာလုပ်ငန်းမှ အခြားအလုပ်သို့ ပြောင်းလဲလုပ်ကိုင်ခြင်း၊ နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ခြင်း စသော နည်းမျိုးစုံဖြင့် လယ်ယာလုပ်ငန်းကိုစွန့်ခွာသူ များလာနေသည်။
လက်ရှိလယ်ယာလုပ်ငန်းမှာ အကျဘက်သို့ ဦးတည်လာနေသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်မြက မှတ်ချက်ပြုသည်။
“ဒီနေ့အချိန်ခါ လယ်သမားတွေက ဘယ်လိုလုပ်ပြီး ဘယ်လိုကိုင်ရမယ်လဲဆိုတာတောင် ကမ်းမမြင် လမ်းမမြင်တဲ့ အခြေအနေဖြစ်နေကြတယ်”ဟု ဦးအောင်ကျော်မြကဆိုသည်။
ရခိုင်က တောင်သူလယ်သမားများအတွက် ဓာတ်မြေသြဇာဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ပြီး ဈေးနှုန်းသက်သာသည့် ဓာတ်မြေသြဇာများ ထုတ်ပေးနိုင်ရန်စီစဉ်နေသည်ဟု ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်။
“ဒီကိစ္စကို ပရောဂျက်တစ်ခုဆွဲနေတယ်။ လက်ရှိမန္တလေးတိုင်းမှာလည်း သဘာဝဓာတ်မြေသြဇာကို သုံးနေတယ်။ အဲဒီက ရတနာပုံတက္ကသိုလ်က ပါမောက္ခကိုဖိတ်ပြီးတော့ လုပ်သွားဖို့လည်းရှိတယ်”ဟု ပြည်နယ်စစ် ကောင်စီအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်ကပြောသည်။
ယနေ့အချိန်ခါ ရခိုင်ပြည်၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အမှောင်ခေတ်ကို ဆိုက်ရောက်နေပြီး စိုက်ပျိုးရေးကဏ္ဍကို မတည့်မတ်နိုင်ပါက ပြည်တွင်းရိက္ခာပြဿနာများ ဖြစ်လာနိုင်သည်ဟုပြောဆိုလာသူမှာ ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(REIC)ဒု-ဥက္ကဌ ဦးခင်မောင်ကြီးပင်ဖြစ်သည်။
“ကျွန်တော်ပြောချင်တာက ရခိုင်ပြည် စိုက်ပျိုးရေးရှင်သန်လာဖို့ ကိုယ့်ပြည်ထဲမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေကို အများကြီး မြေတောင်မြှောက်ပြီးလုပ်ရမယ်”ဟု ဦးခင်မောင်ကြီးကဆိုသည်။
လယ်သမားတို့အတွက် အကျိုးစီးပွားမြင့်မားလာစေရန် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် ဈေးကွက်အာမခံချက်များ လုပ်ပေးသင့်သည်ဟုလည်း ဦးခင်မောင်ကြီးက ထောက်ပြသည်။
“ခေတ်ကာလ ဘယ်လောက်ပဲပြောင်းပြောင်း ကျွန်တော်တို့လယ်သမားဘဝက ကြီးပွားချမ်းသာလာတယ်လို့ကို မရှိဘူး”ဟု လယ်သမားတို့၏ဘဝကို ဦးအေးသာအောင်က ခံပြင်းနေတော့သည်။
အောင်ထိန် - ရေးသည်။