- တောင်ကုတ်ဒေသခံ ပရဟိတသမားကို စစ်ကောင်စီသတ်ဖြတ်
- ရခိုင်တိုက်ပွဲတစ်နှစ်အတွင်း အရပ်သား ၁,၆၀၀ ကျော် ထိခိုက်သေဆုံး၊ ကလေးသူငယ်နှင့် အမျိုးသမီး ၈၀၀ ကျော် ပါဝင်
- AA ထိုးစစ် အမ်းမြို့တွင်းအထိ ထိုးဖောက်လာ
- စစ်ကောင်စီက စစ်တွေမြို့တွင်းခံတပ် တိုးချဲ့ပြင်ဆင်
- တစ်နိုင်ငံလုံး အတိုင်းအတာအရ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု မြင့်တက်
တိုနီ သို့ ပေးစာ
အစ်ကို့ဆီမှာ ‘ဂျက်’ ကို မကြောက်တတ်ဆုံး အချိန် တစ်ချိန်တော့ ရှိတယ်။ အဲသည်အချိန်က ‘ခွဲစိပ်ခန်း’ ထဲမှာ လူနာတွေကို ခွဲစိပ်နေတဲ့ အချိန်ပါပဲ။ ခွဲစိပ်ခန်းထဲမှာ ခွဲစိပ်နေတဲ့ အချိန်တိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းက ပေးတဲ့ ဖိအား(ငါတို့ နိုင်သလောက် မခွဲဘူးဆိုရင် လူနာတွေဟာ သေရတော့မယ် ဆိုတဲ့ အသိတရား)က ‘ဂျက်’ က ပေးတဲ့ အကြောက်တရားထက် ပိုပြီး မလွန်ဆန်နိုင်တဲ့ အကြောက်တရားကြောင့်လို့ ထင်ပါရဲ့။
06 Nov 2024
သို့/
တိုနီ
ဧပြီ၊ ပထမပတ်၊ ၂၀၂၄ ခုနှစ်၊
ခင်မင်ရတဲ့ တိုနီ ရယ်။ ညီလေး နေကောင်းရဲ့လား။ အစ်ကိုလည်း နေကောင်းပါတယ်။ သို့ပေမဲ့ ဒီက ဗန်းစကားနဲ့ဆိုရင်တော့ ‘အရှင်သေး’ ပေါ့ တိုနီ။ ‘အရှင်သေး’ ဆိုတဲ့ ဗန်းစကားကို တိုနီ သိဦးမယ် မထင်။
ဒီမှာက ခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်း အချင်းချင်း နှုတ်ဆက်ဖြစ်ရင် ‘အရှင်သေး။ အရှင်ထပ်တွေ့ကြမယ်’ ဆိုပြီး နှုတ်ဆက် ဖြစ်နေကြပါပြီ။ ဒါကြောင့် ‘အရှင်သေး။ အရှင်တွေ့ကြမယ်’ ဆိုပြီး တိုနီကို နှုတ်ဆက်လိုက်တာပါ။
အဲသည် ဗန်းစကားက စစ်ပွဲတွေပြီးတဲ့ အချိန်၊ နောင် မျိုးဆက်သစ်တွေကို ‘ပုံပြင်’ ထဲ ထည့်ပြောရမဲ့ ‘ဝေါဟာရ’ ထဲက တစ်လုံး ဆိုရင် မမှားဘူး ထင်ပါရဲ့။ ဒီစကားလုံး နောက်ကွယ်က အကြောင်းအရင်းကတော့ ဒီမှာရှိနေတဲ့ လူတိုင်းအတွက် ‘အချိန်တိုင်း၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း’ ဟာ အသက် သေဆုံးသွားနိုင်တဲ့ အချိန်တွေ ဖြစ်နေလို့ပါပဲ တိုနီ။
အဓိကတော့ခါ ‘ဂျက်’ ပဲပေါ့၊ တိုနီ။ ‘ဂျက်’ လို့ဆိုလိုက်တာနဲ့ ‘တိုင်တင်းနစ်ဇာတ်ကား’ ထဲက ဇာတ်ဆောင် ကိတ်ဝင်းစလတ်က သူမရဲ့ ချစ်သူ ဒီကာဖရီယိုကို ‘အမြတ်တနိုး’နဲ့ ခေါ်တဲ့ ‘ဂျက်’ တော့ မဟုတ်ပါဘူး။ အခုက ဂျေအီးတီ- ‘Jet’ ပါ။ ‘လူတိုင်းဟာ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်တယ်’ ဆိုတဲ့ အကြောက်တရားကို ဖြစ်ထွန်းစေတဲ့ ‘ဂျက်’ ပေါ့ တိုနီ။
အစ်ကို ဆိုရင် သိပ်ပြီး ကြောက်တာ။
သို့ပေမဲ့ အစ်ကို့ဆီမှာ ‘ဂျက်’ ကို မကြောက်တတ်ဆုံး အချိန် တစ်ချိန်တော့ ရှိတယ်။ အဲသည်အချိန်က ‘ခွဲစိပ်ခန်း’ ထဲမှာ လူနာတွေကို ခွဲစိပ်နေတဲ့ အချိန်ပါပဲ။ ခွဲစိပ်ခန်းထဲမှာ ခွဲစိပ်နေတဲ့ အချိန်တိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းက ပေးတဲ့ ဖိအား(ငါတို့ နိုင်သလောက် မခွဲဘူးဆိုရင် လူနာတွေဟာ သေရတော့မယ် ဆိုတဲ့ အသိတရား)က ‘ဂျက်’ က ပေးတဲ့ အကြောက်တရားထက် ပိုပြီး မလွန်ဆန်နိုင်တဲ့ အကြောက်တရားကြောင့်လို့ ထင်ပါရဲ့။
အစ်ကိုလိုပဲ ‘ဂျက်’ ကို မကြောက်တဲ့ အချိန်ရှိသလို ဒိပြင်လူတိုင်းဟာလည်း ‘ဂျက်’ ကို အချိန်တိုင်း ကြောက်စိတ်တွေ ဝင်နေတာတော့ မဟုတ်ဘူး တိုနီ။ နေ့စဥ် ဝမ်းတထွာအတွက် လူတန်စား၊ အလွှာလိုက် နေ့တိုင်း အလုပ်လုပ်နေကြရတာပါပဲ။ မနက်အစောကြီး ခေါင်းရွတ်ဗျစ်ထိုးပြီး မုန့်ရောင်းတဲ့လူ ရောင်း၊ နေ့လည်ခင်း မုန့်လက်ဆောင်း ရောင်းသူတဲ့က ရောင်း၊ ညနေပိုင်း စားသောက်ဆိုင်ဖွင့်တဲ့ လူက ဖွင့်၊ ဆိပ်ကမ်းမှာ ကုန်ချတဲ့ လူက ချ၊ ထမ်းတဲ့ လူက ထမ်း၊ နေပူကြဲကြဲလမ်းမပေါ်မှာ ဆိုက္ကားမောင်းသူက မောင်း၊ ဘေးတွဲဆိုင်ကယ် မောင်းတဲ့ သူက မောင်း၊ ဘဝတွေကို ‘စစ်ပွဲတွေကြား’ မှာ ‘စစ်ပွဲမရှိ’ သလိုမျိုး ဖြတ်ကျော်နေကြတာပါ။ တိုနီ။
ဒါကလည်း ‘ဂျေအီးတီ’ ထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ဝမ်းတခါးအတွက် လှုပ်ရှားရုန်းကန်ရမှု၊ အသက် ဆက်ရှင်သန်မှုတွေကြောင့် ဆိုရင် မမှားဘူး၊ တိုနီ။ လွတ်မြောက်နယ်မြေတွေမှာ နေထိုင်ကြရတဲ့ ပြည်သူတိုင်းရဲ့ ‘သေတဲ့ အချိန် သေလိုက်တော့၊ သေရင်သေပါစေတော့’ ဆိုတဲ့ တော်လှန်ရေးသတ္တိလို့ပဲ ဆိုရမယ် ထင်တယ် တိုနီ။
ဘာပဲပြောပြော ဒီလောက် ပြောဆိုနိုင်တာဟာ အခု မင်းရဲ့အစ်ကိုက ‘ရှင်နေသေးလို့ ပြောဆိုနေတာပေါ့၊ တိုနီ’။ ဟား....ဟား။ ဟုတ်တယ် မလား။
ဒါပေမဲ့လည်း တခါတခါ ဟာကျူလီ(Hercules) ဇာတ်ကားထဲက စစ်သူရဲကောင်း Amphiaraus ကို သွားအမှတ်ရမိတယ်။ Amphiaraus ဟာ တိုက်ပွဲထဲမှာ ရှေ့တန်းကနေ မတ်တပ်ရပ်ပြီး၊ ထောင်နဲ့ချီတဲ့ ရန်သူ့မြှားချက်တွေအောက်မှာ လက်ကလေးကို ကားပြီး၊ သူ့ဆီမှာ ကျမှာလားလို့ မျက်လုံးကလေးကို မှေးပြီး နေကြည့်တယ်။ ကျပါစေ လို့လည်း ဆုတောင်းနေတယ်။
‘သူ့ခန္ဓာမှာ မထိဘူးဆိုရင် ငါ ဒီနေ့လုံးဝ မသေတော့ဘူး’ ဆိုတဲ့ ‘မကြောက်တရား’ အသိကြောင့် ရန်သူကို ရင်ဆိုင်ဖို့ သတ္တိတွေ၊ ယုံကြည်မှုတွေ ပိုများလာတဲ့ ဇာတ်ကွက်ကို မြင်ယောင်လာမိတယ်။
အစ်ကိုလည်း အဲသလိုမျိုး အတွေးခံစားချက်တွေနဲ့ တခါတရံ တွေးကြည့်နေမိတယ်။ ဒါပေမဲ့ အစ်ကိုက တော်လှန်ရေးသမားမှ မဟုတ်တာ။ အရပ်သားပြည်သူတွေကို ကုသပေးရတဲ့ သာမန် အရပ်သား ဆရာဝန် တစ်ယောက်မျှသာ။ အသက်ပေးပြီး တိုက်ပွဲဝင်လောက်တဲ့ တော်လှန်ရေး ဇွဲသတ္တိတွေ ရှိမှ မနေတာပဲလေ။ သူတို့လောက်လည်း ဗျာပျသတ္တိမရှိဘူးလေ။ အစ်ကို့မှာ ရန်သူနဲ့ တိုက်ရတဲ့ တိုက်ပွဲလို့လည်း ရှိမှ မရှိတာ။
အစ်ကိုအတွက်တော့ ‘ခွဲစိပ်ခန်းထဲမှာ လူနာကို ခွဲစိပ်နေတဲ့ အချိန်သာလျှင် တကယ့်တိုက်ပွဲပါ၊ တိုနီ။
တလောကပဲ ‘ဂျေအီးတီ’ ဟာ နေ့လည်ဘက်ကြီး လာပစ်သွားတယ်။ အစ်ကို ရှိတဲ့ နေရာနဲ့ သိပ်မဝေးတဲ့ လမ်းမဘေးပေါ်မှာ ပေါက်ကွဲသွားခဲ့တယ်။ အပြစ်မဲ့ လူနှစ်ယောက် သေပြီး၊ ဒဏ်ရာ ရသူ ဆယ်ဦးလောက် ရှိခဲ့တယ်။ ‘ဂျေအီးတီ’ လာသွားပြီဆိုရင် ‘အစ်ကိုတို့အတွက်တော့ အဲသည်နေ့ဟာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနေရတဲ့ နေ့တနေ့ ဆိုတာ သေချာသွားပြီးပေါ့ တိုနီ။ သွေးတွေ အလူးလူးနဲ့ ဒဏ်ရာရ ပြည်သူတွေ၊ ခြေပြတ်လက်ပြတ်နဲ့ သွေးထွက်နေတဲ့ လူနာတွေ၊ မြင်မကောင်းတဲ့ ဗိုက်ဖောက် ဒဏ်ရာတွေနဲ့ လူနာတွေအတွက် အစ်ကိုတို့ အသင့်အနေအထား စောင့်ကြိုနေရတဲ့ နေ့တနေ့ဆိုတာ သေချာသွားပြီးပေါ့ တိုနီ။ ‘ဂျေအီးတီ’ ကို ကြောက်လန့်ပေမဲ့ ရှောင်လွဲလို့ မရပါဘူး။ ဒဏ်ရာအနာတရနဲ့ လူနာတွေရဲ့ အသက်ကို နပန်းလုံးရတဲ့ သတ္တိတွေ ပြည့်နေတဲ့ နေ့တနေ့ပေါ့ တိုနီ။
တဖက်မှာလည်း တိုနီ ပြောသလို မင်းရဲ့အစ်ကိုဟာ ‘အီမိုသျှန်နေ’ သမားလေ။ မရပါဘူး။ အကြောက်တရားက လိမ့်ပြီး တက်လာတော့တာပါပဲ။
‘ဂျေအီးတီ’ ကို ကြောက်တဲ့ အထဲမှာ အစ်ကို တယောက်တည်းလား ဆိုတော့၊ မဟုတ်ပါဘူး။ အားလုံးမှာ ‘ဂျက်ကြောက်ရောဂါ’ က အနည်းနဲ့အများတော့ ခံစားကြုံတွေရတာ ချည်းပါပဲ။(ဒီကာလ၊ ဒီအချိန်ဟာ လူ့အသက်တွေကို ‘ဂျေအီးတီ’ နန့် စမ်းသပ်လို့ရတဲ့ ကာလလို့ အရပ်ထဲ ပြောနေကြတာ မှန်တယ်လို့ ထင်လာမိတယ်၊ တိုနီ။) တကယ်လည်း ‘ဂျေအီးတီ’ ရဲ့ အသံက ဧရာမ ကြောက်စရာကောင်းပါတယ်။ အင်မတန် ကြောက်စရာကောင်းတဲ့ မိစ္ဆာတကောင်လို အသံတွေ မြည်ဟိန်းပါတယ်။ အဲသည် မိစ္ဆာရဲ့ စူးခနဲ အော်မြည်သံကို (၅) မိုင် ပတ်လည်လောက်ကနေ နားထဲ ဟိန်းပါအောင် ကြားရပါရဲ့။ သူ့ဆီက အံချလိုက်တဲ့ ပေါင် ၅၀၀ (ဗုံး)ရဲ့တုန်ခါမှုကို ၅ မိုင် ပတ်လည်က ခံစားရပါရဲ့။(နောက် ဒေသအခေါ် ‘ချပိုး’ ဆိုတဲ့ အကောင်တစ်ကောင် ရှိသေးတယ်။ အဲသည် ‘ချပိုး’ က တဝီဝီ၊ တရုန်းရုန်း၊ တညီးညီးနဲ့ မြည်တယ်။ သူက ပိုလို့တောင်ကြောက်ရတယ်။ နောက်မှ ‘ချပိုး’ အကြောင်းကို ပြောပြပါမယ်။ ချပိုး ဟာ Y12 လေယာဥ်ကို ခေါ်တဲ့ ဒေသအခေါ်၊ နာမည်ပြောင်)
တခါကဆိုရင် အစ်ကိုနဲ့ သိပ်မဝေးတဲ့ အနီးအနားမှာ ကျခဲ့တယ် တိုနီ။ လှိုင်းအရှိန်ကိုတောင် ခန္ဓာကိုယ်မှာ ရှိုက်ခနဲ့ ခံစားလိုက်ပါတယ်၊ တိုနီ။ ညဖက် အိပ်မက်ထဲမှာ ‘ဂျေအီးတီ’ ဟာ အစ်ကို့နောက်ကနေ လိုက်ပစ်နေတယ်။ တင်နဲ့ဖဝါးကပ်ပါအောင် ပြေးရတယ်။ နောက်ဆုံး ချွေးတတီးတီး စီးကျပြီး၊ လန့်နိုးလာမှ ငါဟာ ‘ဂျေအီးတီ’ ပစ်လို့ မသေသေး ဆိုပြီး၊ သက်ပြင်းချရတယ် - တိုနီ။
***
သို့ပေမဲ့ ‘ဂျေအီးတီ’ ထက် ပိုပြီး ခါးသက်တဲ့၊ ပိုပြီး ကြောက်စရာကောင်းတဲ့ အမှန်တရား တစ်ခုရှိသေးတယ် တိုနီ။ အဲဒါက ဆေးဝါး မရှိလို့၊ ဆေးဝါး မပြည့်စုံလို့၊ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ကုသခွင့်မရလို့ အသက်ဆုံးရှုံးနေကြရတဲ့ သာမန်အာရက္ခပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးပါ။ ‘ဂျေအီးတီ’ မိစ္ဆာလုပ်ရပ်ထက် ပိုပြီး အသေများတယ်လို့ပဲ နာကျင်စွာနဲ့ ခံစားမိပါရဲ့။ အဓိက ‘ဆရာဝန်တွေ’ ဆိုတဲ့ အရာဝတ္ထု မရှိလို့ အသက်ဆုံးရှုံးနေကြရတယ် ဆိုရင် ပိုပြီး မှန်ကန်ပါလိမ့်မယ်။ ဆေးဝါးတွေကို ရှာဖွေရရှိနိုင်တယ်။ တွေ့ရှိနိုင်တယ်။ မှောင်ခိုလမ်းကြောင်း၊ နယ်စပ် လမ်းကြောင်းတွေက တဆင့်၊ ခက်ခက်ခဲခဲ အသက်နဲ့ ရင်းပြီး ယူဆောင်လို့ရပေမဲ့ ‘ဆရာဝန်တွေကို မှောင်ခို လမ်းကြောင်း’ က ရှာ မရဘူးလေ၊ တိုနီ။
ဗမာပြည်မာ ရခိုင်လူမျိုး ဆရာဝန် ၄၀၀ လောက်ရှိတယ်လို့ ပြောကြတယ်။ အဲသည်ထဲမှာ ‘ကလေး၊ အထွေထွေ၊ ခွဲစိပ်၊ သားဖွားမီးယပ်၊ အရိုး၊ မေ့ဆေး’ တစ်ခုစီက ဆရာဝန်(၂) ယောက်လောက် ရလိုက်ယင်တောင် အာရက္ခပြည်သူ(၂.၅)သန်းအတွက် ‘ကျန်းမာရေးစောင့်ရှောက်မှု’ ကို ကောင်းကောင်းကြီး လုပ်လို့ရတယ်လို့ ယုံကြည်တယ်။ အခုတော့ အဲသလိုမျိုး ဆရာဝန် တယောက် တလေမျှ မရှိတာက အစ်ကိုတို့၊ တိုနီတို့ အာရက္ခပြည်သူတွေ အတွက်တော့ ‘သေမိန့်အထပ်ထပ်’ ကျနေတဲ့ အချိန် ဆိုရင် မမှားဘူလို့ ထင်တယ် တိုနီ။
ဟိုတလောကဆို ဟန်တာပင်လယ်အော်ကို မှေးတင်ထားတဲ့ ကျွန်းတကျွန်းမှာ တည်ရှိတဲ့ ရွာတရွာက မိန်းကလေး တစ်ဦးဟာ ဆေးခန်းလေး တချက်ပြဖို့(တနည်းအားဖြင့် ဆရာဝန်တယောက်ဆီမှာ ကုသမှုခံချင်လို့) မိုင်ပေါင်း(၁၀၀)နီးပါးကို ကုန်းတတန်၊ ရေတတန် လာခဲ့ရတယ်၊ တိုနီ။ မိုးလင်းအာရုဏ်မတိုင်မိ မနက် ၃ နာရီလောက်ပင် ဟွန်ဒါစက်တပ် လှေအသေးကလေး တစ်စီးနဲ့ မြစ်ဝ၊ မြစ်လယ်၊ မြစ်ဖျား အတိုင်း ဆန်တက် ခုတ်မောင်းလာခဲ့တာ ညနေ(၅)နာရီလောက်မှ ဆရာဝန်ရှိတဲ့ နေရာကို ရောက်လာခဲ့တယ်။ ရွာက အထွက် မြစ်ပြင်ကျယ်ကို ဖြတ်နေတဲ့အချိန် ရုတ်တရက်တိုက်ခတ်လိုက်တဲ့ လေအရှိန်ကြောင်း လှိုင်းကြမ်း၊ လေရိုင်းတွေအောက်မှာ စက်လှေမှောက်ပြီး သေလုနီးပါး ဖြစ်ခဲ့တယ်တဲ့ တိုနီ။ တချို့လူနာတွေဆို ဘုတ်တစ်စီးကို ဆယ်သိန်းလောက် ပေးငှားပြီး၊ (၂) ည အိပ်လောက် ခရီးကို နှင်ကြရတာပါ။
သည်အတွက် ‘M.B, B.S ဘွဲ့ရ ဆရာဝန် တစ်ယောက်နဲ့ ပြသကုသခွင့်ရဖို့ ရာချီတဲ့ မိုင်ခရီးကြမ်းကို နှင်နေကြရတဲ့ အာရက္ခလူနာခရီးသည်တွေ’ လို့ နာမည်တပ်ခေါ်ရင် မမှားဘူး ထင်တယ်၊ တိုနီ။ မွေးဖွားခါနီး ကိုယ်ဝန်ဆောင် မိခင်တွေဆို ‘အမ်ဘီဘီအစ် ဘွဲ့ရ ဆရာဝန်တွေ’ ရှိတဲ့ နေရာ၊ ရှိမဲ့ နေရာတွေကို အပူတပြင်း လိုက်ရှာနေရတဲ့ ဒုက္ခဟာ ‘မိခင်သေနှုန်း အမြင့်မားဆုံး ရခိုင်ပြည်ထဲက မိခင်သေနှုန်းလျော့ချရေး ဆောင်ပုဒ်’ ကို ဟားတိုက် ရယ်မောနေသလိုပါပဲ၊ တိုနီရယ်။ သူတို့အတွက် လုံလုံခြုံခြုံနဲ့ မွေးဖွားပေးနိုင်မဲ့ ဆရာဝန်တွေ အနီးအနားမှာ ရှိမနေဘူး၊ ရှိမနေတော့ဘူးဆိုတဲ့ ‘မလုံခြုံတဲ့စိတ်ဒဏ်ရာ’ က ကိုယ်ဝန်ဆောင်မိခင်တွေ မီးဖွားကာလမှာ ခံစားနေရတဲ့ ခြောက်ချားစရာ ဝေဒနာကြီး တစ်ခုဆိုရင် မမှားဘူး၊ တိုနီ။ ကံကောင်းတာက အခုထိ မမွေးဖွားနိုင်လို့ အသက်ဆုံးရှုံးသွားတဲ့ ကိုယ်ဝန်ဆောင် မိခင် တယောက်တလေမျှ မရှိသေးဘူးလို့ ဆိုရပါမယ်။ ရှိနေတဲ့ အရပ်လက်သည်၊ ရှိတဲ့ သားဖွားဆရာမ၊ ရှိနေတဲ့ ဆရာဝန်လောက်နဲ့ ရှိတဲ့နေရာတွေမှာ ချောချောချူချူ အန္တရာယ်ကင်းကင်းနဲ့ မွေးဖွားနိုင်ကြတာဟာ အနာဂတ် အာရက္ခပြည်ကြီးမှာ ရှင်သန်ကြီးပြင်းကြမဲ့ သားကလေး၊ သမီးလေးတွေ အတွက် ဘုရားသခင်က ကာကွယ်ပေးနေသလားလို့တောင် ပြောလိုက်ချင်ပါရဲ့၊ တိုနီ။
အရိုးကျိုးလူနာတွေက ရှိမနေတဲ့ အရိုးအထူးကု ဆရာဝန်တွေကို လိုက်ရှာနေကြတယ်၊ ကလေးလူနာတွေအတွက် မိဘတွေက ရှိမနေတဲ့ ကလေးအထူးကုဆရာဝန်ကို လိုက်ရှာနေကြတယ်။ ခွဲစိပ်ခံရမဲ့ လူနာတွေဟာလည်း ပျောက်သွား ခွဲစိပ်အထူးကု ဆရာဝန်တွေကို လိုက်ရှာနေကြလေရဲ့ တိုနီ။
အခုလပိုင်းဆိုရင် သက်ကြီးပိုင်းတွေ၊ နာတာရှည်ရောဂါ အခံနဲ့ ဆေးတွေ မပြတ်တမ်း သောက်နေကြရတဲ့ လူနာတွေ တော်တော်များများ အသက်ဆုံးရှုံးသွားကြတယ် တိုနီ။ တချို့က ဆေးဝါး လုံးဝ ပြတ်လတ်သွားလို့၊ တချို့က စိတ်ကို လွှတ်ပေးလိုက်ကြလို့၊ တချို့က အနာဂတ်တွေ ပျောက်သွားပြီး၊ ဘဝတွေ ဆုံးရှုံးသွားပြီလို့ စိတ်ဓါတ် ယုံကြည်မှုတွေကို လွှတ်ချပစ်ကြလို့၊ အနာဂတ် အာရက္ခပြည်ကြီးကို မမြင်လိုက်ရဘဲ လောကကြီးက ထွက်ခွာသွားကြလေရဲ့ တိုနီ။
အိုးပစ်၊ အိမ်ပစ်ပြီး၊ မြို့တွေ ရွာတွေက စစ်ဘေးရှောင်ဖို့ ထွက်ခွာလာခဲ့တဲ့ အချိန်၊ လူ(၁၀၀) ထွက်လာခဲ့ရင်၊ နဂို နေရာကို ပြန်ဝင်ခွင့်ရတဲ့ အချိန် လူ(၇၀) ပါရင်တောင်၊ ကံကောင်းတယ်လို့တော့ ပြောနေကြရဲ့၊ တိုနီ။
***
အခုလို ဖြစ်ရတာဟာ တစိတ်တပိုင်း အားဖြင့် စစ်ပွဲအောင်နိုင်မှု နောက်ကွယ်မှာ ‘အာရက္ခ ကျန်းမာရေး ကဏ္ဍအတွက် အာရက္ခပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို လုပ်ဆောင်ရမဲ့၊ လုပ်ဆောင်သင့်တဲ့ ‘ဆရာဝန် လူတန်းစား’ တွေ အဆင်သင့် မလိုက်ပါ၊ အရံအသင့် မရှိခဲ့လို့ အာရက္ခပြည်သူတွေဟာ ပိုပြီး၊ အဖိတ်အစင်များတယ်လို့ပဲ ရင်နာနာနဲ့ ပြောရင် မှန်မယ် ထင်တယ်၊ တိုနီ။
အခုအချိန်က အထူးကုဆရာဝန် အဆင့်ကို ထားလိုက်တော့၊ MBBS ဘွဲ့ရ ရိုးရိုး ဆရာဝန်အဆင့်နဲ့တင် နွေးထွေးမှု၊ စိတ်လုံခြုံမှု၊ ယုံကြည်မှုတွေကို အာရက္ခပြည်သူတွေ ခံစားနေရတဲ့ ကာလာပါ တိုနီ။
***
ဒီလောက်နဲ့ စာကို ရပ်ခွင့်ပြုပါ တိုနီ။ စကားမစပ်၊ အစ်ကို့ကို ခေါ်ထားတဲ့ တိုနီရဲ့ missed call တွေကို တွေ့ပါတယ်။ တွေ့တယ်ဆိုတာထက် အစ်ကို နေရာတခုကို သွားတဲ့အခိုက် တောင်ကုန်းတစ်ခုကို ဖြတ်တဲ့ အချိန်၊ အဲသည် အနီးအနားမှာ ဖုန်းလှိုင်းရလို့ ထင်ပါရဲ့။ အစ်ကို့ဖုန်းထဲကို သူ့အလိုလို ဝင်နေခဲ့တာ။ ပြန်လာတော့ အဲသည် တောင်ကုန်းကို ဖြတ်ဖြစ်ခဲ့ပေမဲ့ ဖုန်းပြန်ခေါ်လို့ရအောင်အထိ လှိုင်းမကောင်းလို့ မခေါ်ဖြစ်ခဲ့တော့။
ဖုန်းလှိုင်းမရတော့(ဖုန်းလှိုင်းတွေ ပိတ်ခံထားတော့)၊ အားရင် စာရေးထားပြီး၊ တိုနီဆီကို စာတွေ ထပ်ပို့ပေးထားပါမယ်။
ဂါရဝဖြင့်
တိုနီရဲ့ အစ်ကို
ရက္ခစော
(အာရက္ခပြည် တစ်နေရာ)