တိုင်းရင်းသားပါတီတွေ ဘာကိုမျှော်လင့်ပြီး ရွေးကောက်ပွဲဝင်ကြသလဲ

၂၀၀၈ အခြေခံဥပဒေ၏ မြန်မာ့နိုင်ငံရေးပေးထားချက်များအရ တိုင်းရင်းသားဒေသများတွင် လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး ဟူသော စဉ်းစားချက်သည် နိုင်ငံရေးပဓနအယူအဆပေါ်တွင် အခြေတည်ပြီး၊ တိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရဖွဲ့နိုင်သည့် ပါတီကြီးများ၏ ဗဟိုအခြေပြု ဖွံဖြိုးရေးစီမံချက်များ၏ အစွန်းထွက်တန်ဖိုးတစ်ခုမျှအဖြစ်သာ...

09 Sep 2020

ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်အစိုးရဖွဲ့ခွင့်ရရှိရေးအတွက် စစ်တွေမြို့တွင် ၂၀၁၆ ခုနှစ်၊ မတ်လအတွင်းက ဆန္ဒဖော်ထုတ်ခဲ့ကြစဉ်။

By ကျော်ထက်အောင် | DMG

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများကို အများအပြားတွေ့ရပြီဖြစ်သည်။ အထူးသဖြင့် တစ်နိုင်ငံလုံးကိုလွှမ်းခြုံပြီး ရွေးကောက်ပွဲဝင် မဲဆွယ်စည်းရုံးသည့် ပါတီကြီးများ၏ မဲဆွယ်စည်းရုံးမှုနှင့် ဒေသနှင့်လူမျိုးအခြေပြု ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားပါတီများ၏ မဲဆွယ်စည်းရုံးမှုများတွင် ကွာဟချက်များကိုလည်း သိသာထင်ရှားစွာ တွေ့ရှိနိုင်ပါသည်။

တိုင်းရင်းသားဒေသများတွင် အများဆုံးယှဉ်ပြိုင်ကြမည့် တိုင်းရင်းသားနိုင်ငံရေးပါတီများအနေဖြင့် ဒေသနှင့်လူမျိုးများ၏ နိုင်ငံရေးဆိုင်ရာ မကျေလည်မှုများကိုအခြေခံသည့် သရုပ်သကန်(Identity) နှင့် နိုင်ငံရေးရပိုင်ခွင့် (Political Right)များကို အများဆုံးအခြေပြု မဲဆွယ်စည်းရုံးကြပြီး တစ်နိုင်ငံလုံးကိုလွှမ်းခြုံကာ အစိုးရဖွဲ့နိုင်သည်အထိ မျှော်မှန်းချက်ရှိသည့် ပါတီကြီးများအနေဖြင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရှင်သန်ကြီးထွားရေး (အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင်)၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသားပြန်လည်သ့င်မြတ်ရေး အစရှိသည့် ခေါင်းစဉ်များအောက်မှ မဲဆွယ်စည်းရုံးကြပါသည်။

၂၀၀၈ အခြေခံဥပဒေ၏ မြန်မာ့နိုင်ငံရေးပေးထားချက်များအရ တိုင်းရင်းသားဒေသများတွင် လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး ဟူသော စဉ်းစားချက်သည် နိုင်ငံရေးပဓနအယူအဆပေါ်တွင် အခြေတည်ပြီး၊ တိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရဖွဲ့နိုင်သည့် ပါတီကြီးများ၏ ဗဟိုအခြေပြု ဖွံဖြိုးရေးစီမံချက်များ၏ အစွန်းထွက်တန်ဖိုးတစ်ခုမျှအဖြစ်သာ မျှော်လင့်နိုင်ဟန်ရှိပါသည်။

အဆိုပါ အစွန်းထွက်တန်ဖိုးဆိုသည်မှာ တိုင်းရင်းသားဒေသများနှင့် ပြည်ထောင်စုအကြား ဘတ်ဂျက်ခွဲဝေရေး၊ အရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲနိုင်ခြင်းတို့နှင့် ပတ်သက်ပြီး နိုင်ငံရေးအရ လုပ်ဆောင်ပိုင်ခွင့် ကွာဟချက်တို့ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ၏ အခြေခံစဉ်းစားချက်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲဖြင့် ပေါ်ပေါက်လာမည့် အစိုးရအပေါ် နိုင်ငံရေးအရ တစ်စုံတစ်ရာဖိအားပေးနိုင်ရေးနှင့် ကိုယ်စားပြုဒေသ(သို့) လူမျိုးများ၏ အကျိုးစီးပွားလိုလားချက်ကို တင်ပြနိုင်ရေးသည် အကြီးမားဆုံးအောင်မြင်မှုဟု မှတ်ယူနိုင်မည် ဖြစ်သည်။

သို့သော် အဆိုပါယူဆချက်သည် တိုင်းရင်းသားဒေသတစ်ခု(သို့) လူမျိုးတစ်မျိုးမှ ကိုယ်စားလှယ်(သို့) ပါတီတစ်ခုတည်း ဖိအားပေးရုံမျှဖြင့် ရရှိနိုင်သည့် ရလဒ်မဟုတ်သည်ကို ၂၀၁၅ မှ ယနေ့အထိ ရခိုင်နှင့် ရှမ်းပြည်နယ်မှ နိုင်ငံရေးအခင်းအကျင်းက သက်သေပြခဲ့ပြီဖြစ်သည်။ ဆိုလိုသည်မှာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်ကိုယ်စားပြုနှင့် ရှမ်းကိုယ်စားပြု ပါတီများအများစု အနိုင်ရခဲ့သော်လည်း မျှော်လင့်ထားသကဲသို့ ဖြစ်မလာခဲ့သည်ကို ရည်ညွှန်းခြင်းဖြစ်သည်။ သို့သော် မျှော်လင့်စရာ တစ်ခုအဖြစ် ၂၀၂၀ နှင့် ၂၀၂၅ အထိ နိုင်ငံရေးအခင်းအကျင်းတွင် တိုင်းရင်းသားဒေသအားလုံးမှ ကိုယ်စားပြုသည့် လွှတ်တော်နေရာများကို တိုင်းရင်းသားဒေသအလျှောက် ကိုယ်စားပြုသည့် တိုင်းရင်းသားပါတီများမှ အနိုင်ရရှိပါက စုပေါင်းအင်အားဖြင့် နိုင်ငံရေးအရဖိအားပေးပြီး လိုလားချက်များကို ရယူနိုင်ခြင်းဟု စဉ်းစားထားကြဟန်တူပါသည်။ သို့သော် မတူညီသည့် နောက်ခံအကြောင်းတရားများနှင့် ပြည့်နှက်နေသည့် တိုင်းရင်းသားဒေသများမှ ကိုယ်စားပြုနိုင်ငံရေးပါတီများအကြားတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ သက်ဆိုင်ရာအကြောင်းအရာအလိုက် ဘုံသဘောတူညီမှုအဖြစ် ရရှိနိုင်ရန် ခက်ခဲမည်ကိုလည်း ကြိုတင် တွေးဆထားသင့်ပါသည်။

ထို့အပြင် တိုင်းရင်းသားပါတီးများအကြား စစ်မှန်သော မဟာမိတ်ဖွဲ့မှုသည် နိုင်ငံရေး၊ စီးပွားရေး အယူအဆပေါ်တွင် အခြေတည်ပြီး ဖွဲ့စည်းမည်လော၊ သို့တည်းမဟုတ် အကျိုးစီးပွားများအပေါ်တွင် အခြေတည်ပြီး ဖွဲ့စည်းမည်လော ဟူသည်မှာလည်း တိုင်းရင်းသားပါတီများအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲပင်ဖြစ်သည်။

သို့သော် ပါတီကြီးများအနေဖြင့် စဉ်းစားချက်မှာ အစိုးရဖွဲ့နိုင်ရေးသည် အဓိကဖြစ်ပြီး ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံရေးပြဿနာဆိုသည်ထက် အင်စတီကျူးရှင်းနှင့် နည်းပညာပြဿနာအဖြစ်သာ ရှုမြင့်ထားဟန်တူပါသည်။ ထို့အပြင် အာဏာရပါတီအနေဖြင့် မရှင်းလင်းသည့် နိုင်ငံရေးဘောဂဗေဒဆိုင်ရာ အခြေအနေ (Complex Political Economy Content) အောက်တွင် လုပ်ဆောင်ရခြင်း၊ အခြေခံဥပဒေဆိုင်ရာ ကန့်သတ်ချက်များ ရှိနေခြင်း၊ မတူညီသည့်အဖွဲ့အစည်းများစွာဖြင့် မပြီးဆုံးသေးသည့် လက်နက်ကိုင်ပဋိပက္ခ များဖြင့် လွန်ဆွဲနေခြင်း အစရှိသည့် အကြောင်းအရာများကိုအခြေပြုပြီး နိုင်ငံရေးအရ အလုံးစုံ ချုပ်ကိုင်ထားနိုင်မှုသည်သာ မျှော်မှန်းထားသည့် ပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေး နှင့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရေးကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းတစ်ခုဟု စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါသည်။

သို့သော် သတိပြုရန်လိုအပ်သည်မှာ အဆိုပါ အခင်းအကျင်းသည် နိုင်ငံရေးအရ ဖွံ့ထွားမှု (Political Growth) ဟူသော အခြေအနေတစ်ခုသို့သာ ဦးတည်နိုင်ပြီး အလုံးစုံခြုံငုံသော နိုင်ငံရေးအရဖွံဖြိုးတိုးတက်မှု (Inclusive Political Development) အဖြစ်သို့ ရောက်ရှိနိုင်မည် မဟုတ်ပါ။

ဆိုလိုသည်မှာ တိုင်းရင်းသားပါတီများ၏ မျှော်လင့်ချက်များသည် အာဏာရပါတီတစ်ခု၏ နိုင်ငံရေးအရ သဘောထားကြီးမှုနှင့် ဗဟိုအခြေပြု ဖွံဖြိုးတိုးတက်ရေးစီမံကိန်းများ၏ အစွန်းထွက်တန်ဖိုးတစ်ခု အဖြစ်မျိုးသာ ရှုမြင်သင့်ခြင်းမျိုးမဟုတ်ပါ။ တိုင်းရင်းသားပါတီများနှင့် အာဏာရပါတီအကြား နိုင်ငံရေးအရ ကိုယ်စားပြုမှုကို လေးစားလျှက် တိုင်းရင်းသားပါတီများ၏ သဘောထားများကို လက်ခံခြင်း၊ ညှိနှိုင်းခြင်းဖြင့်သာ ဆောင်ရွက် မှုသည် မျှော်မှန်းသည့် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်း လာရေးအတွက်အထောက်အကူပြုစေ နိုင်မည် ဖြစ်ပါသည်။ တိုင်းရင်းသားပါတီများနှင့် အာဏာရပါတီအကြား မတူညီသည့်သဘောထားများ အပေါ်တွင် အာဏာရပါတီအနေဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အာဏာများကို အသုံးပြုလျှက် ဖိအားပေး အကောင်အထည်ဖော်ရေးသည် နိုင်ငံရေးအရ ဖွံထွားမှုသက်သက်သာ ဖြစ်စေမည်ဖြစ်ပြီး မျှော်ရည်သည့် ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက်မူ အနုတ်လက္ခဏာဆောင်သော လုပ်ဆောင်ချက်များ ဖြစ်စေလိမ့်မည် ဖြစ်သည်။

ကျော်ထက်အောင်
(ကျော်ထက်အောင်သည် ရန်ကုန်အခြေစိုက် နိုင်ငံရေးဘောဂဗေဒဆိုင်ရာ သုတေသီတစ်ဦးဖြစ်ပြီး BNI-Myanmar Peace Monitor ၏ Program Coordinator တစ်ဦးလည်း ဖြစ်ပါသည်။)

ဗီဒီယိုများ