စစ်တွေမြို့စွန်မှာ ကျခဲ့သည့်သွေးစက်များ 

“မင်းတို့ကိုသတ်ချင်လို့ ဟိုးအဝေးကြီးကနေ လေယာဉ်စီးပြီးလာခဲ့တာ။ မင်းတို့က ဘာအကောင်မို့လို့ ငါတို့မသတ်နိုင်ရမှာလဲ။ မင်းတို့အားလုံး ခေါင်းငုံ့ထားကြစမ်း” လက်နက်အပြည့်ဖြင့် စစ်သားတစ်ဦးက လက်ပြန်ကြိုးတုပ်ကာ ဒူးထောက်နေရသော အရပ်သား ၃၀၀ ကျော်ကို တစ်ယောက်ပြီးတစ်ယောက် ခေါင်းကိုသေနတ်ထောက်၍ ကြိမ်းမောင်းနေသည်။ 

By Admin 27 Jun 2024

စစ်တွေမြို့စွန်မှာ ကျခဲ့သည့်သွေးစက်များ 

မျိုးသီရိကျော် ရေးသည်။ 

“မင်းတို့ကိုသတ်ချင်လို့ ဟိုးအဝေးကြီးကနေ လေယာဉ်စီးပြီးလာခဲ့တာ။ မင်းတို့က ဘာအကောင်မို့လို့ ငါတို့မသတ်နိုင်ရမှာလဲ။ မင်းတို့အားလုံး ခေါင်းငုံ့ထားကြစမ်း” 

ဓားမြှောင်၊ တုတ်၊ သေနတ် လက်နက်အပြည့်ဖြင့် စစ်သားတစ်ဦးက လက်ပြန်ကြိုးတုပ်ကာ ဒူးထောက်နေရသော အရပ်သား ၃၀၀ ကျော်ကို တစ်ယောက်ပြီးတစ်ယောက် ခေါင်းကိုသေနတ်ထောက်၍ ကြိမ်းမောင်းနေခြင်း ဖြစ်သည်။ 

၎င်း၏လုပ်ရပ်ကို အနီးရှိစစ်သား ၁၀၀ ကျော်ထဲမှတချို့က ဟားသူက ဟား၊ ပြုံးသူက ပြုံးပြီး ကျေနပ်ဟန်ဖြင့် ကြည့်နေကြသည်။ 

ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာသားများအား အစုလိုက်အပြုံလိုက်မသတ်ဖြတ်မီ ဒေသခံအမျိုးသမီးများ မြင်တွေ့ခဲ့ရသောမြင်ကွင်းဖြစ်သည်။ 

လူသတ်ပွဲဆင်နွှဲခံရသည့် ဗျိုင်းဖြူရွာ

ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့မြောက်ဘက်ရှိ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူကျေးရွာတွင် မင်းဒရားချိတ်၊ အောင်ချမ်းသာ၊ ဆတ်ရိုးကျအရှေ့၊ ဆတ်ရိုးကျအနောက်ဟူ၍ အုပ်စုလေးခုနှင့် အိမ်ခြေတစ်ထောင်ကျော်ရှိသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စောမြရာဇာလင်း ဦးဆောင်သည့် ALP တပ်ဖွဲ့ဝင်များသည် မေလ ၂၉ ရက်တွင် ဗျိုင်းဖြူရွာထဲသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ပြီး တစ်ရွာလုံးကို ပိတ်ဆို့ကာ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ် ကလေးမကျန် လမ်းပေါ်ထွက်ခိုင်းခဲ့သည်။ 

ဒေသခံများကို နေအိမ်ပြင်ပသို့ထွက်ခိုင်းပြီးနောက် ဈေးကွင်းပြင်၊ ရွာလယ်က လက်ဖက်ရည်ဆိုင်၊ သင်္ချိုင်းကုန်းနှင့် အခြေခံစာသင်ကျောင်း စသည့် စုရပ်နေရာအသီးသီးသို့ ပို့ဆောင်ခဲ့သည်။  

ယင်းနောက် အသက် ၁၅ နှစ်မှ ၇၀ အရွယ်အမျိုးသား ၅၀၀ ခန့်ကို အင်္ကျီချွတ်ခိုင်းပြီး အဝတ်စဖြင့် မျက်နှာကိုအုပ်၊ လက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ခိုင်းပြီး နေပူလှန်းထားခဲ့သည်။ ရွာထဲသို့ အာက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုရှိ/မရှိ၊ AAနှင့်ဆက်စပ်မှုရှိ/မရှိကို တစ်ယောက်ချင်းစီ တန်းစီမေးမြန်းပြီးနောက် စစ်ကောင်စီသည် ဗျိုင်းဖြူရွာလူသတ်ပွဲကို စတင်ခဲ့လေသည်။ 

“AA နဲ့ ဘာမှမပတ်သက်ပါဘူးလို့ ပြောတာနဲ့ ဦးခေါင်းကို သေနတ်ဒင်နဲ့ရိုက်တယ်။ ‘နေပူထဲကအမျိုးသမီးတွေဟာ ဘာအပြစ်မှမရှိပါဘူး’လို့ တစ်ယောက်ကပြောလိုက်တယ်။ စစ်သားက ‘ဒါဆို မင်းက AA လားကွ’ ဆိုပြီးတော့ သေနတ်နဲ့ပစ်သတ်လိုက်တယ်” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ အသက် (၄၀) ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ယင်းပစ်သတ်ခံရသူမှာ စစ်တွေ BXT ဆိပ်ကမ်း၌ ကုန်တင်ကုန်ချလုပ်နေသည့် ကူးတို့သည်တစ်ဦးသာဖြစ်သည်။         

လက်မောင်းနှင့် ခန္ဓာကိုယ်နေရာအနှံ့တွင် “Arakan၊ သာလီစွ၊ ရခိုင်အလံ” စသည့် ရခိုင်အမှတ်အသားတစ်ခုခုကို ဆေးမှင်ကြောင်ထိုးထားသူများကို အမှတ်အသားနေရာကို ဓားဖြင့်လှီးဖြတ်ပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။  

“နောက်တစ်ယောက်ကိုဆို သူရဲ့လက်မောင်းမှာ Arakan လို့ တက်တူးထိုးထားတာကို ‘ခင်ဗျား AA ပဲ’ ဆိုပြီး လက်မောင်းကို ဓားနဲ့လှီးတယ်၊ ပြီးတော့ ပစ်သတ်လိုက်တယ်” ဟု အသက်(၃၅) နှစ်အရွယ် မျက်မြင်အမျိုးသမီးက ပြောသည်။    

ဆေးမှင်ကြောင်ကြောင့် ပစ်သတ်ခံလိုက်ရသူမှာ အသက်  ၂၁ နှစ် အရွယ်ဖြစ်ပြီး ကြုံရာကျပန်းလုပ်ကိုင်ပြီး မိဘကို ကျွေးမွေးနေသူဖြစ်သည်။ 

ယင်းအဖြစ်အပျက်များကို မျက်နှာစည်းခံထားရသည့် အမျိုးသားများက မမြင်ရသော်လည်း အမျိုးသမီးများက မျက်ဝါးထင်ထင် မြင်တွေ့နေရသည်။

စစ်ကောင်စီသည် အမျိုးသားသီးသန့်တစ်အုပ်စုနှင့် အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်တို့ကို တစ်အုပ်စု ခွဲလိုက်ပြီး တစ်နေကုန် အစာရေစာမကျွေးသည့်အပြင် ကလေးငယ်များကိုပင် ရေမတိုက်ဘဲ ထားထားသည်။  

ဖမ်းဆီးထားသည့်ဒေသခံများထဲမှ ၃၀၀ ကျော်ကို နေ့လယ်ပိုင်းအချိန်၌ စစ်ကားများဖြင့် စစ်တွေအခြေစိုက် ခလရ (၂၀)နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)သို့ ခေါ်ဆောင်သွားခဲ့သည်။  

ထိုနေ့ ညနေပိုင်းရောက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိုများလာပြီး ၎င်းတို့သတ်မှတ်ထားသည့် နေအိမ် ၃ လုံး၌ အမျိုးသမီးများကို အိပ်ခိုင်းပြီး အမျိုးသားများကို စုရပ်၌သာ ဖမ်းဆီးချုပ်နှောင်ထားခဲ့သည်။ 
  
“‘မေမေ’ ‘ဘာဘာ’ ခေါ်တဲ့ အသံ၊ “အမယ်လေး” ဆိုတဲ့အသံတွေကို ကျမတို့ ထင်ထင်ရှားရှားကြားရတယ်။ ၁၅ မိနစ်လောက်မှာ သေနတ်ပစ်သံတစ်ကြိမ်စီ ကြားရတယ်။ လုံးဝမခံစားနိုင်ပါဘူး” ဟု အသက် (၃၀) အရွယ် အမျိုးသမီးတစ်ဦးက ပြောပြသည်။ 

မေလ ၂၉ ရက်မှ ဇွန်လ ၁ ရက်အထိ ၄ ရက်အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုအတွင်း အမျိုးသမီးအပါဝင် အသက် ၁၅ နှစ်မှ ၇၀ အရွယ်ကြား ဗျိုင်းဖြူရွာသား ၇၆ ဦး သေဆုံးခဲ့ရသည်ဟု AA က ဇွန်လ ၂ ရက်တွင် ထုတ်ပြန်သည်။ 

လူသတ်မှုကျူးလွန်သူများထဲတွင် စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁)မှ တပ်ဖွဲ့ဝင်များ၊ အခြားတပ်ရင်းများမှ တပ်ဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ALA)မှ တပ်ဖွဲ့ဝင်များ၊ စစ်သင်တန်းဆင်းမွတ်ဆလင်များ အပါအဝင် အင်အား (၁၇၀) ကျော် ပါဝင်သည်ဟု ဆိုထားသည်။ 

ရွာလမ်းမတစ်လျှောက်တွင် သေဆုံးနေသူများ၏ ရုပ်အလောင်းကို စစ်ကောင်စီက ကားဖြင့်သယ်သွားပြီး ရွာပြင်သင်္ချိုင်းတွင် ဇွန်လ ၃၀ နှင့် ၃၁  ရက်တွင် မီးရှို့ခဲ့ကြောင်း လွတ်မြောက်လာသူအမျိုးသမီးများက ပြောသည်။ 

■ စစ်ကောင်စီနှင့် ALP ပူးပေါင်းအဓမ္မပြုကျင့် 

ဒေသခံများအား အစုလိုက်အပြုံလိုက် လူသတ်မှုကျူးလွန်ခဲ့သည့်ထဲတွင် ALP တပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ဗျိုင်းဖြူရွာသားများက အတိအလင်းပြောကြသည်။ 

“ဘာလို့လဲဆိုရင် သူတို့(ALP)က ဗမာစကားပြောရင် မပီဘူး။ သူတို့အချင်းချင်းစကားပြောရင် ရခိုင်စကားနဲ့ ပြောသံတွေကြားရတယ်။ ပြီးရင်မျက်နှာဖုံးလည်းစွပ်ထားတယ်” ဟု အထက်ပါ အသက်(၃၀)အရွယ် အမျိုးသမီးက ပြောသည်။

အမျိုးသားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပြင် အမျိုးသမီး ၃ ဦးကိုလည်း အဓမ္မမုဒိမ်းကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့သည်ဟု ယင်းအခြေနေကိုသိရှိသူများနှင့် AA က ဆိုထားသည်။ 

အမျိုးသမီး ၃ ဦးကို မျက်နှာဖုံးစွပ်ထားသူ တစ်ဦးအပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးက ထမင်းချက်ရန်ဟုဆိုကာ ခေါ်ဆောင်သွားပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်ကြောင်း ကျေးရွာသားများက ပြောကြသည်။

DMG စုံစမ်းချက်အရ ဆတ်ရိုးကျအနောက်ရပ်ကွက်မှ ကလေးနှစ်ယောက်၏မိခင်တစ်ဦး၊ ရပ်ကွက်မသိရသည့် ဆွံ့အနားမကြားသူတစ်ဦးနှင့် အမည်မသိရသူတစ်ဦးတို့ ပါဝင်သည်။ 

ဗျိုင်းဖြူကျေးရွာမှ ဒေါ်အေးကြည်(အမည်လွှဲ)က “မုဒိမ်းကျင့်သွားတာက ကောလာဟလမဟုတ်ဘူး။ တကယ် ဖြစ်ပျက်ခဲ့တာပါ။ ‘မလုပ်ပါနဲ့၊ တောင်းပန်ပါတယ်’ ဆိုတဲ့အသံ၊ ကြောက်လန့်ပြီးအော်သံတွေကို ကျမတို့နားနဲ့ ကြားခဲ့ရပါတယ်” ဟု ပြောသည်။ 

စစ်ကောင်စီနှင့် အပေါင်းအပါများလက်ချက်ကြောင့် သေဆုံးသွားသူများထဲတွင် အမျိုးသမီး ၅ ဦးပါဝင်သည်။ ယင်းအထဲမှ ၃ ဦးကို စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်၊ သတ်ဖြတ်တ်ပြီးနောက် အလောင်းဖျောက်ဖျက်ခဲ့သည်ဟု AA ကလည်း ထုတ်ပြန်ထားသည်။ 

■ ငြင်းမြဲငြင်းဆဲ လိုင်စင်ရ လူသတ်သမားများ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗျိုင်းဖြူရွာလူသတ်မှုဖြစ်စဉ်မှာ မဟုတ်မမှန်ဝါဒဖြန့်မှုဖြစ်ကြောင်း ဇွန် ၄ ရက်နေ့တွင် စစ်ကောင်စီပိုင် MRTV ရုပ်သံမှတစ်ဆင့် ငြင်းဆိုလိုက်သည်။

ဗျိုင်းဖြူရွာတွင် AA တပ်ဖွဲ့ဝင်များရှိသည်ဟု သတင်းရရှိ၍ မေလ ၂၉ ရက်တွင် နယ်မြေလုံခြုံရေး ဆောက်ရွက်ခဲ့ပြီး မသင်္ကာသူများအား ခေါ်မေးမြန်းရာ သေနတ်လုမှုဖြစ်ပွားသဖြင့် ပစ်ခတ်ရာတွင် ဒေသခံသုံးဦး သေဆုံးခဲ့သည်ဟု  ပြောသည်။ 

“အေအေရဲ့ ယုတ်မာကောက်ကျစ်တဲ့ ဝါဒဖြန့်မှုဖြစ်တဲ့ လူ ၄၀ လောက် သေဆုံးတယ်တို့၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်သွားတယ် ဆိုတဲ့ကိစ္စမျိုး မရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

ထိုနည်းတူ ဗျိုင်းဖြူရွာလူသတ်မှုဖြစ်စဉ်တွင် ALP တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုမရှိဘဲ လုပ်ကြံဖန်တီးမှုသာ ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA) စည်းရုံးရေးဌာနမှ ခိုင်အောင်နိုင်က ငြင်းဆိုထားသည်။  

“ကျနော်တို့က ဘာအကျိုးအမြတ်ကြောင့် ဗျိုင်းဖြူရွာကလူတွေကို သတ်ရမှာလဲ။ ကျနော်တို့က ရခိုင်သား မဟုတ်ဘူးလား။ ကျနော်တို့က ဒီနေ့အထိ ရခိုင်ပြည်နဲ့ ရခိုင်ပြည်သူလူထုအတွက် အလုပ်လုပ်နေတာ ဖြစ်တယ်” ဟု သူက ပြောသည်။ 

ဗျိုင်းဖြူကျေးရွာတွင် နေထိုင်သူအများစုမှာ သဗ္ဗာန်ကူးတို့သည်များ၊ ဈေးရောင်းချသူများ၊ ကုန်တင်ကုန်ချလုပ် ကိုင်သူများ စသည့် အခြေခံလက်လုပ်လက်စားများ ဖြစ်ကြသည်။  

မြို့တွင်းတိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ချက်ဖြင့် စစ်တွေမြို့ကိုစွန့်ခွာသူ အများအပြားရှိနေသော်လည်း အခြေခံ လူတန်းစားများမှာ လမ်းပိတ်ဆို့ထားမှု၊ ငွေကြေးမတတ်နိုင်မှု အကြောင်းအမျိုးမျိုးကြောင့် မြို့မှထွက်ခွာရန် အခက်အခဲရှိနေကြသည်။ 

ဗျိုင်းဖြူရွာတွင်ရှိနေသူများမှာအိမ်စောင့်ကျန်ခဲ့သူများ၊ ငွေကြေးအဆင်မပြေသူများ၊ လက်လုပ်လက်စားများဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်စပ်မှုမရှိဘဲ AA ကလည်း ကျေးရွာသို့ဝင်ရောက်မှု မရှိကြောင်း ပြောကြသည်။ 

“ထမင်းတစ်နပ်စားဖို့တောင် မနည်းရုန်းကန်နေရတဲ့ ရွာသားတွေပဲရှိတာပါ။ ဘာ AA မှ မရှိဘူး။ သူတို့က ကျေးရွာသားတွေကို သက်သက်အနိုင်ကျင့်တာပါ” ဟု လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဗျိုင်းဖြူ‌ကျေးရွာတွင် စစ်ကောင်စီက ဒေသခံများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ အလောင်း‌ဖျောက်ခြင်း စသည့် စစ်ရာဇဝတ်ကျူးလွန်မှုများကို လက်နက်ကိုင်အဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့များ စသည့် အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချထားကြသည်။ 

လူသတ်မှုကျူးလွန်ခဲ့သူများက မည်သူမည်ဝါဆိုသည်ကို မျက်မြင်ဒေသခံများက အတိအလင်း ပြောဆိုသော်လည်း စစ်ကောင်စီဘက်ကတော့ ငြင်းဆိုမှု မပျက်ခဲ့ပေ။

“စစ်ကောင်စီကတော့ ရာဇဝတ်မှုတွေ၊ အစုလိုက်အပြုံလိုက်လူသတ်မှုတွေကို အမြဲတမ်းငြင်းတယ်။ အရင်တုန်းက တင်းမကျေးရွာက လူ ၂၀ လောက်သတ်ဖြတ်မှုကိုလည်း ငြင်းဆိုခဲ့တယ်။ နစ်နာတာက ဒေသခံတွေဖြစ်တယ်။ အခု ဗျိုင်းဖြူရွာကိစ္စမှာလည်း မျက်မြင်ဒေသခံတွေက ALP ကော၊ စစ်ကောင်စီကပါ သတ်ဖြတ်ခဲ့တယ်လို့ အတိအလင်း ပြောထားပေမယ့် ငြင်းဆိုနေဆဲပဲ။ ထပ်ပြီးတော့လည်း ထာဝရငြင်းဆန်နေအုံးမှာပါ” ဟု ရခိုင်နိုင်ငံရေးသမား တစ်ဦးက ပြောသည်။ 

ယင်းဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် စစ်တွေမြို့ခံများကို အကြောက်တရားရိုက်သွင်းခြင်းဖြစ်ပြီး တစ်ဖက်မှာလည်း စစ်တွေမြို့ကို AA ဝင်တိုက်လာမည်ကို စိုးရိမ်သည့်အတွက် မြို့အဝင်အထွက်ရှိ ကျေးရွာများကို ကြိုတင်ဖြိုခွင်းထားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

■ ငရဲခန်းမှ လွတ်မြောက်လာသူများ 

ဖမ်းဆီးထားသည့်‌ဒေသခံများထဲမှ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသားတချို့ စုစုပေါင်း ၆၀၀ ကျော် လွတ်မြောက်ခဲ့ပြီး ကျေးရွာအတွင်း၌ မနေထိုင်ရန်၊ မြို့ထဲသို့ ချက်ချင်းပြောင်းရွှေ့ရန်၊ ရွာထဲဝင်ရောက်လာပါက ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ရွာမှ နှင်ထုတ်ခဲ့သည်။ 

ယင်းနောက် ဇွန် ၃၀ နှင့် ၃၁ ရက်နေ့တွင် စစ်ကောင်စီအစီအစဉ်ဖြင့်  စစ်တွေမြို့လယ်ရှိ ဝင်္ကဘာကွင်းသို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ဘုန်းတော်ကြီးကျောင်းများ၌ ခိုလှုံနေထိုင်ရန် ပို့ဆောင်ခဲ့သည်။ 
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်စီးနှင်းထားချိန် ရွှေ၊ ငွေနှင့် တန်ဖိုးရှိပစ္စည်းများ၊ စားနပ်ရိက္ခာများကို ယူဆောင်သွား၍ ကျေးရွာသားများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ထွက်လာခဲ့ကြရသည်။

အထက်ပါလွတ်မြောက်လာသူအမျိုးသမီးက “သူများလာပို့မယ့်ထမင်းချိုင့်ကိုပဲ စောင့်နေရတယ်။ ဒီလောက် ခက်ခဲနေတဲ့အချိန် ဘယ်သူမှနေ့တိုင်းမကျွေးနိုင်ဘူး။ ထမင်းမစားရတဲ့နေ့တွေလည်း ရှိပါတယ်။ အခုအချိန်ထိ သူတို့(စစ်ကောင်စီ)က ကူညီပေးတာ ဘာတစ်ခုမှ မရှိသေးပါဘူး” ဟု ပြောသည်။ 

ဗျိုင်းဖြူရွာသားများမှာ စားသောက်ရေးခက်ခဲနေသည့်အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးငယ်များနှင့် ကျန်းမာရေးမကောင်းသည့် သက်ကြီးပိုင်းများမှာ ပို၍ဒုက္ခရောက်နေကြရသည်။ 

ယင်းအပြင် စစ်တွေမြို့၌ ရပ်ကွက်များနှင့် ဘုန်းတော်ကြီး ကျောင်းအသီးသီးတွင် နေထိုင်သူများကို စစ်ကောင်စီက ဖမ်းဆီးမှုမြင့်တက်နေ၍ လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုယ်ပါ စိုးရိမ်နေကြသည်။ 

“ကျမတို့ကို လူသားဒိုင်းအဖြစ် စုထားတာလား။ ဘယ်နေ့၊ ဘယ်ကိုဖမ်းသွားမလဲဆိုတဲ့ စိတ်နဲ့နေနေရတယ်” ဟု ဗျိုင်းဖြူရွာမှ အသက် (၅၀)အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာသားများကို နှင်ထုတ်ပြီးနောက် တိုက်အိမ်များနှင့် အခိုင်အမာပြုလုပ်ထားသည့် အဆောက်အအုံများတွင် နေရာယူလိုက်ပြီး ရွာဝင်လမ်းတစ်လျှောက်တွင်လည်း ကတုတ်ကျင်းများ အခိုင်အမာ ပြုလုပ်ထားကြောင်း သိရသည်။ 

■ ပျောက်ဆုံးနေဆဲ ဒေသခံအချို့

စစ်ကောင်စီ ဖမ်းဆီးထားသည့် ဗျိုင်းဖြူရွာသား ၃၀၀ ကျော်ထဲမှ ၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့သည်။ နောက်ထပ် ၅၀ ဦးကို စစ်တွေအမှတ် ၁ ရဲစခန်းမှတဆင့် စစ်တွေအကျဉ်းထောင်သို့ လွှဲပြောင်းပြီး ၈ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၃၀ ဦးကို ရာဇဝတ်မှုဥပဒေပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်ထားသည်။ 

ယင်းအပြင် စစ်ကြောရေးအတွင်း ညဉ်းပန်းနှိပ်စက်ဒဏ်ရာကြောင့် ၂၅ ဦး ဆေးရုံတက် ဆေးဝါးကုသနေရပြီး ၂ ဦး သေဆုံးသွားခဲ့သည်။ သေဆုံးသူမှာ ဦးကံသိန်းထွန်းနှင့် ဦးမဲလာတို့ ဖြစ်သည်။

ဗျိုင်းဖြူရွာမှအမျိုးသားတစ်ဦးက “ဆေးကုသမှုခံနေရသူတွေမှာ ခန္ဓာကိုယ်အနှံ့မှာလည်း ညိုမဲနေတဲ့ဒဏ်ရာတွေ၊ စူးထိုးဒဏ်ရာတွေ အများကြီးပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရပါတယ်” ဟု ပြောသည်။ ဆေးကုသနေရသည့် ဒေသခံများမှာ တခြားဆေးဝါးလိုအပ်ချက်အတွင် ငွေကြေးအခက်အခဲ ဖြစ်နေကြသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ညဉ်းပန်းနှိပ်စက်မှုများကြောင့် စစ်ကြောရေးတွင် ကျန်ရှိနေသူများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်ဟု စစ်ကြောရေးမှ ပြန်လွတ်လာသူတစ်ဦးက ပြောသည်။ 

“အမှောင်ခန်းထဲမှာ ငါးယောက်တစ်စု၊ ဆယ်ယောက်တစ်စု နေရတယ်။ တစ်ခွန်းမှမမေးဘဲ  ရိုက်တယ်။ စစ်ဖိနပ်နဲ့ ကန်ကျောက်တယ်။ ထမင်းလည်းမကျွေးဘူး။ ရေနည်းနည်းပဲ တိုက်ပါတယ်” 

ဖမ်းဆီးသွားသည့်နေ့မှ လက်ရှိအချိန်ထိ သတင်းတစ်စုံတစ်ရာ မကြားရသည့် ဗျိုင်းဖြူရွာသား ၁၅၀ ကျော်လည်း ရှိနေသေးသည်။ ဗျိုင်းဖြူရွာဖြစ်စဉ်နောက်ပိုင်း ဇွန်လ ၈ ရက်တွင် မြို့အနောက်ဘက် အောင်တိုင်ကျေးရွာချောင်း၌ မျက်နှာကိုအဝတ်စည်းထားသည့် အမည်မသိ လူသေအလောင်း ၂၀ ကျော် မျှောနေသည်ကို တွေ့ရှိခဲ့ကြသည်။ 

ဖမ်းဆီးခံထားရသူတစ်ဦး၏ မိခင်ဖြစ်သူက “လွတ်လာသူတွေကို မေးကြည့်ရင်လည်း ကျမသားကို မတွေ့ခဲ့ဘူးလို့ ပြောတယ်။ သေသွားတဲ့ထဲမှာလည်း မပါ၊ အဆက်သွယ်လည်းမရ၊ ဘာတွေဖြစ်နေမလဲ အရမ်းစိတ်ပူနေရပါတယ်” ဟု ပြောသည်။ 

ဗီဒီယိုများ