အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ၊ ထောင်ဒဏ်လည်း ချမှတ်ခံရသည့် ဗျိုင်းဖြူရွာမှတ်စု

ဗျိုင်းဖြူရွာဒေသခံများ ဆိုးရွားစွာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှုရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။ 

By Admin 07 Sep 2024

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရ၊ ထောင်ဒဏ်လည်း ချမှတ်ခံရသည့် ဗျိုင်းဖြူရွာမှတ်စု

DMG ၊ စက်တင်ဘာ ၇

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ခဲ့သည့် အာရက္ခတပ်တော်(AA)၏ ရခိုင်ပြည်သိမ်း တိုက်ပွဲကာလအတွင်း ဗျိုင်းဖြူရွာဖြစ်စဉ်သည် ထူးခြားသည့်မှတ်တမ်းအဖြစ် ရှိနေသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း၊ ရာနှင့်ချီထောင်ချခံရခြင်းအပြင် အဓမ္မပြုကျင့်ခံရမှုများလည်း ရှိခဲ့သဖြင့် နစ်နာမှုများစွာ ရှိခဲ့သည်။

ထို့ကြောင့် ဗျိုင်းဖြူဖြစ်ရွာဖြစ်စဉ် အနှစ်ချုပ်ကို DMG က မှတ်စုအဖြစ် တင်ပြလိုက်ရသည်။

ရခိုင်ပြည်မြို့တော် စစ်တွေမြို့မြောက်ဘက်ရှိ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူကျေးရွာအုပ်စုတွင် မင်းဒရားချိတ်၊ အောင်ချမ်းသာ၊ ဆတ်ရိုးကျအရှေ့၊ ဆတ်ရိုးကျအနောက် ဟူ၍ အုပ်စုလေးခုနှင့် အိမ်ခြေထောင်ချီရှိသည်။ 

ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စောမြရာဇာလင်း၏ ALP တပ်ဖွဲ့ဝင်များသည် ဗျိုင်းဖြူကျေးရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည်။ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ်ကလေးမကျန် တစ်ရွာလုံးကို လမ်းပေါ်ထွက်ခိုင်းပြီး ဈေးကွင်းပြင်၊ ရွာလယ် လက်ဖက်ရည်ဆိုင်၊ သင်္ချိုင်းကုန်း၊ စာသင်ကျောင်း စသည့် စုရပ်နေရာအသီးသီးတွင် အသက် ၁၅ နှစ်မှ ၇၀ အရွယ် အမျိုးသား ၅၀၀ ခန့်ကို အင်္ကျီချွတ်ခိုင်းပြီး မျက်နှာကိုစည်း၊ လက်ပြန်ကြိုးတုပ်ကာ ဒူးထောက်ခိုင်းပြီး နေပူလှန်းထားခဲ့သည်။

ထို့နောက် အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုရှိ/မရှိ၊ AA နှင့်ဆက်စပ်မှုရှိ/မရှိကို တစ်ဦးချင်းစီအား တန်းစီမေးမြန်းခဲ့သည်။ 

ဒေသခံများက AA နှင့်ဆက်စပ်မှု မရှိကြောင်း ဖြေဆိုကြရာ သေနတ်ဒင်ဖြင့် ရိုက်နှက်ခြင်းအပြင် လက်မောင်းနှင့် ခန္ဓာကိုယ်အနှံ့တွင် “Arakan၊ သာလီစွ၊ ရခိုင်တံဆိပ်” စသည်တို့အား ဆေးမှင်ကြောင်ထိုးထားသူများ၏ အမှတ်အသားနေရာကို ဓားဖြင့်လှီးဖြတ်ပြီး သေနတ်ဖြင့်ပစ်သတ်ကြောင်း မျက်မြင်အမျိုးသမီးများက ပြောသည်။ 

ဖမ်းဆီးထားသည့်အထဲမှ လူ ၃၀၀ ကျော်ကို ယင်းနေ့၊ နေ့လယ်ပိုင်းအချိန်တွင် စစ်ကားများဖြင့် စစ်တွေအခြေစိုက် ခလရ (၂၀)နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)သို့ ခေါ်ဆောင်သွားခဲ့သည်။ 

ညရောက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပို၍များပြားလာပြီး သတ်မှတ်နေအိမ် ၃ လုံး၌ အမျိုးသမီးများကို အိပ်ခိုင်းခဲ့သည်။  အမျိုးသားများကို စုရပ်၌သာ ဖမ်းဆီးချုပ်နှောင်ထားပြီး ညဉ့်အချိန် ၁၅ မိနစ်ခန့်တွင် တစ်ကြိမ်စီ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည်။ 

အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်များ၊ စစ်တွေဒကစတပ်ဖွဲ့ဝင်၊ ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)မှ တပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များ အပါအဝင် အင်အား (၁၇၀) ကျော် ပါဝင်ကြောင်း အာရက္ခတပ်တော် (AA) က ဇွန်လ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီသည် မေလ ၂၉ ရက်မှ ဇွန် ၁ ရက်နေ့အထိ အမျိုးသမီးများအပါအဝင် အသက် ၁၅ နှစ်မှ ၇၀ ကြား စုစုပေါင်း လူ ၇၆ ဦးအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗျိုင်းဖြူရွာဖြစ်စဉ်မှာ မဟုတ်မမှန် ဝါဒဖြန့်မှုဖြစ်ကြောင်း ဇွန် ၄ ရက်နေ့တွင် MRTV ရုပ်သံမှတစ်ဆင့် ငြင်းဆိုခဲ့သည်။ ဗျိုင်းဖြူရွာတွင် AA တပ်ဖွဲ့ဝင်များရှိသည်ဟု သတင်းရရှိ၍ မေလ ၂၉ ရက်တွင် နယ်မြေလုံခြုံရေးဆောက်ရွက်စဉ် မသင်္ကာသူများအား ခေါ်ယူမေးမြန်းရာ သေနတ်လုမှုဖြစ်ပွားသဖြင့် ပစ်ခတ်ရာတွင် ဒေသခံသုံးဦးသာ သေဆုံးခဲ့သည် ဆိုသည်။ ထို့အတူ ALP ကလည်း ဗျိုင်းဖြူရွာလူသေဆုံးမှုဖြစ်စဉ်နှင့် လုံးဝပတ်သက်မှုမရှိကြောင်း ငြင်းထားသည်။ 

မေလ ၃၀ ရက်နှင့် ဇွန်လ ၁ ရက်နေ့တွင် ဗျိုင်းဖြူရွာ လမ်းမတလျှောက် သေဆုံးနေသူများ၏ ရုပ်အလောင်းကို စစ်ကောင်စီက ကားဖြင့်သယ်ပြီး ရွာသင်္ချိုင်း၌ မီးရှို့ခဲ့ကြောင်း ဒေသခံအမျိုးသမီးများက ပြောသည်။ ယင်းဖြစ်စဉ်နောက်ပိုင်းတွင် ဗျိုင်းရွာရွာဒေသခံများကို ကျေးရွာမှနှင်ထုတ်ခဲ့သည်။ 

အမျိုးသားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်အပြင် အမျိုးသမီး ၃ ဦးကိုလည်း အဓမ္မပြုကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ကိုယ်ရေးအချက်အလက်ကို ကာယကံရှင်နှင့် မိသားစုဝင်တို့၏ ဂုဏ်သိက္ခာအရ မပြောလိုကြပေ။

ဖမ်းဆီးခေါ်ဆောင်ထားသည့် ဗျိုင်းဖြူရွာ ဒေသခံ ၃၀၀ ခန့်ထဲမှ တချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ၂၄၂ ဦးကို AA နှင့် ဆက်စပ်သည်ဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)၊ ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် စစ်ကောင်စီက တရားစွဲဆိုခဲ့သည်။ 

ဩဂုတ်လ ၃၀ ရက်တွင် ၁၄၁ ဦးကို မတရားအသင်းပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ၅၀၀ ကျပ်စီ စစ်တွေထောင်တွင်း တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ ယင်းနေ့တွင် ၄ ဦးကို အပြစ်မရှိဆိုပြီး လွှတ်ပေးခဲ့သည်။ 

ထို့အတူ စက်တင်ဘာ ၆ ရက်နေ့တွင် နောက်ထပ် ဒေသခံ ၉၃ ဦးကို ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ပြီး ၄ ဦးကို လွှတ်ပေးလိုက်ပြီးနောက် ဗျိုင်းဖြူရွာသားများအမှုမှာ ပြီးပြတ်သွားပြီဖြစ်သော်လည်း စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားသူများနှင့် ပျောက်ဆုံးနေသူများလည်း ရှိနေသေးသည်။ 

ဗျိုင်းဖြူရွာဒေသခံများ ဆိုးရွားစွာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်၍ တရားမျှတမှုရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။