ဗျိုင်းဖြူရွာသားများအမှု ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး 

တရားစွဲဆိုခံထားရသော ဗျိုးဖြူရွာသား ၆၀ ကျော်ကို ၁၀ ဦး၊ ၅ ဦး၊ ၈ ဦး စသဖြင့် အသုတ်လိုက်ခွဲကာ ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ပြီး ယမန်နေ့ ရုံးချိန်းတွင် ၁၀ ဦးကို ရုံးထုတ်စစ်ဆေးခဲ့သည်။

By Admin 22 Aug 2024

စစ်တွေမြို့နယ်တရားရုံးကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်
စစ်တွေမြို့နယ်တရားရုံးကို ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်

DMG ၊ ဩဂုတ် ၂၂  

AA နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ရာဇဝတ်မှုဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲခံထားရသည့် ဗျိုင်းဖြူရွာသားများကို ဩဂုတ်လ ၂၁ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

လိုပြသက်သေတချို့ကို စစ်ဆေးခဲ့ပြီးနောက် ဩဂုတ်လ ၂၇ ရက်ကို ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။  

မိသားစုဝင်တစ်ဦးက “တရားလိုဘက်က လူတွေကို စစ်ဆေးတယ်လို့ပဲ သိရတယ်။ ပြီးရင် နောက်အပတ်ထဲ ထပ်ပြီး ရွှေ့ဆိုင်းလိုက်တာပဲ။ တရားခွင်နားမှာ နားထောင်ခွင့်မရတော့ ကျမတို့လည်း အလုံးစုံမသိရဘူး” ဟု ပြောသည်။ 

တရားစွဲဆိုခံထားရသော ဗျိုးဖြူရွာသား ၆၀ ကျော်ကို ၁၀ ဦး၊ ၅ ဦး၊ ၈ ဦး စသဖြင့် အသုတ်လိုက်ခွဲကာ ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ပြီး ယမန်နေ့ ရုံးချိန်းတွင် ၁၀ ဦးကို ရုံးထုတ်စစ်ဆေးခဲ့သည်။

“အသုတ်လိုက်ခေါ်ပြီး စစ်ဆေးတာပါ။ တစ်အုပ်စုနဲ့ တစ်အုပ်စုကတော့ မတူဘူး။ တချို့ဆိုရင် လိုပြသက်သေတွေ စစ်ဆေးနေပါပြီ။ အခုထိ မစစ်ရသေးတဲ့ သူတွေလည်း ရှိတယ်” ဟု အမျိုးသမီးနောက်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီ ဖမ်းဆီးတရားစွဲဆိုထားသော ဗျိုင်းဖြူရွာသားများမှ သဗ္ဗာန်ကူးတို့သည်၊ ကုန်တင်ကုန်ချလုပ်ကိုင်သူ၊ ဈေးရောင်းချသူနှင့် ဘေးတွဲဆိုင်ကယ်မောင်းသူ စသဖြင့် အခြေခံ လက်လုပ်လက်စားများ ဖြစ်သည်။ 

မိသားစုအတွက် ဝမ်းစာရှာဖွေနေသူများ မတရားဖမ်းဆီးခံထားရသဖြင့် မိသားစုဝင်များမှာ စားဝတ်နေရေးအပြင် ထိခိုက်နစ်နာမှုများစွာ ရှိနေသည်။ 

“ရုံးချိန်းတစ်ခေါက်သွားရင် ငါးသောင်းလောက်ကုန်တယ်။ သူတို့(တရားစွဲဆိုခံထားရသူ) မုန့်၊ ဆေးဝါးစရိတ်တွေ မပါသေးဘူး။ အပြင်မှာကျန်ခဲ့တဲ့ မိသားစုရော၊ အထဲရောက်နေတဲ့သူတွေအတွက် အချိန်၊ ငွေ အားလုံးနစ်နာတယ်။ အခုလည်းရှိတဲ့ ရွှေတိုရွှေစတချို့ကို ရောင်းချပေါင်နှံပြီး ရုံးတက်နေရတာ” ဟု တရားစွဲဆိုခံရသူ၏ မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်ကောင်စီနှင့်အပေါင်းအပါများသည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကာ ကျေးရွာသား ၃၀၀ ကျော်ကိုလည်း ဖမ်းဆီးသွားခဲ့သည်။

ယင်းအထဲမှ ၆၀ ကျော်ကို နှစ်ပတ်ခန့်ကြာ ရိုက်နှက်စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး ၁၅၀ ခန့်ကို ဆက်လက် ဖမ်းဆီးထားကာ ကျန်ဒေသခံ ၆၀ ကျော်ကို အမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်သည်။