ဗျိုင်းဖြူရွာသား ၅၀ ကျော် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံရ 

တရားစွဲဆိုခံထားရသည့် ဗျိုင်းဖြူရွာသားများထဲမှ ၁၀၀ ကျော်ကို စစ်တွေအကျဉ်းထောင်တရားရုံး၌ ယနေ့ရုံးထုတ်ခဲ့ပြီး ယင်းအထဲမှ ၅၀ ကျော်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

By Admin 30 Aug 2024

ဗျိုင်းဖြူရွာသား ၅၀ ကျော် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံရ 

DMG ၊ ဩဂုတ် ၃၀ 

စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူကျေးရွာမှ တရားစွဲခံထားရသည့် ဒေသခံ (၅၀) ကျော်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် ယနေ့ (ဩဂုတ် ၃၀) တွင် ထောင်ဒဏ် ၃ နှစ်နှင့် ငွေဒဏ် ၅၀၀ ကျပ်စီ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

တရားစွဲဆိုခံထားရသည့် ဗျိုင်းဖြူရွာသားများထဲမှ ၁၀၀ ကျော်ကို စစ်တွေအကျဉ်းထောင်တရားရုံး၌ ယနေ့ရုံးထုတ်ခဲ့ပြီး ယင်းအထဲမှ ၅၀ ကျော်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

“ဒီနေ့ လူ ၁၀၀ ကျော်ကို ရုံးထုတ်တယ်။ အဲဒီထဲက ၅၀ ကျော်ကို ထောင်ဒဏ်ချမှတ်လိုက်တာ။ ကျန်တဲ့သူတွေကို အခုလည်း (ညနေ ၅ နာရီခွဲ) ရုံးထုတ်စစ်ဆေးနေသေးတယ်။ ဘယ်လို ဖြစ်လာမလဲဆိုတာတော့ မသိသေးဘူး” ဟု မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဗျိုင်းဖြူရွာသားများထဲမှ မင်းကိုနိုင်၊ ညီညီအောင်၊ ခိုင်ဇော်မိုး၊ အေးမင်းတို့လေးဦးမှာ ယနေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။  

ဗျိုင်းဖြူရွာသားများကို ရုံးထုတ်စစ်ဆေးမှုနှင့်ပတ်သက်၍ မိသားစုဝင်များကိုလည်း တစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ ထောင်တွင်းတရားရုံး၌ စစ်ဆေးကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။  

“မိသားစုကိုလည်း အသိမပေးဘူး။ သိခွင့်လည်းမရရှိဘူး။ ကျမတို့ကို အသိပေးလာတဲ့သူက တိုက်ပွဲတွေဖြစ်လာရင် အချိန်ကြန့်ကြာမှာဖြစ်လို့ အခုလို အမြန် စီရင်ချက်ချမှတ်လိုက်တာလို့ ပြောတယ်။ ဒါက မတရားချမှတ်လိုက်တာဖြစ်တယ်” ဟု နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။ 

ဗျိုင်းဖြူရွာများမှာ AA ဆက်စပ်ခြင်းမရှိဘဲ စစ်ကောင်စီက အငြိုးအတေးထားကာ ထောင်ဒဏ်ချမှတ်ခြင်းဖြစ်ပြီး ယခုလုပ်ရပ်အပေါ် နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေးအသိုင်းအဝိုင်းက ကန့်ကွက်ရှုတ်ချကြသည်။ 

ရခိုင်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “အဓိကတော့ ဗျိုင်းဖြူရွာသားတွေကို စစ်ကောင်စီက အငြိုးတကြီးနဲ့ ဖိနှိပ်လိုက်တာဖြစ်တယ်။ ဗျိုင်းဖြူရွာဟာ စစ်တွေမြို့ရဲ့ အစွန်မှာရှိပြီး မြို့ပေါ်ရပ်ကွက် ဧရိယာထဲမှာရှိတယ်။ အေအေက စစ်တွေမြို့မှာ တိုက်ပွဲဖော်လာရင် ဗျိုင်းဖြူရွာဘက်က အခြေကုတ် တိုက်လာနိုင်လို့ ရွာသားတွေကို အာဏာသိမ်းပြီး ဥပဒေမဲ့ရှင်းထုတ်လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။  

ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်ကောင်စီနှင့် အပေါင်းအပါများသည် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကာ ကျေးရွာသား ၃၀၀ ခန့်ကို  ဖမ်းဆီးသွားခဲ့သည်။

ပြီးနောက် ဗျိုင်းဖြူရွာသားများကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။