- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
မလေးရှားတွင် ၅ ရက်အတွင်း မြန်မာနိုင်ငံသား တစ်ထောင်နီးပါး ဖမ်းဆီးခံရ
ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) နံနက်ပိုင်းတွင်လည်း မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် မြန်မာနိုင်ငံသားများ အများအပြားရှိသည့် မဲရူးဈေးသို့ အော်ပရာစီ ပူးပေါင်းအဖွဲ့များက ဝင်ရောက်ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသား ရာနှင့် ချီဖမ်းဆီးခံရကြောင်း သိရသည်။
22 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၂
မလေးရှားနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း အထေက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို လိုက်လံဖမ်း ဆီးနေပြီး ပြီးခဲ့သည့် ၅ ရက်အတွင်း ဖမ်းဆီးခံရသူ ၁,၀၀၀ ခန့်ရှိကြောင်း မလေးရှားရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူများထံမှ သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) နံနက်ပိုင်းတွင်လည်း မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် မြန်မာနိုင်ငံသားများ အများအပြားရှိသည့် မဲရူးဈေးသို့ အော်ပရာစီ ပူးပေါင်းအဖွဲ့များက ဝင်ရောက်ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသား ရာနှင့် ချီဖမ်းဆီးခံရကြောင်း သိရသည်။
“ မြန်မာတွေ အများကြီးရှိတဲ့ ဈေးကိုဝင်ဖမ်းတာ အများကြီး ဖမ်းသွားတယ်။ ဒီရက်ပိုင်း ဈေးတွေရော၊ စားသောက်ဆိုင်တွေကို တအားဝင်ဖမ်းနေတာ အထောက်အထားရှိတဲ့ သူတွေကိုတောင် ခေါ်သွားတယ်လို့ ကြားတယ်” ဟု မလေးရှားရောက် မြန်မာနိုင်ငံသားအရေး ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။
ကလန်းမြို့ မဲရူးဈေးကြီးတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၆၃၀ အထိ ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲတွင် မြန်မာနိုင်ငံသား ၅၃၀ ဦး၊ ဘင်္ဂလားဒေရှ်နိုင်ငံသား ၈၅ ဦးနှင့် အခြား နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ လယ်ပိုင်းမှစ၍ ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေသောကြောင့် မလေးရှား ရောက်ရွှေ့ပြောင်းလုပ်သားများမှာ အဖမ်းအဆီးနည်းသည့် ဒေသများသို့ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် လုပ်ငန်းခွင်များတွင် ကြောက်လန့်စွာ အလုပ်လုပ်နေကြရကြောင်း ပြောကြသည်။
“အခုအလုပ်တောင် ကောင်းကောင်း မလုပ်ရဲတော့ဘူး။ နေ့တိုင်းဆက်တိုက် ဖမ်းနေတာ။ ကျနော်တို့နဲ့ တိုက်ခန်းအနီးက ရခိုင်တွေနေတဲ့နေရာ ဝင်ဖမ်းသွားတာ မိန်းကလေးတွေရော အများကြီးပါသွားတယ်။ အထောက်အထား တွေရှိတာတောင် ကြောက်နေမိတယ်” ဟု မလေးရှားနိုင်ငံရောက် ရခိုင်ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၁၉ ရက်ကလည်း အော်ပရာစီဝင်ရောက် ဖမ်းဆီးမှုကြောင့် မလေးရှားနိုင်ငံ တိုက်ပိန်းမြို့တွင် ရွှေ့ပြောင်းနေထိုင်သူ လူဦးရေ ရာနှင့်ချီရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၈ မှ ၂၀ ရက် အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူ ၊ ကလန်း၊ တိုက်ပိန်းမြို့နှင့် အခြားမြို့များမှ မြန်မာနိုင်ငံသားနိုင်ငံသား ၃၀၀ ကျော်ဖမ်းဆီးခဲ့ကြောင်းအလုပ်သမားအရေး ကူညီပေးနေသူများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ကိုင်ရှားပါးမှု၊ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေတို့ကြောင့် ပြည်ပထွက်ခွာသူ နေ့စဉ်ဆက်တိုက် မြင့်တက်လျှက်ရှိသည်။
၂၀၂၅ ဖေဖော်ဝါရီ ၂၀ ရက်ကလည်း မလေးရှားနိုင်ငံသို့ တရားမဝင်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၁၄ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦး ထိုင်း - မလေးရှားနယ်စပ်တွင် အာဏာပိုင်များက ဖမ်းဆီးခံခဲ့ရသည်။