- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီလောင်မှု လူ ၂ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
“စိတ်”ကို သတ်နေတဲ့ ဝေဟင်ပေါ်က မရဏ
လေကြောင်းအန္တရာယ်ကြောင့် စိုးရိမ်ထိတ်လန့်ကာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ခံစားနေရသည်မှာ ဒေါ်ရီရီသန်းတစ်ဦးတည်း မဟုတ်ပေ။ စစ်ကောင်စီ၏ လေကြောင်းပစ်မှတ်အောက်မှာ ဖြတ်သန်းနေကြရသည့် ရခိုင်ဒေသခံအားလုံး နဖူးတွေ့ဒူးတွေ့ပင်။ လေကြောင်းပစ်ခတ်မှုနှင့် ကြုံတွေ့ဖူးသည့် ဒေသခံများ၏ စိတ်သန္ဓေထဲ၌ အကြောက်တရားများဖြင့် ကိန်းအောင်းနေသည်။
25 Nov 2024
မေကြီးသျှင် - ရေးသည်
ဥပုသ်နေ့ဖြစ်၍ ကျောက်တော်မြို့ လမ်းမကြီးတစ်လျှောက် ဘုန်းတော်ကြီးကျောင်းမှ ပြန်လာကြသူများ၊ လမ်းသွားလမ်းလာများနှင့် စည်ကားနေသည်။ ဒေါ်ရီရီသန်းမှာလည်း (၆) နှစ်အရွယ် သားဖြစ်သူနှင့်အတူ ငရုတ်သီးမှုန့်ကြိတ်ရန် မြို့အလယ်ရှိ အမှုန့်ကြိတ်စက်ရုံသို့ ရောက်နေ၏။ ထိုအချိန်ထိ ကျောက်တော်မြို့တွင် အရာအားလုံးသည် ပုံမှန်အခြေအပင်။
မကြာမီ မြေပြင်သို့ ထိုးဆင်းလာသော ဂျက်လေယာဉ်သံကို ရုတ်တရက် ကြားလိုက်ရသဖြင့် လမ်းပေါ်တွင် ဆောက်တည်ရာမရ ပြေးလွှားသူကလွှား၊ လုံခြုံမည်ဟုထင်သော နေရာများသို့ ဝင်ပုန်းသူကပုန်းနှင့် ပွတ်လောရိုက်သွားသည်။
ဒေါ်ရီရီသန်းမှာလည်း သူရောက်ရှိနေသည့် အမှုန့်ကြိတ်စက်ရုံအတွင်း သားဖြစ်သူကို ရင်ခွင်ထဲထည့်ကာ မြေကြီးပေါ်၌ လှဲချလိုက်ချိန် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြို့တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
“ဗုံးချပြီးလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ အနားမှာ ခေါင်းပြတ်တဲ့ အလောင်းတွေ၊ ကိုယ်တစ်ပိုင်းမရှိတဲ့ အလောင်းတွေနဲ့” ဟု အသက် ၄၀ ကျော်အရွယ် ဒေါ်ရီရီသန်းက ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်ကို ပြောပြသည်။
ထိုဖြစ်စဉ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီအချိန် စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ရခိုင်ပြည်၊ ကျောက်တော်မြို့လယ်ရှိ အ.ထ.က (၂) စာသင်ကျောင်းဝင်းနှင့် လမ်းမကြီးအနီးရှိ အမှုန့်ကြိတ်စက်ရုံအနီး ကျရောက်ပေါက်ကွဲကာ ဒေသခံများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးသွားသည့် ဖြစ်ရပ်ဖြစ်သည်။
ဗုံးကြဲမှုအတွင်း ဒေါ်ရီရီသန်းတို့ သားမိနှစ်ဦးအပါအဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၁၀ ဦး သေဆုံးသွားခဲ့သည်။ ထိုဖြစ်ရပ်ဆိုးကြီးသည် ဒေါ်ရီရီသန်းကို အရိပ်မဲကြီးတစ်ခုကဲ့သို့ အမြဲတမ်း ခြောက်လှန့်နေပြီး စိုးရိမ်မှု၊ ထိတ်လန့်မှုများက သူ့၏စိတ်ကို လွှမ်းမိုးသွားခဲ့သည်။
လမ်းပေါ်တွင် ကား၊ ဆိုင်ကယ်များ အသံကျယ်လောင်စွာဖြင့် အလျင်စလိုမောင်းနှင်လာသည့် အသံကိုကြားလျှင် လေယာဉ်သံထင်မှတ်ကာ အကာအကွယ်အောက်သို့ ပြေးဝင်ခြင်း၊ မြေပေါ်တွင် လဲဝပ်ချခြင်းများကို ပြုလုပ်တတ်သည်။
ကိုယ်တိုင်ကြုံတွေ့၊ မြင်တွေ့ခဲ့သည့် အဖြစ်အပျက်မှာ စိတ်ထဲစွဲကပ်နေ၍ အိပ်မပျော်ခြင်း၊ နောက်ထပ် လေကြောင်းအန္တရာယ် ကြုံတွေ့ရမည်ကို စိုးရိမ်ကာ လုံခြုံမှုမရှိသလို ခံစားနေရသည်ဟု ဒေါ်ရီရီသန်း က ပြောသည်။
“ကားသံ၊ ဆိုင်ကယ်သံတွေ အကျယ်ကြီးကြားရင် ဂျက်လေယာဉ်သံထင်ပြီး ရင်တုန်၊ နှလုံးခုန်၊ ချွေးတွေထွက်ပြီး ဘာကိုမှ မသိတော့သလို ဖြစ်သွားတယ်။ ကမန်းကတန်း သားသမီးတွေကိုလိုက်ရှာ အဲလိုဖြစ်တယ်။ ဒီစိတ်နဲ့ပဲ ရှင်သန်နေရတယ်” ဟု ဒေါ်သန်းသန်းရီက ပြောသည်။
ဒေါ်ရီရီသန်းမှာ အသက် (၆)နှစ်အရွယ် သားတစ်ဦးနှင့် အသက် (၂၀) ကျော်အရွယ် သမီးနှစ်ဦးရှိပြီး သားသမီးများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်စိတ်က ဝါးမျိုလာခဲ့သည်။ ညအိပ်နေချိန်ပင် လေယာဉ်သံကြားသည်နှင့် တပြိုင်နက် သားသမီးများကို ဆွဲထူပြီး နေအိမ်အောက်သို့ ဆင်းပုန်းခြင်း ပြုလုပ်သည်။ သားသမီးများကိုလည်း အပြင်ထွက်သွားလာမှုများ မပြုလုပ်ရန် တားမြစ်လာခဲ့သည်။
သူခံစားနေရသော စိတ်ကြောင့် သားသမီးများအပေါ်မှာ လိုသည်ထက်ပို၍ ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေမိပြီဟု သတိပြုမိသော်လည်း ကိုယ့်စိတ်ကိုယ်ထိန်းကျောင်းရန် ခက်ခဲနေကြောင်း ဒေါ်ရီရီသန်းက ဖွင့်ဟသည်။
“သမီးတွေကို အပေါင်းအသင်းတွေနဲ့ အပြင်ကို မထွက်ခိုင်းဘူး။ မသွားမဖြစ်လို့ ဈေးကိုသွားရရင်လည်း မိနစ်ပိုင်းလောက်နဲ့ အမြန်ပြန်လာဖို့ မှာတယ်။ မတော်လို့ သူတို့အပြင်ကို ထွက်ချိန် အဲဒီနေရာမှာ ဗုံးချရင်ရော ဆိုတဲ့စိတ်က အမြဲစိုးမိုးနေတယ်” ဟု ဒေါ်ရီရီသန်းက ပြောသည်။
ဒေါ်ရီရီသန်းမှာ အသက်ရှင်သန်နေသော်လည်း ထိတ်လန့်စိုးရိမ်စိတ်ကြောင့် အစားမဖြောင့်၊ အနေထိုင်မဖြောင့် ဖြစ်နေပြီး အိမ်မှုကိစ္စများကိုပင် ကောင်းစွာ မဖြေရှင်းနိုင်တော့ပေ။ ကိုယ့်အိမ်မှာ နေထိုင်နေရင်း လုံခြုံမှုမရှိသလို ခံစားနေပြီး နောက်ထပ် လေကြောင်းလာပစ်မည်လော ဆိုသည့် အတွေးများဖြင့် နေ့ရက်တိုင်းကို စိတ်မချမ်းမြေ့စွာ ဖြတ်သန်းနေရသည်။
ထိုသို့ လေကြောင်းအန္တရာယ်ကြောင့် စိုးရိမ်ထိတ်လန့်ကာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ခံစားနေရသည်မှာ ဒေါ်ရီရီသန်းတစ်ဦးတည်း မဟုတ်ပေ။
စစ်ကောင်စီ၏ လေကြောင်းပစ်မှတ်အောက်မှာ ဖြတ်သန်းနေကြရသည့် ရခိုင်ဒေသခံအားလုံး နဖူးတွေ့ဒူးတွေ့ပင်။ လေကြောင်းပစ်ခတ်မှုနှင့် ကြုံတွေ့ဖူးသည့် ဒေသခံများ၏ စိတ်သန္ဓေထဲ၌ အကြောက်တရားများဖြင့် ကိန်းအောင်းနေသည်။
“လေယာဉ်က အဝေးကြီးကမဟုတ်ဘဲ ဗုံးချတော့မလို နိမ့်နိမ့်လေးက ပျံတဲ့အခါတွေရှိတယ်။ အဲဒီအချိန်တွေဆို နှလုံးခုန်မြန်၊ ချွေးတွေထွက်ပြီး ဘာကိုမှ မသိတော့သလို ဖြစ်သွားတယ်။ ဒီကြားထဲ သားသမီးတွေကို အနားမှာ ရှာမတွေ့ရင် မျက်လုံးတွေပါ ဝါးသွားတယ်။ စိုးရိမ်စိတ်နဲ့လေ” ဟု အသက် (၅၀) အရွယ် ဒေါ်အဘုချေက ပြောသည်။
ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးရွာကို ဇူလိုင် ၆ ရက်က လေကြောင်းမှတစ်ဆင့် ဗုံး (၁၁)လုံးအထိ ကြဲချခဲ့သည့် ဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရချိန်မှစ၍ ဒေါ်အဘုချေတစ်ယောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဒဏ်ကို ခံစားနေရသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ တစ်နှစ်တာကာ ရခိုင်က မြို့နယ် ၁၀ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အထိ အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသည်။
AA ထိန်းချုပ်မြို့နယ်များကို စစ်ကောင်စီက လေကြောင်းပစ်ခတ်တိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှု လစဉ်မြင့်တက်နေပြီး တစ်နှစ်တာအတွင်း လေကြောင်း၊ လက်နက်ကြီး မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ကြောင့် သေဆုံးဒဏ်ရာရရှိသူ ၁,၆၀၀ ကျော်ထိရှိသည်ဟု DMG က ပြုစုထားသော စာရင်းအရ သိရသည်။
ရခိုင်စစ်မျက်နှာတွင် ရှုံးမဲမဲနေသော စစ်ကောင်စီ လေကြောင်းကိုအဓိကအသုံးပြုကာ အရပ်သားနေထိုင်ရာ မြို့/ ရွာများကို ပစ်မှတ်ထားတိုက်ခိုက်ကာ အကြောက်တရား သွတ်သွင်းနေသည်။
“လေယာဉ်က ပုံစံမျိုးစုံနဲ့ လာတယ်။ အခုဆိုရင် ဒရုန်းတွေကိုပါ သုံးလာတယ်။ ပြည်သူတွေက အကြောက်တရားတွေနဲ့ နေကြရတယ်။ မိဘတွေဆိုရင် သားသမီးတွေကို လက်လွှတ်ပြီး အဝေးကို မသွားခိုင်းတော့ဘူး။ ဒါက စစ်ကောင်စီက အကြောက်တရားသွင်းတာ အောင်မြင်တယ်လို့ ပြောလို့ရတယ်” ဟု လူမှုကူညီရေးဆောင်နေသူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ရခိုင်ဒေသခံများှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည့်အပြင် လေကြောင်းအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဒဏ်ကို ခံစားနေကြရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး၏ ၂၀၂၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် စစ်တမ်းဖြေဆိုသူများထဲမှ စုစုပေါင်း ၆၀ ရာခိုင်နှုန်းခန့်သည် စိတ်ဓာတ်ကျဆင်းခြင်းနှင့် စိုးရိမ်ပူပန်မှုများကို တွေ့ရကြောင်း ဖော်ပြသည်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုခံစားရသူများသည် ထိတ်လန့်စေသည့် နောက်ထပ်ဖြစ်စဉ်၊ အကြောင်းအရာများ ကြုံတွေ့ရပါက စိတ်ခြောက်ခြားကာ ပြန်လည်တုန့်ပြန်မှုဖြစ်တတ်ပြီး ထိုခံစားချက်မှာ တာရှည်နိုင်သည်ဟု စိတ်ကျန်းမာရေးဆရာဝန်များက ပြောဆိုကြသည်။
“ကြုံဖူးတာနဲ့ဆင်တူတာမျိုးတွေပေါ့။ လေယာဉ်ဗုံးကြဲသလိုမျိုး လေယာဉ်သံနဲ့တူတဲ့ အသံမျိုးတွေကြားလိုက်ရင် ဒါကြီးဖြစ်တော့မှာပဲဆိုပြီး ကြောက်လန့်တကြားဖြစ်ပြီး တကယ်လေယာဉ်ဗုံးကြဲတုန်းကအတိုင်းလိုပဲ သူ့စိတ်ခြောက်ခြားပြီး တုန့်ပြန်မှုတွေ ဖြစ်တယ်။ အဲဒီလို စိတ်ခံစားချက်တွေက ကြာတတ်တယ်။ စိတ်ကျန်းမာရေး နဲ့ပတ်သက်တဲ့ စောင့်ရှောက်မှုတွေအပြင် သူ့ဘေးနားမှာရှိတဲ့ လူတွေကလည်း သူ့ကို နားလည်ပေးဖို့လိုတယ်။ ဘာလို့လဲဆိုတော့ အဲလိုမျိုး စိတ်ဒဏ်ရာရသွားလို့ရှိရင် နည်းနည်းအချိန်ကြာတတ်တယ်” ဟု စိတ်ကျန်းမာရေး အထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာလင်းလုက ပြောသည်။
မြန်မာနိုင်ငံတွင် စိတ်ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှု အခြေအနေများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည့် အဖွဲ့အစည်းများနှင့် စိတ်ပိုင်းဆိုင်ရာ ကုစားနိုင်သည့်နေရာများ၊ ကျွမ်းကျင်မှု ပညာရှင်ဆိုင်ရာ စွမ်းဆောင်မှုများ ကောင်းစွာ မရှိသေးပေ။
ဒေါ်ရီရီသန်းကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်စဉ်တစ်ခုကြောင့် နောက်ဆက်တွဲရရှိခဲ့သည့် စိတ်ခံစားချက် (Trauma) ခံစားရသူများအတွက် စိတ်ကျန်းမာရေး ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးခြင်း၊ အကူအညီရယူခြင်း စသည့် စိတ်ပိုင်းဆိုင်ရာကုစားမှုများ လိုအပ်နေသော်လည်း ခက်ခဲနေပေသေးသည်။
မည်သို့ပင်ဆိုစေကာမူ စစ်မက်ဖြစ်ပွားရာဒေသက ပြည်သူများမှာ ထိခိုက်လွယ်ဆုံး စိတ်ပိုင်းဆိုင်ရာပြဿများမှာ အနည်းနှင့်အများ ထပ်ကြုံတွေ့နေကြရဦးမည်လည်း ဖြစ်သည်။
မည်မျှရှည်ကြာမည်ကို မမှန်းဆနိုင်သေးသည့် စစ်ရေးပဋိက္ခာကြားမှာ ပြည်သူများ ဝေဟင်ပေါ်က မရဏစက်ကွင်းထဲမှ ကင်းဝေးကြရန်သာ ဒေါ်ရီရီသန်းတစ်ယောက် မေတ္တာပို့သနေတော့သည်။
“အကုန်လုံး လေကြောင်းရန်က ကင်းဝေးဖို့ မနက်စောစောထပြီး ဘုရားရှိခိုး မေတ္တာပို့တယ်။ လေကြောင်းရန်နဲ့ပတ်သက်ပြီး ကြားလည်းမကြားချင်၊ မြင်လည်း မမြင်ချင်တော့ဘူး”