- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
- ပါကစ္စတန် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၃၀ ကျော်သွားပြီဟု တာဝန်ရှိသူများ ပြောကြား
- တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
- ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
- လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
စာအုပ်များနှင့် ကမ္ဘာ
မင်းထီးစာပေဆိုလျှင် ရခိုင်စာပေ၊ ရခိုင်သမိုင်းဆိုင်ရာ ရှားပါးစာအုပ်များနှင့် တခြားစာအုပ်ကောင်းများစွာ ရှိပေသည်။ စာကြည့်တိုက်ယဉ်ကျေးမှုထက် စာအုပ်အငှါးဆိုင် ယဉ်ကျေးမှုက ပို၍ ရှေ့တန်းရောက်ခဲ့သည်။ ယခုအချိန်တွင်ကား ထို စာအုပ်အငှါးဆိုင် တို့သည် တခြားအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်တို့အဖြစ် အသွင်ကူးပြောင်းသွားကြပေပြီ။
12 Oct 2021
DMG ၊ အောက်တိုဘာ ၁၂
(အတွေးအမြင်ဆောင်းပါး)
၁၉၉၀ ခုနှစ် ကျော် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်လောက်ထိ ရခိုင်ပြည်တွင် စာအုပ်အငှါးဆိုင် ရေစီးကြောင်း အားကောင်းမောင်းသန် ရှိနေခဲ့သည်။ ထိုစာအုပ်အငှါးဆိုင်တို့တွင် အပျော်တမ်းဖတ် စာအုပ်စာပေများကအစ ကမ္ဘာကျော် ဂန္ထဝင် ဘာသာပြန်စာအုပ်များ၊ ရခိုင်/ဗမာ စာပေအနုပညာ၊ သမိုင်း၊ နိုင်ငံရေးဆိုင်ရာ ကျမ်းကြီး၊ ကျမ်းငယ်အသွယ်သွယ်အထိ သင့်တင့်သော ဈေးနှုန်းဖြင့် ငှါးရမ်းဖတ်ရှုနိုင်ခဲ့ကြပေသည်။ ဗမာပြည်မထုတ် အလှအပ၊ စာပေနှင့် ရုပ်ရှင်ရေးရာ စသည့် လစဉ်၊ အပတ်စဉ်ထုတ် စာနယ်ဇင်းများသည် ပြည်သူတို့၏ သတင်းရင်းမြစ် မီဒီယာများ ဖြစ်ခဲ့ကြသလို လူငယ်စာပေသမားများအတွက် ကလောင်စွမ်းထက်စေရန် လေ့ကျင့်ရာ စာပေဌာနေများလည်း ဖြစ်ခဲ့ကြသည်။ စာအုပ်အငှါးဆိုင် ယဉ်ကျေးမှု ရေစီးကြောင်းသည် မြို့ပြများတွင်သာမက တိုက်နယ်၊ ကျေးလက်တောရွာများအထိ စီးဆင်းခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ နာမည်ကျော် တေးရေးဆရာ၊ ကဗျာဆရာ တစ်ယောက်ဖြစ်သူ သုခမိန်လှိုင်၏ ကဗျာလေးတစ်ပုဒ်ကို မှတ်မိပါသေးသည်။
ဝိတ်မခြင်း
ငါ့လေ့ကျင့်ခန်းက
မိုးတိမ်တွေကို မတယ်
တီးလုံး တေးသွားချည်းသက်သက် မ တယ်
စာအုပ်တွေကို မ တယ်
ရုပ်ရှင်တွေကို မ တယ်
ပြီးတော့
ကမ္ဘာကြီးကို
ရေနဲ့ ဆွဲလိုက်
ဆီနဲ့ ဆွဲလိုက်
မ တယ်။
အမှိုက်ပုံလို
အဆင်မပြေမှုများစွာ
ကျွန်တော်ဟာ မ ရဦးမှာ မဟုတ်လား။
၁၆ နှစ်သားက
မူးမြစ်ကမ်းနဖူးမြို့ကလေးပေါ်မှာ
ကျော်တင့်
အေးဆွေ
ငယ်သူငယ်ချင်းတွေနဲ့
ဝိတ်မ ခဲ့တဲ့ နေ့ကလေးတွေ
လွမ်းမိတော့တယ်။
သုခမိန်လှိုင်တို့က သူတို့ရဲ့ ဉာဏကြွက်သား သန်မာဖို့အတွက် စာအုပ်တွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေကို ဝိတ်ပြားအဖြစ် သုံးပြီး ဝိတ်မခဲ့သည်ကို ရေးသားထားသည်။
ထိုခေတ်ထိုအခါက စာအုပ်အငှါးဆိုင် ကလေးများသည် လူငယ်များအတွက် ဉာဏဝိတ်ရုံကလေးများ ဖြစ်ပေသည်။ ထို စာအုပ်အငှါးဆိုင် ပိုင်ရှင်တို့သည်ကား ပြင်ပစာပေ စဖတ်ခါစ လူငယ်တို့အတွက် စာကြည့်တိုက်မှူးကောင်းများ ဖြစ်ကြပါပေသည်။ ထိုအချိန်က စာရေးသူ နေထိုင်ရာ မြောက်ဦးမြို့တွင်လည်း စာအုပ်အငှါးဆိုင် ကလေးများ မြောက်များစွာ ရှိခဲ့သည်ကို သတိရမိပါသေးသည်။ မှတ်မိသလောက် မင်းထီး စာပေ၊ မိတ်ဆွေ စာပေ၊ နှင်းမြိုင်လယ်စာပေ၊ ဇော်ဇော် စာပေ၊ ပန်းရနံ့စာပေ စသည်တို့ မြို့ထဲတဝိုက်တွင် ရှိခဲ့ကြသည်။
မင်းထီးစာပေဆိုလျှင် ရခိုင်စာပေ၊ ရခိုင်သမိုင်းဆိုင်ရာ ရှားပါးစာအုပ်များနှင့် တခြားစာအုပ်ကောင်းများစွာ ရှိပေသည်။ စာကြည့်တိုက်ယဉ်ကျေးမှုထက် စာအုပ်အငှါးဆိုင် ယဉ်ကျေးမှုက ပို၍ ရှေ့တန်းရောက်ခဲ့သည်။ ယခုအချိန်တွင်ကား ထို စာအုပ်အငှါးဆိုင် တို့သည် တခြားအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်တို့အဖြစ် အသွင်ကူးပြောင်းသွားကြပေပြီ။
၂၀၁၀ နောက်ပိုင်း နိုင်ငံရေး ရာသီဥတု ပြောင်း၍ အင်တာနက်ယဉ်ကျေးမှု ထွန်းကားလာသောအခါ ထို ဉာဏ ဝိတ်ရုံကလေးများ တဖြည်းဖြည်း မြေလျှိုး မိုးပျံသွားခဲ့ကြသည်။ စာပေချစ်သူတို့မှာလည်း နည်းပညာ၏ အလှတရားတို့ကြောင့် ပုံနှိပ်ထုတ်ဝေသည့် စက္ကူ စာအုပ်များအပြင် Ebook များကို ဖတ်ရှုလာကြသည်။ Ebook နှင့် စက္ကူ စာအုပ်တို့တွင် အားနည်းချက်၊ အားသာချက် အသီးသီး ရှိကြ၍ မိမိတို့ အားသန်သည့်နည်းဖြင့် ဖတ်ရှုကြပေသည်။
စာအုပ်စာပေတို့ကား စာဖတ်သူများအပေါ် လွှမ်းမိုးမှု ရှိလှပေသည်။ စာရေးသူငယ်စဉ်ကဆိုလျှင် စာရေးဆရာ မင်းမြတ်သူရ၊ မင်းသိင်္ခ စာအုပ်တို့ကို သည်းသည်းမဲမဲ ဖတ်လှပေရာ သူတို့၏ ဇာတ်ကောင်များကို သဘောကျလှ၍ တက္ကသိုလ် ကျောင်းသားအရွယ်ထိ အရောင်ပေါ်လွင်သော အဝတ်အထည် တို့ကို မဝတ်ဘဲ အရောင်မှိန်ဝင်းသော အဝတ်အထည် တို့ကိုသာ ဝတ်ဆင်ခဲ့သည်။ အလယ်တန်း ကျောင်းသားအရွယ်တွင် ဒဂုန်ရွှေမျှား၊ ရွှေဥဒေါင်းတို့၏ စာအုပ်တို့ကိုလည်း ဖတ်ရှုလာခဲ့ရာ ရှေးဟောင်းသုတေသီသမားလိုလို ရတနာသိုက်မုဆိုးလိုလို မြောက်ဦးမြို့ရှိ နန်းတော်ရာကုန်း၊ ရှေးဟောင်းခံတပ်များရှိရာ တောင်များ၊ တောများကို ကျောင်းပြေး၍ သွားလာခဲ့ကြသည်အထိ ဖြစ်သည်။ စာရေးသူ မိတ်ဆွေတစ်ဦးဆိုလျှင် အလယ်တန်းကျောင်းသားဘဝက ဝိပဿနာ စာအုပ်တစ်အုပ်ဖတ်မိရာက လက်တွေ့ကျင့်ကြံသောကြောင့် မိဘဘိုးဘွားများက ခြောက်လှန့်တားမြစ်ခဲ့ကြသည်ဟု သူ၏ပြောပြချက်အရ သိရသည်။
စာအုပ်စာပေဖတ်ရှုခြင်းသည် ကောင်းသည်ဆိုသောအချက်ကို ငြင်းခုံစရာ မရှိပါ။ စိတ်ပညာပါရဂူတို့၏ အဆိုအရ လူတို့၏ အကျင့်စာရိတ္တကို ဖန်တီးသော အကြောင်းကြီးသုံးရပ် မှာ -
၁) မျိုးရိုးဗီဇ (Genius)
၂) သင်ကြားပြသမှု (Teaching)
၃) ပတ်ဝန်းကျင် (Environment) တို့ ဖြစ်ကြသည်။
ဆရာကြီး ရွှေဥဒေါင်းက သူ၏ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်တွင် သူသည် စာကောင်းပေကောင်းများ ဖတ်ရှုရခဲ့သဖြင့် လူတစ်လုံးသူတစ်လုံး ဖြစ်ခဲ့ရကြောင်း သုံးသပ်ထားရာ စာအုပ်စာပေ၏ လွှမ်းမိုးမှုကို သတိချပ်နိုင်ပေသည်။ သို့ဖြစ်၍ ကလေးတို့ကို လမ်းလျှောက်တတ်ရန် သင်ပေးသကဲ့သို့ စာအုပ်စာပေဖတ်ရှုခါစ လူငယ်လူရွယ်တို့ကို လမ်းညွှန်ရန် စာကြည့်တိုက်မှူးကောင်းများ လိုအပ်လှပေသည်။
ယခုအချိန်တွင် ရခိုင်ပြည်၌ စာကြည့်တိုက်ယဉ်ကျေးမှု ဖွံ့ဖြိုးစပြုလာသည်ကို တွေ့ရှိရသည်။ မြို့အများအပြား၌ များသောအားဖြင့် အသက် ၃၀ နှစ် အောက် လူငယ်များ ဦးဆောင်၍ Mobile Library များ ဖြစ်ပေါ်လာသည်မှာ အားရဖွယ်ကောင်းလှပေသည်။ စာလှီရမ္မာ၊ စာပီဂါရီ၊ စာပီလီညှင်း၊ စာပီဗရီ စသည်ဖြင့် မိမိတို့မြို့၏ ဂုဏ်အင်္ဂါသွင်ပြင်နှင့် ကိုက်ညီသည့်အမည်များဖြင့် ရွေ့လျားစာကြည့်တိုက်များစွာ တွေ့ရှိရသည်။ ထို ရွေ့လျားစာကြည့်တိုက်များသည် စာအုပ်အလုံအလောက်ရရှိရေး၊ ရံပုံငွေ ရရှိရေး၊ သယ်ယူပို့ဆောင်ရေး၊ စာအုပ်များ ထိန်းသိမ်းရေး စသည့်အခက်အခဲ ပေါင်းများစွာနှင့် ရင်ဆိုင်လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။
"အများအားဖြင့် ပြည်သူအများစုမှာ စာကြည့်တိုက်ကို စာအုပ် သိုလှောင်ထားရှိရာ နေရာ၊ စာကြည့်တိုက်မှူးကိုလည်း စာအုပ်ထိန်မျှသာ ထင်တတ်ကြသည်။ အမှန်မှာ စာကြည့်တိုက်သည် ပညာလိုလားသူတို့ မိမိတို့ဘာသာ လွတ်လပ်စွာ ပညာလာရှာသော တက္ကသိုလ်တစ်မျိုးဖြစ်ပေသည်။ ဉာဏ်ထုတ်ရာ ဉာဏ်အလုပ်ရုံကြီးဟုလည်း ဆိုအပ်သည်။ တဖန် စာကြည့်တိုက်မှူးဆိုသည်မှာ တကုပ်ကုပ်နှင့် စာဖတ်နေသော စာအုပ်ထိန်းမျှသာ မဟုတ်ပါ။ စာကြည့်တိုက်စည်ကားအောင်၊ စာအုပ်တိုးပွားအောင်၊ စာအုပ်များကို ဖတ်ချင်စဖွယ်ဖြစ်အောင် စာကြည့်တိုက်အတွက် ငွေအလုံအလာက်ရှာမှီးတတ်သူ၊ သင့်တော်သောစာအုပ်ကို ရွေးချယ်တတ်သူ၊ အစီအမံအအုပ်အချုပ်တတ်သူ၊ စာလည်း အတော်အတန်ဖတ်ဖူးသူဖြစ်သည်။" ဟု ဆရာဇော်ဂျီ၏ မြန်မာနိုင်ငံစာကြည့်တိုက်သမိုင်းအကျဉ်းချုပ်ဆောင်းပါးတွင် ရေးသားထားသည်။
စာကြည့်တိုက်၏သဘောမှာ ရေတိုလုပ်ငန်းမျိုးမဟုတ်ဘဲ ရေရှည်လုပ်ငန်းမျိုးဖြစ်ရာ စာကြည်းတိုက်များ သက်တမ်းရှည်ကြာခိုင်မာလာလေ အမျိုးသားတစ်ရပ်လုံးအတွက် အကျိုးရှိလေ ဖြစ်ပေသည်။ ဖေမြင့်၏ စာအုပ်ကမ္ဘာ၊ စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး၊ အခြား စာအုပ်စာပေ၊ မီဒီယာ များမှတဆင့် တွေ့ရှိရသည့် နိုင်ငံတကာ တက္ကသိုလ်စာကြည့်တိုက်များ၊ အမျိုးသားစာကြည့်တိုက်များမှာ လွန်စွာပင် အားကျဖွယ်ကောင်းလှသော ပညာရေးရပ်ဝန်းကြီးများ ဖြစ်နေသည်။ ထိုစာကြည့်တိုက်များကို အသုံးပြုသူများမှာ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/မ များ၊ ဘာသာပြန်ဆရာများနှင့် စာပေသမားများ စသည့် နယ်ပယ်စုံမှ ပညာလိုလားသူများ ဖြစ်ကြသည်။ ပညာရှင်ကြီးများ၊ စာရေးဆရာကြီးများက ကမ္ဘာကျော် စာရေးဆရာများ၏ အတ္ထုပ္ပတ္တိ နှင့် ၎င်းတို့ရေးသော စာပေများကို ဆွေးနွေးကြ၊ ဟောပြောကြသည်။
အင်္ဂလိပ်ခေတ်က စစ်တွေမြို့၌ စလေဒင်စာကြည့်တိုက်ဟူ၍ ရှိခဲ့သည်ဟု ဖတ်မှတ်ဖူးသည်။ မြောက်ဦးမြို့တွင်လည်း မြောက်ဦးခေတ်လက်ရာ ပိဋကတ်တိုက်တော်များသည် ယခုခေတ်အခေါ် စာကြည့်တိုက်များ သဘောပင်ဖြစ်သည်။ "နိုင်ငံများက စစ်ပွဲများကို ဖန်တီးသည်၊ စစ်ပွဲများက နိုင်ငံများကိုဖန်တီးသည်။" ဤသဘောတရားအရ ကျွန်ုပ်တို့ ရခိုင့်လူ့အဖွဲ့အစည်း ဆန္ဒပြည့်ဝသည့်အချိန်တွင် ပညာနှင့်မွေ့လျော်သည့် ရခိုင့်လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာရန် လိုလားပါသည်။ ရခိုင်ပြည်တွင် အမျိုးသားအဆင့် စာကြည့်တိုက်များ ပေါ်ထွန်းလာစေလိုပါသည်။
၁၉ ရာစုနှစ်၏ ဒုတိယပိုင်းကာလ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကို တိုက်ပြီးချိန်၊ အရှေ့ဖျားရှိ တရုတ်နိုင်ငံတွင် ဘိန်းစစ်ပွဲကို ဆင်နွှဲနေချိန်။ တစ်နည်းအားဖြင့် ဗြိတိသျှအင်ပါယာကို ချဲ့ထွင်နေချိန်မှာ အင်္ဂလိပ်လူမျိုး စာပေအနုပညာ ဝေဖန်ရေးဆရာ၊ ပန်းချီဝေဖန်ရေးဆရာ၊ ဗိသုကာဝေဖန်ရေဆရာ ဂျွန်ရပ်စကင်းက-
"လူမျိုးတစ်မျိုးဟာ စာပေကို အထင်သေးနေရင်၊ သိပ္ပံပညာကို အထင်သေးနေရင်၊ အနုပညာကို အထင်သေးနေရင်၊ သဘာဝကို အထင်သေးနေရင်၊ မေတ္တာ၊ ကရုဏာကို အထင်သေးနေရင်၊ ပိုက်ဆံနောက်ကိုသာ ငမ်းငမ်းတက်လိုက်နေရင် အဲဒီလူမျိုးဟာ ရေရှည်တည်တံ့နိုင်မှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။
အောင်ငြိမ်းဇော် (မြောက်ဦး)_ ရေးသားသည်