လွမ်းမောရပါသော မိုးတွင်း စာဖတ်ချိန်လေးများ

မိုးစက်တွေကျလေတိုင်း အပြင်သိပ်မထွက်ဖြစ်ဘဲ စာအုပ်ကိုင်ယင်း ပြတွင်းပေါက်နားဖြစ်ဖြစ်၊ အိပ်ရာထဲမှာပင်ဖြစ်ဖြစ် စာဖတ်တတ်သည့် အလေ့အကျင့်ကတော့ အခုချိန်ထိပျောက်မသွားတာက ထူးခြားနေသည်။

By အောင်လင်းဟိန်း 15 Jul 2021

လွမ်းမောရပါသော မိုးတွင်း စာဖတ်ချိန်လေးများ

အောင်လင်းဟိန်း(SKY) ရေးသည်။

ဇွန်၊ ဇူလိုင်လ မိုးရေစက်များသည် ငယ်ဘဝနှင့် လွန်လေပြီးသည့် အတိတ်အချိန်များကို ပိုသတိရစေသည်။ အထူး သဖြင့် ငယ်စဉ်တောင်ကျေးကလေးဘဝက အခုလိုအချိန်မျိုး မိုးသည်းသည့် နေ့လည်ခင်းများမှာ ‌အပြင်လည်း မထွက်ဖြစ်တော့ဘဲ စောင်လေးခြုံကွေးကာ စာအုပ်ဖတ်ခဲ့ရသည်များကို ပိုတမ်းတမိသည်။

မိုးကကောင်းကောင်း ချမ်းစိမ့်စိမ့်နှင့် တစ်ချိန်က စာဖတ်ချိန်လေးများသည် ဘဝ၏ မမေ့နိုင်ဆုံးသော အခိုက်အတန့်များပင်ဖြစ်သည်။ ယင်းကဲ့သို့ ဝသန်လေချိန်မှန်ကူးချိန်တွင် ဆရာဆွေမင်း(ဓနုဖြူ)ရဲ့ မြိုင်ရာဇာတွတ်ပီ ရုပ်ပြစာအုပ်လေးတစ်အုပ်ကို အိပ်ရာထဲမှောက်လဲယင်း ဖတ်ခဲ့ရသည်က ဘာနဲ့မှလဲလို့မရ။ တစ်ခါတစ်ရံ ရှားလေ့ဟုမ်း စုံထောက်ဝတ္ထုများကို အခြေခံထားသည့် ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်မောင်စံရှား ဘာသာပြန်ဝထ္တုများ ဖတ်ခွင့်ကြုံခဲ့ပါက ညနေ ထမင်းစားချိန် ဘယ်လိုရောက်သွားသလဲ မသိလိုက်သလိုမျိုး ကြုံခဲ့ဖူးကြပါလိမ့်မည်။

မှတ်မှတ်ရရ ဘဝမှာ စာအုပ်စာပေများနှင့် စတင်ထိတွေ့ခဲ့သည်က တတိယတန်းကျောင်းသားဘဝကပင် ဖြစ်သည်။ ဦးလေးတစ်ယောက်က အင်္ဂလိပ်စာလေ့လာသည့်အနေဖြင့် ရွှေသွေးရုပ်ပြစာစောင်ကို မှာယူလို့ ထင်သည်။ ထိုစဉ်က ရွှေသွေးစာစောင်ရုပ်ပြ ကာတွန်းစာတန်းများတွင် အင်္ဂလိပ်လို ဘာသာပြန်ထားသည်။ မိမိအဖို့ကျတော့ သာမန်ကာတွန်းဇာတ်ကောင်လေးတွေရဲ့ ဇာတ်လမ်းတွေကို ဖတ်ကြည့်ယင်း စာဖတ်ချင်စိတ် ပိုမိုရလာခဲ့ခြင်းဖြစ်သည်။  ကျောင်းပိတ်ရက် စနေနေ့တိုင်း ရွှေသွေးဂျာနယ်လာပို့တဲ့ ဦးလေးကြီး စာစောင်လာပို့ ချိန်ကို မျှော်လင့်နေခဲ့တာက အမောမော၊၊

ထိုအချိန်က အပတ်စဉ်ထုတ် ရွှေသွေးစာစောင်များတွင် မိမိအနှစ်သက်ဆုံးဇာတ်ကောင်များမှာ ဘိုဘို၊ ဘယ်ကျော်၊ စိန်မျောက်မျောက်တို့ဖြစ်သည်။ ကာတွန်းဆရာ မင်းဇော်၏ ဘိုဘိုဇာတ်ကောင်မှာ တလွှဲတွေလျှောက်လုပ်ယင်း အိမ်မှာအပြစ်ပေးခံရသည့် ဇာတ်လမ်းနောက်ခံများကို သဘောကျမိသည်။ ဘိုဘိုလိုပဲ ဘယ်ကျော်တို့ စိန်မျောက်မျောက်တို့၊ ပြာဂလောင်ပြာလချောင် ဇာတ်ကောင်နာမတွေဟာ မူလတန်းကလေးဘဝက အားကျရဆုံး ကောင်လေးတွေ ဖြစ်နေသည်။

ရွှေသွေးစာစောင်၏ နောက်ဆုံးပိတ်စာမျက်နှာ၏ စာမျက်နှာတစ်ဝက်ခန့်ပါ ဟာသဇာတ်လမ်းတိုအပိတ်ကို ပိုမိုသဘောကျမိသည်။ တိုတိုတုတ်တုတ်နှင့် ထိမိလွယ်သော စာလေးများသည် ဘဝအမောပြယ်စေခဲ့သည်။ ကျောင်းအတူတက်သည့် သူငယ်ချင်းတစ်ယောက်ဆိုရင် စာဖတ်ဝါသနာပါသလို ကာတွန်းဇာတ်ကောင်တွေကိုလည်း ပုံတူပန်းချီဆွဲတတ်လို့ ကျွန်တော်နှင့် ပိုမိုခင်မင်ကြသည်။ ကျူရှင်တက်ကြတော့ ဆရာမက သူတို့မိသားစုမောင်နှမတွေ ဖတ်ကြသည့် တေဇရုပ်စုံ၊ မိုးသောက်ပန်းနှင့် အခြားသော ကလေးဖတ်စာအုပ်လေးများ ပေးဖတ်တော့ စာဖတ်တာကို ပိုမိုခုံမင်လာခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းဂိမ်း တီဗီဂိမ်းမရှိခဲ့သည့် ထိုအချိန်များ တစ်ခါတစ်လေပြန်ရောက်ချင်သေးသည်။ ယခုအချိန်များ ဂိမ်းစွဲ ကလေးများအတွက် စာဖတ်ဖို့အချိန်နှင့် အခြေအနေများကို အုပ်ထိန်းသူများ ဖန်တီးပေးသင့်သည်ဟု ယူဆသည်။ ကိုယ်ကသာ ငယ်ငယ်ဘဝက စောင်ခြုံကွေးစာဖတ်ခဲ့ရသည့် အကြောင်းကို ပြောနေရသည်။ အိမ်ကတူလေး တွေက အဲယားကွန်းအခန်းထဲမှာ စောင်ခြုံကွေးကာ နားကျပ်ပိတ်နားထောင်ပြီး ကွန်ပျူတာဂိမ်းကစားနေရသည့် မြင်ကွင်းလေးမြင်ရတော့ တစ်ချိန်မှာ ကျွန်တော့လို အသက်ရွယ်ရောက်လာတော့ အခုလိုမျိုးမြင်ကွင်းအကြောင်း အက်ဆက်တွေ ရေးနေမလား ဒါမှမဟုတ် ဂိမ်းတွေအကြောင်းချည်း ပြောနေကြမလား တွေးဖြစ်မိ၏။

အလယ်တန်းကျောင်းသား ဘဝရောက်တော့ စာအုပ်ဆိုင်က စာအုပ်လေးတွေ ငှါးဖတ်တတ်လာသည်။ ထိုစဉ်က ရပ်ကွက်ထဲက စာအုပ်ဆိုင်လေးမှာ မှတ်မှတ်ရရ တစ်ခုတည်းရှိသည့် စာအုပ်အငှါးဆိုင်တစ်ဆိုင်သာရှိသည်။ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ရုပ်ပြများနှင့် ဝတ္ထုစာအုပ်များကို တင်လေ့ရှိသည်။ စာအုပ်ဆိုင်သွားငှါးရသော်လည်း အိမ်ကရုပ်ပြသာဖတ်ခွင့်ရပြီး ဝတ္ထုစာအုပ်ဖတ်ခွင့်မရှိချေ။ အချစ်ဝတ္ထုများဖတ်မိပြီး စိတ်ကူးယာဉ်ကာ ရည်းစားထားမှာကို ကြောက်လို့ထင်သည်။

တကယ်တော့ စာအုပ်တွေဖတ်လို့ထက် ကိုယ်တိုင်ဇရှိနေသည်ကို အိမ်ကလူတွေမသိကြ။ မိမိအဖို့လည်း စာအုပ် ထူလွန်း၊ ရှည်လွန်းပြီး ဖတ်ချိန်ကြာလွန်းသည့် ဝတ္ထုစာအုပ်များကို စိတ်ဝင်စားလေ့မရှိ။ လစဉ်ထုတ်သည့် မြိုင်ရာဇာတွတ်ပီ၊ ဘိုဘိုနှင့် အခြားစွန့်စားခန့်များပါဝင်သည့် ကာတွန်းစာအုပ်တွေကိုသာ ခုံမင်လေ့ရှိသည်။

ကာတွန်းရုပ်ပြတွေဖတ်နေယင်း ဦးလေးက မင်္ဂလာမောင်မယ်တို့ မြတ်မင်္ဂလာတို့လို ဓမ္မပဒဖော်ညွှန်းသည့် စာအုပ်လေးများကို ဖတ်ဖြစ်သည်။ ရုပ်ပြမှ စတင်ခွဲထွက်ဖတ်ဖြစ်သည့် အနေအထားပင်ဖြစ်သည်။ ထိုစာအုပ်များထဲက ကံ ကံ၏အကျိုးများအကြောင်းကို ဥပမာပေးရေးသားထားသည့် ဗုဒ္ဓဝင်စာစုလေးများသည် ဆင်ခြင်ဖို့၊ ဝေဖန်သုံးသပ်ဖို့နှင့် အများအကျိုးပျက်မှာကို မလုပ်ဖို့ လမ်းခင်းထားသည့် စာများပင်ဖြစ်သည်။ တစ်ပါးသူကို ကူညီရိုင်းပင်းအနစ်နာခံယင်း ဘဝကံကောင်းခဲ့သလို မပြုလုပ်ထိုက်သည် တွေကို ချိုးဖောက်လုပ်ယင်း ဒုက္ခရောက်သွားတာတွေကို စတင်သတိပြုမိသည့် စာစောင်များဖြစ်သည်။

ငါးတန်းကျောင်းသားဘဝမှာ မှတ်မှတ်ရရ အဖေစာအုပ်လေးတစ်အုပ် လက်ဆောင်ပေးရင်း ဖတ်ခိုင်းသည်။ ထိုစာအုပ်လေးက ဆရာဖေမြင့်ရေးသားသည့် နှလုံးသားအာဟာရ ရသစာများ စာအုပ်ဖြစ်သည်။ အဲသည် စာအုပ်ထဲက ရသဆန်ဆန် ရင်ထဲကိုတကယ်ထိမိသော အကြောင်းအရာများကို အခုချိန်ထိ ပင်ဖတ်ဖြစ်နေဆဲပင် ဖြစ်သည်။ ထိုအချိန်မှစတင်ကာ ရသစာပေစာအုပ်များကို စတင်ဖတ်တတ်လာခဲ့သည်။

အိမ်မှာတော့ အဖေ ဖြစ်သူရော၊ အမေဖြစ်သူပါ စာဖတ်ကြသလို ကျွန်တော်တို့ မောင်နှမငါးယောက်စလုံး စာဖတ်ဝါသနာပါကြသည်။ အမေကတော့ ဆရာနန္ဒာသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း၊ အသွင်သတန်တို့၏ နောက်ကွယ်၊ မိတ်ကောင်းဆွေကောင်းများနှင့် ခရီးသွားရခြင်း စာအုပ်တွေကို တော်တော်ကြိုက်သည်။

အိမ်ကအစ်ကိုလေးက စာအုပ်တွေ ဆိုင်ကငှါးယူလာတိုင်း အားလုံးဝိုင်းဖတ်ဖြစ်ကြသည်။ စာအုပ်တွေ ငှါးဖတ်တော့လည်း မြို့ထဲကထိုစဉ်က စာအုပ်အငှါးဆိုင်ကြီးတွေကို သဘောကျမိသည်။ မိမိဖတ်ချင်သည့် စာအုပ်များစွာကို ဖတ်ရှုခွင့်ရလို့ပင်ဖြစ်သည်။ သို့သော် အိမ်ကလူတွေကမူ စာအုပ်ဆိုင်က စာအုပ်ငှါးဖတ်တာကို နွေရာသီကျောင်းအားလပ်ရက်များတွင် ဖတ်စေသည်။ ကျောင်းစာကို ထိခိုက်မှာစိုးလို့ထင်သည်။

ကျောင်းတက်တော့ အိမ်ကမသိအောင် သူငယ်ချင်းတွေနှင့် ခိုးဖတ်ကြသေးတာကိုလည်း သတိရသေးသည်။ စစ်တွေမြို့ အ.ထ.က(၂) ကျောင်းတော်ကြီး၏ အရိပ်ရကုက္ကိုလ်ပင်အောက်တွင် မုန့်ဆင်းစားချိန်ဆို ထိုင်ဖတ်ကြသေးသည်။ ခြောက်တန်းကျောင်းသားဘဝမှာတော့ သုတ၊ ရသစာပေများကြွယ်ဝသည့် စာအုပ်များ၊ စာစောင်များ ဖတ်ယင်း စာရေးဆရာမင်းလူ၏ ဝတ္ထုများဖတ်တတ်ခုံမင်လာသည်။ ဆရာမင်း လူဝထ္တုတွေထဲက တက္ကသိုလ်ကို နောက်ခံထားသည့် ရေတမာစာအုပ်ကတော့ သူငယ်ချင်းတွေနဲ့ လက်ခပ်မကျ။ လူငယ်အကြိုက် အတွေးအခေါ်တွေ၊ ဗဟုသုတတွေနှင့် ဟာသသရော်စာတွေ ရေးသားတတ်သည့် ဆရာမင်းလူစာအုပ်တွေကို အခုထိ ဝယ်ယူသိမ်းဆည်းထားတုန်းပင်ဖြစ်သည်။

ထို့နောက် ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်စာအုပ်များကို ဖတ်ကြသည်။ ကျွန်တော်တို့သားဖ ညီအစ်ကိုတွေ အကြိုက်ဆုံးစာအုပ်က ဆရာကြီး‌ရွှေဥဒေါင်း၏ ရတနာသိုက် စာအုပ်ဖြစ်သည်။ နာမည်ကျော်ပြင်သစ်ဆရာကြီး အလက်စန္ဒား ဒူးမားရေးသားသည့် The Count of Monte Christo ကို ဘာသာပြန်ထားသည့် စာအုပ်ပင်ဖြစ်သည်။

စာအုပ်ထဲမှာတော့ ချစ်ရသူနှင့် လက်ထပ်ခါနီး မတရားဖမ်းဆီးခံထား ရသူ ဒန်တီဆိုသည့်လူတစ်ယောက် တစ်သက်တစ်ကျွန်းထောင်ကျနေစဉ် ဖခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရပြီး ထောင်ထဲတွင် မမျှော်လင့်ဘဲ ထွက်ပြေးဖို့ကြိုးစားနေသည့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးနှင့် မထင်မှတ်ဘဲ ဆုံယင်းမှ လွတ်မြောက်အောင်ကြိုးစားခဲ့သည် ထောင်တွင်းအတွေ့အကြုံများကိုပါဖတ်ရသည်။ ထို့အတူ အကျဉ်းထောင်က လွတ်မြောက်အောင်ကြိုးစားပြီး မိမိကိုဒုက္ခပေးခဲ့သူများကို လက်စားချေယင်း  မွန်တီခရစ်စတို နယ်စားသူဌေးကြီးတစ်ယောက်ဖြစ်လာသည့် ပြင်သစ်နိုင်ငံနောက်ခံနှင့် လူတစ်ယောက်၏ဘဝ အနိမ့်အမြင့် ဖြတ်သန်းခဲ့ရသည့်အကြောင်းကို အရူးအမူးဖတ်ခဲ့ရသည့် စာအုပ်တစ်အုပ်ပင်ဖြစ်သည်။

နောက်တော့ ဆက်တိုက်ဆိုသလိုပင် ဆရာကြီးရွှေဥဒေါင်း၏ ရူပနဒီ ရူပကလျာဏီ၊ သူတော်စိန်၊ လမ်းနှစ်သွယ်၊ ဆင်စွယ်ဂမုန်း၊ မျော်တလင့်လင့်၊ လူသန်ကြီး၊ ဇော်ဟိတ်နှင့် စုံထောက်မောင်စံရှား စသဖြင့်စာအုပ်တွေကိုလည်း ဖတ်ဖြစ်ကြသည်။ ဆရာကြီးရွှေဉီးဒေါင်းစာအုပ်တွေဖတ်ယင်း ကတုံးပေါ်ထိပ်ကွက်တင်သူတွေကို အားကျ လာသည်။ အချိန်တိုအတွင်း ဆုံးဖြတ်ချက်များချရသည့် အခိုက်အတန့်လေးများ သဘောကို ပိုမိုနားလည် လာသည်။ လျှို့ဝှက်ချက်များနောက်ကွယ်က ဖော်ထုတ်ရခက်ခဲ့လွန်းသည့် ပြဿနာများအကြောင်းကို ပိုမို သဘောတွေ့လာသည်။ နောက်တစ်ချက်က ဆရာကြီး၏ ဘာသာပြန်အတတ်ပညာပင်ဖြစ်သည်။ နိုင်ငံတကာ စာပေများကို မှီငြမ်းယင်း မြန်မာမှုပြုထားကာစာဖတ်သူများအတွက် ပိုမိုရင်းနှီး‌အောင်ဆီလျှော်အောင် ဘာသာပြန် ထားမှုများကို မလေးစားဘဲမနေနိုင်ပေ။

သူ့စာဖတ်ယင်း မြန်မာစာရေးချင်လာအောင် ရေးတတ်လာအောင်ထိဖြစ်ခဲ့ရသည့် စာရေးဆရာကြီးတစ်ဦးလည်း ရှိသေးသည်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ပင်ဖြစ်သည်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်တွေဖတ်ယင်း ကဗျာသီကုံးချင်စိတ်တွေနှင့် မြန်မာစာ စကားပြေများကို ပိုမိုစိတ်ဝင်စားလာသည်။ စာအုပ်ထဲက ဇာတ်ကောင် တွေလည်း အပြင်မှာတကယ်ရှိနေသလိုခံစားလာရသည်။ သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင် စာအုပ်ကို စဖတ်တော့ စာအုပ်ထဲက မောင် နှင့် ခိုင် အကြောင်းကို အိမ်မှာ မောင်နှမတွေအကြား စကားစစ်ထိုးကြသည်။

အထူးသဖြင့် ဇာတ်လမ်း၏အဆုံးမှာ မောင်၏ ဆုံးဖြတ်ချက်က မှားသည် မှန်သည် စသဖြင့် ဆွေးနွေးကြသလို တစ်ခါမှ သတိမထားမိသည့် နှစ်လွှာပေါင်းမှ တစ်ရွက်သာဖြစ်သည့် စွယ်တော်ရွက်တွေကို ပိုမိုခုံမင်လာသည်။ စိန်ပန်းတွေ၊ ကံ့ကော်တွေ၊ ရွက်ဝါတွေနှင့် သဘာဝတရားကို ပိုချစ်မြတ်နိုးလာတတ်သည်။ အဲသည်လိုပဲ မိုးညအိမ်မက်မြူထဲက မောင်ညိုမိုင်းကို စိတ်ဝင်စားမိသလို အပြင်မှာ တစ်ခါမှမ မြင်ဖူးသည့် တယောတူရိယာကိုပင် တီးတတ်ချင်လာလေသည်။

ထို့အတူ နွေကန္တာဦး စာအုပ်ထဲက အိမ်ကြီးက အပြင်မှာ တကယ်များရှိနေမလား တွေးဖြစ်မိသေးသလို တစ်ပြည်သူမရွှေထားရုပ်ရှင်ကားကို ကြည့်ရတော့လည်း အရူးအမူးပင်ဖြစ်သည်။  အနုစိတ်သဏ္ဍန်နှင့် ဂန္ထဝင်ဆန်သည့် စကားပြေများ၊ သီချင်းများ၊ ကဗျာများကို စာဖတ်သူများကို ရင်ထဲထိအောင် သီကုံးခံစားတင်ပြသည့် ဆရာတက္ကသိုလ်ဘုန်းနိုင် စာအုပ်များထဲက ဘဝနှင့်ခံစားချက်၊ ဘဝနှင့် ပညာရေး၊ နှလုံးသားရေးရာများအကြား ဗျာများလေတိုင်း လက်တွေ့ဘဝကို ဦးစားပေးတတ်သည့် ဇာတ်ကောင်တွေကို သဘောကျမိသည်။

ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက်သည့်တိုင် မိုးရွာချိန်လေးများတွင် စာဖတ်ရသည့်အလေ့အကျင့်သည် ပျေက်မသွားဘဲဖြစ်နေသည်။ တက္ကသိုလ်စာကြည့်တိုက်ထဲက နေရာတစ်ခုမှာထိုင်ယင်း စာဖတ်ခဲ့ရတာကို သတိရ စေသည်။ တက္ကသိုလ်ကျောင်းသားဘဝမှာတော့ ဘာသာပြန်စာအုပ်များ၊ အင်္ဂလိပ်လိုရေးသည့် မဂ္ဂဇင်းများ၊ ပုံပြင် ဝတ္ထုများကိုဖတ်တတ်လာသည်။

သို့ရာတွင် မြန်မာလိုရေးသားထားသည့် စာအုပ်များဖတ်ရှုမှုက လျော့ကျမသွားသည့်အပြင် ပိုမိုတိုးဖတ်လာသည်။ ဆရာမြသန်းတင့်၊ ဆရာအောင်သင်း၊ ဆရာမဂျူး၊ ဆရာမောင်ပေါ်ထွန်း၊ ဆရာလယ်တွင်းသားစောချစ်၊ တာရာမင်းဝေနှင့် အခြားသုတရသရေးသားသည့် စာအုပ်များကို ပိုမိုဖတ်ရှု လာသည်။ ထိုအထဲက ဘကြီးမိုး ဆရာမောင်မိုးသူဆိုလျှင် မော်ဒန်သတင်းဂျာနယ်မှာ စာရေးယင်းတွေ့ဆုံကြပြီး ဆရာခင်မောင်ဝင်း(စစ်တွေ)နှင့်အတူ ဘကြီးမိုးနေအိမ်ထိ သွား‌ရောက်တွေ့ဆုံကြသည်ကလည်း အမှတ်တရ လေးတွေပေါ့။ ဆရာကျွန်းသားငမန်းနှင့်အတူ ရန်ကုန်ကသတင်းမီဒီယာညီလာခံပွဲတွေ တက်ခဲ့တုန်းကဆိုရင် နာမည်ကြီးသတင်းစာဆရာများ၊ စာရေးဆရာများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ စိတ်မကောင်းစရာက ကျွန်တော် အကြိုက်ဆုံးစာရေးဆရာတွေဖြစ်ခဲ့ရတဲ့ ဆရာရွှေဦးဒေါင်း၊ တက္ကသိုလ်ဘုန်းနိုင်နှင့် ဆရာမင်းလူတို့ကို အပြင်မှာ တစ်ခါမှ မမြင်ဖူးလိုက်ခြင်းပင်ဖြစ်သည်။

ကိုယ်တိုင်စာပေနယ်ထဲကို စတင်ဝင်ရောက်လာတာက တက္ကသိုလ်ကျောင်းပြီးစ ၂၀၀၇ ခုနှစ်ဝန်းကျင်ကာလက နယ်သတင်းထောက် အလွတ်တမ်းဂျာနယ်လစ်တစ်ယောက်အနေဖြင့်ဖြစ်သည်။ ထိုစဉ် အပတ်စဉ်ထုတ်ဂျာနယ် တစ်ခေတ်ဖြစ်ပြီး 7 Day News Journal, မော်ဒန်၊ ကုမုဒြာ၊ ဈေးကွက်၊ ဖလားဝါးနယူစ်း၊ ရန်ကုန်တိုမ်း၊ ယုံကြည်မှု ဂျာနယ်၊ The Action Times ဂျာနယ်တွေမှာ အပတ်စဉ်သတင်းတွေလိုက်ရင်း ရေးပို့ခဲ့သည်။ သတင်းရေးဖန် များလာတော့ ဆောင်းပါးအဆင့်၊ အက်ဆေးရသစာတမ်းအဆင့်တွေထိတက်ရင်း စာရေးသားတတ်လာခဲ့လေပြီ။ သို့ရာတွင် ထိုစဉ်က မည်သည့်သင်တန်းမှမျှမရှိခဲ့ဘဲ ကိုယ့်ဘေးနားက ဆရာတချို့၏ ဖန်တီးချက်များ ကြည့်ဖတ်ကာ အကြံပြုချက်များအတိုင်း ရေးသားခဲ့ခြင်းဖြစ်သည်။

တကယ်တော့ လွန်လေပြီးသည့် အတိတ်ချိန်လေးများတွင် စာဖတ်ခဲ့ရသည့် အလေ့ကျင့်ကောင်းများသည် ဘဝ၏ အကောင်းဆုံးလက်ဆောင်များကို ယူလာခြင်းပင်ဟုထင်သည်။

မိုးစက်တွေကျလေတိုင်း အပြင်သိပ်မထွက်ဖြစ်ဘဲ စာအုပ်ကိုင်ယင်း ပြတွင်းပေါက်နားဖြစ်ဖြစ်၊ အိပ်ရာထဲမှာပင်ဖြစ်ဖြစ် စာဖတ်တတ်သည့် အလေ့အကျင့်ကတော့ အခုချိန်ထိပျောက်မသွားတာက ထူးခြားနေသည်။ စာအုပ်တွေဖတ်ရင်း စာရေးချင်လာသည့် ဆန္ဒလေးတွေပင် အကောင်းဆုံးအရာများပင်ဖြစ်လေမလား။ ကျွန်တော့အဖို့တော့ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကာလများကလို မိုးရွာတဲ့အချိန်တွေမှာ စာဖတ်ရတဲ့ခံစားချက်လေးကိုတော့ အခုလို မိုးစက်တွေကျတိုင်း တမ်းတအောက်မေ့ နေဆဲပင်ဖြစ်သည်။