- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ညှိနှိုင်းမရခြင်း၏ ဆုံးရှုံးမှု
ရခိုင်ပြည်သူအများစုကို ကိုယ်စားပြုသည့် ရခိုင်အမျိုးသားပါတီ(ANP) ဦးဆောင်သော ရခိုင်လွှတ်တော်နှင့် ဒီချုပ်ပါတီဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့တို့အကြား ပွတ်တိုက်မှုမြင့်မားလာသည်ဟု ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက အသံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
03 Jul 2018
မောင်ကံ ရေးသားသည်။
ဇူလိုင်လ ၃ ရက် / DMG
ရခိုင်ပြည်သူအများစုကို ကိုယ်စားပြုသည့် ရခိုင်အမျိုးသားပါတီ(ANP) ဦးဆောင်သော ရခိုင်လွှတ်တော်နှင့် ဒီချုပ်ပါတီဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့တို့အကြား ပွတ်တိုက်မှုမြင့်မားလာသည်ဟု ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက အသံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ယင်းသို့ ပွတ်တိုက်မှုမြင့်မားလာသည်ဟု အသံကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ခြင်းမှာ ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကိစ္စတွင်ဖြစ်သည်။ အစိုးရအဖွဲ့က ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လျာတားထားသည့် ငွေများအနက် ကျပ်ခြောက်ဘီလီယံကျော်ကို လွှတ်တော်က ဖြတ်တောက်လိုက်သည့်အတွက် ဖြစ်သည်။
အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် လုပ်ငန်းများထပ်ပါနေခြင်း၊ လိုအပ်သည်ထက် ပိုမိုတောင်းခံထားခြင်းတို့ကြောင့် လွှတ်တော်မှ ဖြတ်တောက်ရသည်ဟု ဆိုသည်။ ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သော ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ချပေးထားသည့် ဘတ်ဂျက်ငွေများအား ပြည်ထောင်စုအစိုးရကို ပြန်လည်အပ်နှံမှုများ ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်နေသော ရခိုင်ပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးမှာ ကဏ္ဍပေါင်းစုံက လိုအပ်လျှက်ရှိနေသော်လည်း ဘတ်ဂျက်ငွေများ ပြန်လည်အပ်နှံနေရခြင်းက အဓိပ္ပာယ်မဲ့နေသည်ဟု ရခိုင်မြို့မိမြို့ဖတချို့က ဝေဖန်ခဲ့သည်။
ယင်းသို့ ဘတ်ဂျက်ငွေများ ပြန်လည်အပ်နှံနေရခြင်းက ရခိုင်တွင် လွှတ်တော်နှင့်အစိုးရကြား ညှိနှိုင်းမရ၍ ဖြစ်ခဲ့သည်ဟု ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ဇွန်လ ၇ ရက်က ရပ်နားခဲ့သည့် ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းဝေး နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ ကျွန်တော်တို့ကို ပြည်သူတွေက ယုံကြည်လို့အားကိုးလို့ ပြည်သူတွေကိုယ်စား ဆောင်ရွက်ဖို့အတွက် ပြည်သူတွေက ရွေးချယ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ အားကိုးလို့ ရွေးချယ်ပေးလိုက်သလို ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ပြည်သူတွေ အားကိုးလောက်တဲ့ လူတွေဖြစ်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေ ကိုမျက်နှာမူကြပါ။ ကျွန်တော်တို့ကြောင့် ပြည်သူတွေ မနစ်နာရပါစေနဲ့ ” ဟု ဦးစံကျော်လှက ပြောကြားခဲ့သည်။
အစိုးရအဖွဲ့ပင်ဖြစ်စေ၊ လွှတ်တော်ပင်ဖြစ်စေ ယင်းတို့သည် ပြည်သူများက ယုံကြည်အားကိုး၍ ရွေးချယ် ပေးလိုက်သူများ ဖြစ်သည့်အတွက် ကိစ္စရပ်များဆောင်ရွက်ရာတွင် အဓိက ပြည်သူကို ဦးတည်နေရမည်ဟု ရခိုင်ဒေသခံ ဦးကျော်လင်းက ပြောသည်။
“ အစိုးရအဖွဲ့ပဲဖြစ်ဖြစ်၊ လွှတ်တော်အဖွဲ့ပဲဖြစ်ဖြစ် သူတို့တွေကို ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက် တာပါ။ သူတို့ ဦးတည်ဆောင်ရွက်ရမှာက ပြည်သူကိုပါ။ ပြည်သူ့လိုအပ်ချက်တွေပါ။ ပြည်သူကို မျက်နှာမမူချင်တဲ့ စိတ်ပေါ်ပေါက်လာရင် ရွေးကောက်ပွဲကို သတိရပါ ” ဟု ဦးကျော်လင်းက ဆိုသည်။
ရခိုင်တွင် အစိုးရနှင့် လွှတ်တော်သည် တခြားတိုင်းဒေသကြီး၊ ပြည်နယ်များနှင့်မတူဘဲ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထိန်းညှိမှု ရှိနေသည်။ ယင်းသို့ ထိန်းညှိမှုရှိနေသည့် အဓိကအကြောင်းရင်းမှာ ကိုယ်စားပြုပါတီ ကွဲပြားနေ၍ ဖြစ် သည်။ သို့သော် ပါတီကွဲပြားနေသော်လည်း ရခိုင်ပြည်အရေးအတွက် ဆောင်ရွက်လိုစိတ်ရှိသူများသာ ဖြစ်စေရမည်ဟု စာရေးဆရာတစ်ဦးက ပြောသည်။
“ လူတွေက အမျိုးမျိုးကွဲနေတာပဲ၊ ပါတီကလည်း ကွဲမှာပဲ။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးကောက်ပွဲဝင်တဲ့အခါ အကုန်လုံးက ပြည်နယ်ကောင်းကျိုးအတွက် ဝင်ကြတာပဲ။ အဲဒါကြောင့် ပါတီကွဲနေပေမယ့် ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်စေချင်တဲ့စိတ်က အတူတူဖြစ်ရမယ်။ ဒါမှတိုးတက်မှာ ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ရခိုင်ပြည်နယ်အတွင်း ဌာနဆိုင်ရာ ပိုလျှံငွေများကို ပြည်နယ်တွင်း၌ ခွဲဝေသုံးစွဲရေးအတွက် လွှတ်တော်နှင့် အစိုးရအဖွဲ့ကြား ညှိနှိုင်းခဲ့ရာတွင် အောင်မြင်မှုရရှိခဲ့သည်။ ယင်းသို့ အောင်မြင်မှုရလဒ်က ရခိုင်ပြည်သူများ အကျိုးခံစားခွင့် ရရှိစေခဲ့သည်။ ထိုအချိန်က အစိုးရအဖွဲ့နှင့် လွှတ်တော်ကို ရခိုင်ပြည်သူများ ချီးကျူးခဲ့ကြသည်။ ယင်းသို့ ချီးကျူးမှုမျိုးကိုရရှိအောင် ထပ်မံလုပ်သင့်သည်။
ပြည်နယ်အစိုးရအဖွဲ့က တင်ပြလာသော ရသုံးမှန်းခြေအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များကို အစိုးရက အလေးအနက်ထားဆောင်ရွက်ရန် ဦးစံကျော်လှက တိုက်တွန်းခဲ့သည်။
“ အခု ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ထဲမှာ မီနီဘတ်ဂျက်လိုမျိုး မကြုံတွေ့ရဖို့အတွက် လွှတ်တော်ရော၊ အစိုးရအဖွဲ့ရော နှစ်ဘက်စလုံးက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ဖို့လိုပါတယ်။ အထူးသဖြင့် အစိုးရအဖွဲ့ရော လွှတ်တော်ရော ကိုယ်စီကိုင်စွဲထားကြတဲ့ မာနတွေကို လျော့ချဖို့ လိုပါတယ်။ အစိုးရဘက်ကလည်း ဘတ်ဂျက်ဆိုတာ ငါတို့ဆွဲရင်ရတယ်၊ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို ငါတို့မယူဘူး။ ဥပဒေထဲမှာ လွှတ်တော်ရဲ့ အကြံပြုချက်တွေကို မလွဲမသွေ လက်ခံရမယ်လို့ မပါဘူး။ ဒါကြောင့် ငါတို့ ကြိုက်သလိုဆွဲမယ်ဆိုပြီး မာနမျိုးကို လျော့ချဖို့ လိုပါလိမ့်မယ် ” ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။
အလားတူ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဘတ်ဂျက်သည် လွှတ်တော်ကို နှစ်ကြိမ်ဖြတ်သန်းရသည့်အတွက် ပထမလျာထားချက်တွင် အကြံပြုရုံမှလွဲပြီး မလုပ်နိုင်သော်လည်း ဥပဒေမူကြမ်းအတွက် ဒုတိယအကြိမ် ရောက်လာသည့်အခါ၌ လွှတ်တော်က လုပ်ပိုင်ခွင့်ရှိသည်ဟုဆိုကာ ဖြတ်တောက်မှုမျိုးကို မလုပ်ကြရန်လည်း လွှတ်တော် ဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။
ရခိုင်တွင် လွှတ်တော်နှင့် အစိုးရအဖွဲ့ကြား ညှိနှိုင်းမရ (ပွတ်တိုက်သည်ဟု ဆိုကြသည်)မှုသည် ၂၀၁၅ ရွေးကောက်ပွဲ အပြီးကာလမှ စတင်လာခဲ့သည်ဟု တချို့က သုံးသပ်ကြသည်။
လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံးအနိုင်ရခဲ့သည့် ANP ပါတီကို ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းရန်အတွက် ပြည်ထောင်စုတွင် အမတ်နေရာ အများဆုံးရရှိခဲ့သည့် ဒီချုပ်အစိုးရအဖွဲ့က မညှိနှိုင်းခဲ့သည့်အတွက် ဖြစ်သည်။ ယင်းသို့ မညှိနှိုင်းမှုကြောင့် ANP သည် အတိုက်အခံပါတီအနေဖြင့်သာ ဆက်လက် ရပ်တည်သွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းသို့ ထုတ်ဖော်မှုနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ပြီး လွှတ်တော်က အတည်ပြုသည့်အခါ ANP ပါတီကိုယ်စားပြု လွှတ်တော်အမတ်များက အနက်ရောင်ဖဲကြိုးများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းနောက်ပိုင်း လွှတ်တော်အမတ်များက လွှတ်တော်အစည်းဝေးများတွင် မေးမြန်းသည့်မေးခွန်းများ၊ အတည်ပြုခဲ့သည့် အဆိုများကို အစိုးရအဖွဲ့က အကောင်အထည်ဖော် မဆောင်ရွက်နိုင်သည့်အတွက် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စွပ်စွဲပြစ်တင်သည်အထိ ဒီရေ မြင့်တက်လာခဲ့သည်။
ထို့ကြောင့် ရခိုင်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးမင်းအောင်မှာ ဝန်ကြီးနေရာမှ တာဝန်ရပ်စဲခြင်းကို ခံခဲ့ရသည်။ သို့သော် တာဝန်ရပ်စဲသွားသည့် ဝန်ကြီးနေရာတွင် အစားထိုးဝန်ကြီးတစ်ဦးကို ခန့်အပ်နိုင်ခဲ့သော်လည်း အတည်ပြုထားသည့် အရေးကြီးအဆိုများက ပျောက်ကွယ်နေဆဲ ဖြစ်သည်။
၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကို အစိုးရနှင့် လွှတ်တော်အကြား ညှိနှိုင်းမရမှုက နောက်ထပ် ပြည်နယ်ဝန်ကြီး တစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီးကို စွပ်စွဲပြစ်တင်သည့်အဆင့်ကို တစ်ဆင့်တိုးလာခဲ့သည်။ သို့သော် စွပ်စွဲပြစ်တင်ခံရသည့် ဝန်ကြီးက ဝန်ကြီးတစ်ဦးအနေဖြင့် တည်ဆဲဥပဒေနှင့်ဆန့်ကျင်ကာ သီးခြားဆောင်ရွက်ရသော လုပ်ငန်းမရှိဘဲ ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်မူဘောင် အတွင်းမှ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်၍ ဥပဒေအရပေးအပ်သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း ခုခံ ချေပခဲ့သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တွင် ဝန်ကြီးသည် ဝန်ကြီးချုပ်အားလည်းကောင်း၊ ဝန်ကြီးချုပ်မှတဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်ဟူ၍ ပြဌာန်းထားပြီး အဆိုပါ ဥပဒေအရ ဝန်ကြီးတစ်ဦးချင်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို သီးခြားသတ်မှတ် ထားခြင်းမရှိဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်သာ တာဝန်နှင့် လုပ်ကိုင်ခွင့် သတ်မှတ်ထားသည်။
လက်ရှိ ဒီချုပ်ဦးဆောင်သော ရခိုင်အစိုးရနှင့် ANP ဦးဆောင်သော ပြည်နယ်လွှတ်တော်တို့၏ သက်တမ်းမှာလည်း နှစ်နှစ်ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပြီး ရွေးကောက်ပွဲသည်လည်း တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည်။ ယင်းသို့ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် ပြည်သူများက ကျယ်လောင်နေပြီဟု ထင်နေသော ပွတ်တိုက်သံများကို အသံလျော့ချရန် လိုအပ်နေပြီဖြစ်သည်။
သမိုင်းအဖြစ်တွင်ကျန်ခဲ့မည့် ပြည်နယ်အစိုးရနှင့် လွှတ်တော်၏ လုပ်ရပ်များသည် နောက်မျိုးဆက်သစ်တို့ အတုယူကောင်းသည့် သမိုင်းများအဖြစ် တွင်ကျန်ရစ်ဖို့ လိုအပ်နေသည်။ ခေတ်အဆက်ဆက် ပင်ပန်းဆင်းရဲစွာ နေထိုင်လာကြရသည့် ရခိုင် ပြည်သူများ၏ ဘဝကို အစိုးရနှင့် လွှတ်တော်က ကူညီစောင့်မပေးရမည့်အချိန် ရောက်ရှိနေပြီ ဖြစ်သည်။
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင်ထွက်ရှိသော Development News Journal ၏ အမှတ် (၈၈) တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်သည်။)