ရခိုင်က ဌာနဆိုင်ရာဝန်ထမ်းများကို အရေးယူရန် စစ်ကောင်စီက စီစဉ်နေမှုအပေါ် ဝန်ထမ်းတို့၏စကားသံများ 

ဌာနဆိုင်ရာဝန်ထမ်းများ အလုပ်တာဝန်ပျက်ကွက်သည် ဟုဆိုကာ အရေးယူမည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်တွင် အမိန့်စာထုတ်ပြန်ခဲ့သည့်အပေါ်  နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်က ဝန်ထမ်းအချို့၏ သဘောထားများကို တင်ဆက်လိုက်သည်။

By Admin 03 Aug 2024

ပုံစာ - စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်နယ်စစ်ကောင်စီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံစဉ်။ 
ပုံစာ - စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်နယ်စစ်ကောင်စီနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံစဉ်။ 

DMG ၊ ဩဂုတ် ၃  

ရခိုင်ပြည်တွင် အာရက္ခတပ်တော်က မြို့နယ် (၉) ခုကို သိမ်းပိုက်ထိန်းချုပ်ထားမှုနှင့်အတူ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားများ ရပ်ဆိုင်းကာ ဌာနဆိုင်ရာဝန်ထမ်းအများစုမှာ စစ်ဘေးရှောင်အဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။

စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ဆဲဒေသများသို့ လာရောက်ပြီး တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်နေသော်လည်း ဝန်ထမ်းများမှာ လုံခြုံရေးအာမခံချက် မရှိသဖြင့် AA ထိန်းချုပ်နေရာများတွင် ခိုလှုံနေထိုင်နေကြသည်။ 

ထို့ကြောင့် ဌာနဆိုင်ရာဝန်ထမ်းများ အလုပ်တာဝန်ပျက်ကွက်သည် ဟုဆိုကာ အရေးယူမည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်တွင် အမိန့်စာထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်မှုအပေါ် နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်က ဝန်ထမ်းအချို့၏ သဘောထားများကို DMG က မေးမြန်းတင်ဆက်လိုက်သည်။ (လုံခြုံရေးအခြေနေကြောင့် ဝန်ထမ်းများ၏ အမည်နှင့် ရာထူးကို ချန်လှပ်ထားပါသည်)

စာရင်းစစ်ဌာနမှ  ဝန်ထမ်းတစ်ဦး 

ဝန်ထမ်းတစ်ယောက်အနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့က ဝန်ထမ်းများစွာ CDM လုပ်ခဲ့ကြပေမယ့် ရခိုင်ကဝန်ထမ်းတွေ CDM လုပ်တာ အနည်းဆုံးဆိုတာ အစိုးရအသိဆုံးဖြစ်မှာပါ။ နိုင်ငံအနှံ့က CDM လုပ်လို့ သူတို့ခက်ခဲနေချိန်မှာ ရပ်တည်ပေးခဲ့ပေမဲ့ အခုအချိန် ရခိုင်ပြည်အနှံ့ တိုက်ပွဲတွေကြား လုံခြုံမှုမရှိဘဲ သွားလာရတာ အရမ်းခက်ခဲတဲ့အချိန် ဝန်ထမ်းတွေဘက်က ရပ်တည်ရမယ့်အစား ဘာအကူညီမပေး၊ ဘာအာမခံချက် မပေးဘဲ အာဏာရှင်ဆန်ဆန် အမိန့်စာထုတ်ပြန်ပြီး ခြိမ်းခြောက်တာဟာ ကိုယ့်ကိုကိုယ် ပြိုလဲအောင်လုပ်နေတာနဲ့ တူတယ်။ ဝန်ထမ်းတွေဟာ စစ်ဘေးရှောင်ရင်း လစာမရဘဲနေရတာ အတော်ကြာနေပြီ ဆိုတာကိုလည်း သူတို့သတိထားမိပုံ မပေါ်ဘူး။ အချုပ်ပြောရရင် သူတို့ခက်ခဲနေတဲ့အချိန် ရပ်တည်ပေးခဲ့တဲ့ ဝန်ထမ်းတွေ ခက်ခဲနေတဲ့အချိန် စစ်ကောင်စီက ဒီလိုအမိန့်စာမျိုး ထုတ်ပြန်တာဟာ တကယ့်ကို အာဏာရှင်ဆန်ဆန်နဲ့ ကိုယ်ကျိုးကိုသာကြည့်ပြီး တစ်ဖက်သားကို ဘာမှနားလည်မပေး၊ ကိုယ်ချင်းမစာတဲ့ အစိုးရဆီမှာ အနှစ်နှစ်အလလ အလုပ်လုပ်ပေးခဲ့မိတဲ့အပေါ် များစွာ နောင်တရတယ်လို့ ပြောချင်တယ်။ 

ရသေ့တောင်မြို့မှ ထွေ/အုပ်ဝန်ထမ်း အမျိုးသမီး

ဒီကာလက လုံခြုံရေးကို အထူးစိုးရိမ်ရတယ်။ ဒေသအသီးသီးမှာ ဝန်ထမ်းတွေက စစ်ရှောင်နေကြတယ်။ ကျမတို့လို AA ထိန်းချုပ်ထားတဲ့ဒေသက ဝန်ထမ်းတွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ နီးစပ်ရာမြို့နယ်တွေမှာ အလုပ်ပြန်ဝင်ရမယ်လို့ စစ်ကောင်စီက ပြောထားတယ်။ ဒါပေမယ့် သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကလည်း တိုက်ပွဲတွေဖြစ်လာရင် ပြန်ထွက်ဖို့ မလွယ်တော့ဘူး။ အသက်အန္တရာယ်က စိုးရိမ်ရတယ်။ ဒါကို အခွင့်ကောင်းယူပြီး အလုပ်ဖြုတ်မယ်ဆိုရင် ဝန်ထမ်းတွေမှာ အများကြီးခက်ခဲတာပေါ့။ ဒီအစိုးရဝန်ထမ်းအလုပ် တစ်ခုကိုရဖို့ အများကြီး ကြိုးစားခဲ့ရတယ်။ လဝကတို့၊ အခွန်တို့မှာ သိန်းရာချီပေးပြီးမှ အလုပ်ရကြတာ။ အလုပ်ရပြန်တော့လည်း  လစာနည်းနည်းနဲ့ နှစ်တွေအကြာကြီး စောင့်ဆိုင်းပြီး လုပ်ရတယ်။ ဒီလို ခက်ခဲနေတဲ့ကာလမှာ ဝန်ထမ်းတွေကို မငဲ့ဘဲ လုပ်ချင်သလိုလုပ်လိုက်တာက ဝန်ထမ်းတွေအတွက် အရမ်းခက်ခဲစေတယ်။ ပင်စင်ကို စောင့်နေကြတဲ့ သူတွေဆိုရင် ပိုပြီးနစ်နာတယ်။ 

စစ်တွေမြို့မှ ကျောင်းဆရာမတစ်ဦး 

ဒီအလုပ်ကိုအရမ်းချစ်တော့ တခြားကိုယ့်အတွက် အခွင့်အလမ်းတွေ အများကြီးရှိတဲ့ဘက်ကို မလျှောက်လှမ်းခဲ့ဘူး။ ကျောင်းဆရာမအလုပ်နဲ့ ဆယ်နှစ်လောက် အချိန်တွေကို ပေးဆပ်ခဲ့တယ်။ ကြားထဲ တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်လို့ စစ်ဘေးရှောင်နေတဲ့ကာလမှာ လစာမပေးတာ ၇ လလောက်ရှိပြီ။ လုံခြုံရေးအာမခံချက် မရှိတော့ သူတို့ခေါ်တဲ့ နေရာကိုလည်း ကိုယ်က သွားမလုပ်နိုင်ဘူးလေ။ ဒါကို တာဝန်ပျက်ကွက်မှုနဲ့ အခု အရေးယူမယ်ဆိုတဲ့ အဆင့်တွေပါ ဖြစ်လာတယ်။ သေချာစဉ်းစားကြည့်ရင် ဝါသနာကိုအရင်းခံလို့သာ လုပ်နေခဲ့တာ။ အစိုးရဝန်ထမ်းအလုပ်မှာ လစာကအစ ဘာမှတော့ မက်မောစရာ မရှိဘူး။ 

ကျေးလက်ဦးစီးဌာနမှ ဝန်ထမ်းအမျိုးသမီး

AA ထိန်းချုပ်နယ်မြေမှာ ရှိနေတဲ့အတွက် စစ်တွေကို ပြန်ဝင်ဖို့လမ်းကြောင်းက ဘယ်လိုမှ အဆင်မပြေတော့ဘူး။ စစ်တွေကိုသွားဖို့ ဝန်ထမ်းတွေကို လမ်းကြောင်းပေးတယ်ဆိုရင်တော့ ကျမက သွားဖို့အဆင်သင့်ပဲ။ ရန်ကုန်ကို သွားပြီး တာဝန်ထမ်းဆောင်ဖို့ကလည်း ရခိုင်တစ်ပြည်လုံးကို လမ်းခရီးပိတ်ထားတော့ သွားလို့ အဆင်မပြေပြန်ဘူး။ ပြီးတော့ ရန်ကုန်ကို ရောက်သွားရင်လည်း ရတဲ့လစာနဲ့ အိမ်ငှားခ၊ မိသားစုစားဝတ်နေရေးအတွက် လိုက်မမီနိုင်ဘူး။ စစ်တွေကိုသွားဖို့ လမ်းကြောင်းရှိရင်တော့ သွားချင်တယ်။ ကိုယ့်ဌာနက လူကြီးတွေကို ပြောချင်တာက ကျမတို့ လုပ်လာတဲ့လုပ်သက်လည်း မနည်းတော့ဘူး။ အဲဒါကြောင့် လောလောဆယ် အလုပ်လုပ်ဖို့ မလာနိုင်သေးလို့ လစာရပ်ချင်လည်း ရပ်ထားပေါ့၊ စစ်တွေကိုပြန်ဝင်လို့ရရင် ပုံမှန်အလုပ်တွေ လုပ်ချင်တယ်။ တာဝန်ထမ်းဆောင်ဖို့ မရောက်လို့ဆိုပြီး အလုပ်က ထုတ်တာမျိုးတွေ မလုပ်စေချင်သေးဘူး။