စစ်ကောင်စီက ပြောင်းလဲသတ်မှတ်လိုက်တဲ့ ဒေါ်လာဈေးနှုန်းကြောင့် ရခိုင်ပြည်နယ်မှာ ဘယ်လိုရိုက်ခတ်မှုတွေဖြစ်စေသလဲ

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာဈေးအား ၁၈၅၀ ကျပ်ဖြင့်ထိန်းချုပ်ခဲ့ရာမှ ပြီးခဲ့သည့်သြဂုတ်လ ၅ ရက်နေ့မှစတင်ကာ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းသို့ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုသို့ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် ပြည်ပသွင်းအားစုများမှာ ဈေးမြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုထားကြသည်။

19 Aug 2022

DMG ၊ သြဂုတ် ၁၉

(Vox Pop)

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာဈေးအား ၁၈၅၀ ကျပ်ဖြင့်ထိန်းချုပ်ခဲ့ရာမှ ပြီးခဲ့သည့်သြဂုတ်လ ၅ ရက်နေ့မှစတင်ကာ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းသို့ ပြင်ဆင်ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုသို့ပြောင်းလဲသတ်မှတ်လိုက်ခြင်းကြောင့် ပြည်ပသွင်းအားစုများမှာ ဈေးမြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုထားကြသည်။

ဒေါ်လာဈေးပြောင်းလဲသတ်မှတ်လိုက်ခြင်းက ရခိုင်ပြည်နယ်အတွက် မည်သို့ထိခိုက်မှုများရှိလာနိုင်သည်နှင့် ဒေသခံလူထုမှ လက်ရှိရင်ဆိုင်နေရသည့် စီးပွားရေးအကျပ်အတည်းများအပေါ် DMG မှ မေးမြန်းတင်ပြထားသည်။

ဦးတင်အောင်ဦး ၊ ဥက္ကဋ္ဌ (ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း)

ဒေါ်လာဈေးကို အစိုးရက ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာတော့ ရခိုင်ပြည်အတွက် ချက်ချင်းလက်ငင်းဆိုသလို အကျိုးသက်ရောက်မှုတွေ မရှိသေးဘူးဆိုပေမယ့် တဖြည်းဖြည်းနဲ့တော့ အကျိုးသက်ရောက်မှုတွေ ရှိလာနေတယ်။ ချက်ချင်းပြောင်းလဲသွားတာဆိုရင်တော့ စက်သုံးဆီပါပဲ။ နောက်ပြီး အခုဆိုရင် ဒေါ်လာဈေးမှာ ပြင်ပပေါက်ဈေးကလည်း တဖြည်းဖြည်းတက်လာနေတာတွေရှိနေတယ်။ နောက်တစ်ချက်က ရွှေဈေးတွေလည်း ပြင်ပပေါက်ဈေးမှာတက်လာနေတာဆိုတော့ ကုန်ဈေးနှုန်းကလည်း တက်လာနိုင်တယ်လို့ထင်တယ်။ ကုန်ဈေးနှုန်းတက်လာတာကို ပြောတဲ့နေရာမှာ ကုန်ဈေးမြင့်ပြီး ပစ္စည်းကိုပေါပေါလောလော ရနိုင်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုက ပစ္စည်းရှားပြီး ဈေးကပဲ တက်နေသလိုမျိုးဖြစ်နေတယ်။ ဒီအပေါ်ကို ရခိုင်ပြည်နယ်အနေနဲ့ ဘာမှလုပ်ကိုင်တာမျိုးမရှိဘူး။ ဒီတော့ ဈေးတက်ရင်လည်း ပစ္စည်းပေါပေါလောလောသုံးနိုင်ဖို့ကိုပဲ လုပ်နေကြရပါတယ်။ နောက်ပြီးတော့ ရခိုင်က လမ်းပန်းဆက်သွယ်ရေးအရ ဝေးလံတာကြောင့် သယ်ယူစရိတ်တွေများတဲ့အတွက် ပစ္စည်းတွေကတော့ ရှိသင့်ရှိထိုက်တဲ့ဈေးထက် ပိုတက်လာနိုင်တယ်လို့မြင်ပါတယ်။

ဦးခင်မောင်ကြီး (ရခိုင်စီးပွားရေးလုပ်ငန်းရှင်)

အခုက စီးပွားရေးပိုင်းမှာရော လူမှုရေးပိုင်းမှာရော ရခိုင်ပြည်မှာရှိတဲ့လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေအားလုံးစုပြီးတော့ ဖြစ်လာနိုင်တဲ့ စီးပွားရေး၊ လူမှုရေးအကြပ်အတည်းတွေကို သက်သာရာရရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့လိုနေပါပြီ။ ဘာလို့လဲဆိုတော့ ဒေါ်လာဈေးက အခုထက်ပိုပြီးတက်လာနိုင်တဲ့ အနေအထားမှာရှိနေတယ်။ နောက်ပြီး မြန်မာနိုင်ငံဟာ နယ်စပ်တွေကသွင်းနေတဲ့ သွင်းကုန်တွေအပေါ်မှာမှီခိုပြီး စားသုံးနေရတာတွေရှိတယ်။ ဒါတွေကြောင့် ဒေါ်လာဈေးသာဆက်မြင့်တက်ရင် အခြေခံလူတန်းစားတွေဟာ အများကြီးထိခိုက်မှုတွေရှိလာမှာပါ။ ဒါကြောင့် ကြိုတင်အစီအစဉ်တွေချထားဖို့ လိုအပ်ပါလိမ့်မယ်။ အထူးသဖြင့် အခြေခံလူတန်းစားတွေ ထိခိုက်မှုနည်းနိုင်သမျှနည်းအောင်လို့ပေါ့။ တစ်ချိန်တည်းမှာ ဒီနှစ်မိုးရာသီအစောပိုင်းမှာ မိုးခေါင်ထားတဲ့အတွက် ဆန်စပါးကလည်း အထွက်လျှော့သွားနိုင်တဲ့ အနေအထားမှာရှိနေတယ်။ ဒါကြောင့် ဆန်းဈေးအပါအဝင် အခြေခံကုန်ဈေးနှုန်းတွေဟာ တက်လာမယ့်အနေအထားမှာရှိနေတယ်။ ဒါကြောင့်ဒီပြသနာတွေကို နယ်ပယ်အားလုံးက လူတစ်ဦးချင်းစီ ပူးပေါင်းပြီးဖြေရှင်းဖို့ အဖြေကြိုရှာထားသင့်တယ်လို့မြင်ပါတယ်။

ဦးသန်းနိုင် (May Yu Royal ကုမ္ပဏီလုပ်ငန်းရှင်)

အဓိကကတော့ဗျာ မူဝါဒတစ်ခုချတယ်ဆိုရင် အဲဒီမူဝါဒကို ကောင်းတဲ့ဘက်လား၊ မကောင်းတဲ့ဘက်လားဆိုပြီး ချင့်ချိန်ချမှတ်တာက ပိုကောင်းပါလိမ့်မယ်။ အခုအစိုးရမှာက မူဝါဒတစ်ခုချလိုက်တယ်။ ပြီးတော့ အဲဒီမူဝါဒကို အကောင်အထည်ဖော်တာ တစ်လတောင်မပြည့်သေးဘူး။ နောက်ထပ်တစ်ခုပြောင်းသွားတယ်ဆိုတော့ လုပ်ရကိုင်ရတာတွေ ခက်ခဲတာပေါ့ဗျာ။ ပြီးတော့ ဒေါ်လာဈေးက အပြင်မှာပေါက်ဈေးနဲ့ အများကြီးကွာနေတာမျိုးတွေလည်း တွေ့ရတယ်။ ဒီတော့ ကျွန်တော်တို့မှာ အများကြီးအခက်အခဲဖြစ်ကြရတယ်။ လက်ရှိမှာဆိုရင် ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းက ၅၀ ရာခိုင်နှုန်းနဲ့အထက်ကို တက်သွားတယ်။ ကျွန်တော်တို့ဆိုရင် ငါးလုပ်ငန်းလုပ်တယ်။ ငါးလုပ်ငန်းမှာလည်း အစာဈေးတွေဆိုရင်လည်း အများကြီးတက်ကုန်တယ်။ အရင်က ငါးတစ်ပိဿာကို သုံးထောင်လောက်ရှိရင် အခုခြောက်ထောင်လောက် ဖြစ်သွားပါပြီ။ အဓိကတော့ ငွေကြေးတန်ဖိုးကျသွားတဲ့အခါ ကျွန်တော်တို့ပြည်သူတွေမှာ အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်။ ကုန်ဈေးနှုန်းတွေကတက်ပေမယ့် ဝင်ငွေကဒီအတိုင်းဆိုတော့ အားလုံးအခက်အခဲဖြစ်ကြရတာပေါ့။ ဒီထက်ပိုခက်ခဲလာနိုင်တယ်လို့လည်း ထင်ပါတယ်။

ဦးသန်းလှိုင် ၊ ဥက္ကဋ္ဌ ၊ (ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)

ကျွန်တော်တို့ ဆီလုပ်ငန်းရှင်တွေအနေနဲ့ကတော့ အများကြီးအခက်အခဲဖြစ်ကြရပါတယ်။ ကျွန်တော်တို့က သီလဝါကနေ ဆီတွေကိုဝယ်ယူတဲ့အခါ တစ်ရက်တည်းနဲ့မရပါဘူး။ အနည်းဆုံး ခုနှစ်ရက်၊ ရှစ်ရက်လောက် တန်းစီစောင့်ပြီးတော့မှ ခွဲတမ်းဆီတွေကိုရကြတာပါ။ နောက်ပြီး ရခိုင်ကို ဆီကားတွေရောက်ဖို့ဆိုရင် နှစ်ရက်လောက် အချိန်ကြာပါသေးတယ်။ ဒီကြားထဲမှာ ပြောင်းလဲလိုက်တဲ့ဒေါ်လာဈေးကြောင့် ဆီဈေးတွေကမငြိမ်တော့ ဈေးတွေက အတက်အကျကြမ်းပါတယ်။ ကျွန်တော်တို့ ဒီနေ့ရောင်းလို့ ရလိုက်တဲ့အမြတ်ငွေနဲ့ အရင်းပေါင်းရင်တောင် နောက်နေ့အတွက် ဝယ်မယ့်ငွေမရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ရခိုင်ပြည်နယ်မှာ ဆီကိုအချိန်မီရောင်းချပေးနိုင်ဖို့ကိုပဲ ကြိုးပမ်းနေပါတယ်။ ဆီဈေးနှုန်းတွေကတော့ အခုထက်ပိုပြီး တက်လာနိုင်တဲ့အနေအထားမျိုး ရှိနေပါသေးတယ်။

ကိုဇော်ဝင်းလှိုင် (စစ်တွေဒေသခံ)

ကျွန်တော်တို့အနေနဲ့ လက်ရှိမှာဆိုရင် အဓိကပြဿနာအနေနဲ့ ဆီဈေးမြင့်တက်လာတာကို ကြုံတွေ့နေကြရပါပြီ။ ဆီဈေးက မြင့်ရုံပဲမြင့်တာ မဟုတ်ဘူးဗျ။ စစ်တွေက ဆီဆိုင်တော်တော်များများက ဆီသွားဖြည့်ရင် ဆီမရှိတာနဲ့ပဲကြုံနေရတယ်။ အစိုးရပေါက်ဈေးကသပ်သပ်၊ အပြင်မှာဝယ်ထည့်ရင် သပ်သပ်ဖြစ်နေတယ်။ အခြေခံစားကုန်သောက်ကုန်တွေဆိုရင်လည်း ဈေးတွေအရမ်းတက်သွားတယ်။ ပြောရမယ်ဆိုရင် လူတွေမှာ ပိုပြီးကြပ်တည်းလာဖို့နဲ့ ဒုစရိုက်မှုတွေကို ပိုပြီးအားပေးလာသလိုဖြစ်နေတယ်။ ပြည်သူတွေကတော့ဗျာ ရှာရတဲ့ငွေကလည်းမလွယ်ကူသလို ရလာတဲ့ငွေကလည်း တန်ဖိုးမရှိသလိုဖြစ်လာနေတယ်။ ဒီကြားထဲမှာ မလုံခြုံမှုတွေကိုလည်း ခံစားနေကြရပါသေးတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့်ပေါ့။ လက်ရှိ မြေပြင်အခြေအနေမှာဆိုရင် အရမ်းခက်ခဲနေကြရပါပြီ။ လူတွေဟာ ခိုးတာ၊ လုတာတွေကို ညဘက်တောင်မဟုတ်ပဲ နေ့ခင်းကြောင်တောင်မှာ လုပ်လာနေကြပါပြီ။ ဒါကအခြေအနေတွေဆိုးလာနေတာကို ပြနေတာပါ။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်ကြည့်မိရင်တောင် ဒီလူကငါ့ကို တစ်ခုခုလုပ်မယ့်လူလားဆိုတဲ့ သံသယတွေနဲ့ ကြည့်ကုန်ကြပါပြီ။ အဓိကတော့ မလုံခြုံမှုတွေနဲ့ ခံစားလာရတာပေါ့ဗျာ။ လုံခြုံမှုစည်း မရှိတော့တဲ့အခြေအနေတွေ ဖြစ်လာနေတယ်လို့ပဲမြင်ပါတယ်။

ဗီဒီယိုများ