“AA က ရခိုင်တပြည်လုံးသိမ်းလိုက်တယ် ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ဖက်က နိုင်ငံရေး၊ စီးပွားရေး ပေါ်လစီတွေ ပြောင်းလာနိုင်တယ်” 

ရခိုင်က မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် AA အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ သဘောထား၊ ဘင်္ဂလားဒေ့ရှ်နှင့် AA ဆက်ဆံရေး၊ ရခိုင်ဒေသ၏ စီးပွားရေးအခြေအနေ ဘယ်လိုရှိလာနိုင်လဲ စသည့် အကြောင်းအရာများကို အမေရိကန်ပြည်ထောင်စု Saint Olaf College တွင် Quantitative Economics (စီးပွားရေးဘာသာရပ်)အား လေ့လာနေသည့် ရခိုင်လူငယ် ကိုမျိုးငြိမ်းနိုင်အား DMG က ဆက်သွယ်မေးမြန်းထားပါသည်။

By Admin 30 Dec 2024

“AA က ရခိုင်တပြည်လုံးသိမ်းလိုက်တယ် ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ဖက်က နိုင်ငံရေး၊ စီးပွားရေး ပေါ်လစီတွေ ပြောင်းလာနိုင်တယ်” 

DMG ၊ အင်တာဗျုး 

အာရက္ခတပ်တော် (AA) သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်တစ်ခုလုံးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ 

AA သည် နိုင်ငံတော်အဆင့်အစိုးရ မဟုတ်၍ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်မည် မဟုတ်ကြောင်း ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်က တရားဝင်ပြောကြားခဲ့သည်။

လက်ရှိ ရခိုင်က မြို့နယ်အများစုကို သိမ်းပိုက်ထားသည့် AA အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ သဘောထား၊ ဘင်္ဂလားဒေ့ရှ်နှင့် AA ဆက်ဆံရေး၊ ရခိုင်ဒေသ၏ စီးပွားရေးအခြေအနေ ဘယ်လိုရှိလာနိုင်လဲ စသည့် အကြောင်းအရာများကို အမေရိကန်ပြည်ထောင်စု Saint Olaf College တွင် Quantitative Economics (စီးပွားရေးဘာသာရပ်)အား လေ့လာနေသည့် ရခိုင်လူငယ် ကိုမျိုးငြိမ်းနိုင်အား DMG က ဆက်သွယ်မေးမြန်းထားပါသည်။ 

DMG - ပထမဆုံးအနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ မောင်တောမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ AA ဟာ အစိုးရ မဟုတ်တဲ့အတွက် တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်ဘက်က မကြာသေးမီက ပြောဆိုထားတယ်။ ဒီအပေါ်မှာကော ဘယ်လိုမြင်ပါလဲ။ 

ဒါကတော့ ဘင်္ဂလားဒေ့ရှ်က အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံရေး၊ ကုန်သွယ်ရေး ဆက်ဆံမှုတွေ မပြတ်သေးတာ၊ ဘူးသီးတောင်၊ မောင်တော မြို့သိမ်းတိုက်ပွဲတုန်းက မွတ်ဆလင်တွေ အသတ်ခံရတာနဲ့ ပတ်သက်ပြီး AA ကို မွတ်ဆလင်အသိုင်းအဝိုင်းက စွပ်စွဲထားတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်က AA ကို အသိမှတ်မပြုချင်တဲ့ သဘောဖြစ်နိုင်ပါတယ်။ AA ကို လက်ခံဆွေးနွေးလိုက်ရင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့အစည်းတွေကြောင့် နယ်စပ်မှာ ဆူပူသောင်းကျန်းမှုတွေ ဖြစ်လာမှာကိုလည်း ထည့်သွင်းစဉ်းစားထားပုံရတယ်။ 

DMG - နယ်စပ်ဒေသ မောင်တောမြို့နယ်တစ်ခုလုံး ကို AA က သိမ်းပိုက်လိုက်တဲ့အပေါ် ဘာများပြောချင်တာ ရှိပါလဲ။ 

ULA/AA အတွက် အနောက်ဖက်စီးပွားရေး တံခါးအတွက် ဖြေရှင်းရမယ့် နိုင်ငံရေး၊ စီးပွားရေး ပုစ္စာတွေ တိုးလာတယ်လို့ မြင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးတံတားကို AA ဘယ်လိုတည်ဆောက်မယ် ဆိုတာရယ်၊ ရိုဟင်ဂျာ(မွတ်ဆလင်)အရေး ဘယ်လိုကိုင်တွယ်မယ်ဆိုတာကို နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စောင့်ကြည့်နေတဲ့ အချိန်တစ်ခုရောက်လာပြီလို့ ပြောလို့ရပါတယ်။ ဘင်္ဂလား‌ဒေ့ရှ် အတွက်တော့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးပေါ်လစီတွေကို ပြန်လည် ပြုပြင်ရမယ့် အခြေနေ တစ်ခုဖြစ်သွားတယ်လို့ မြင်ပါတယ်။ စစ်‌ကောင်စီနဲ့ ဆက်လက် ဆက်ဆံနေရတဲ့ ဘင်္ဂလား‌ဒေ့ရှ်အတွက်တော့ ရခိုင်အရေးက ခေါင်းစားစရာ ဖြစ်လာမှာပါ။ 

DMG - မောင်တောမြို့နယ်ကို AA က သိမ်းလိုက်တာဟာ စစ်ကောင်စီအတွက် ဆုံးရှုံးမှု ဘယ်လောက်ထိ ကြီးမားလဲ။ 

မောင်တောကို AA က သိမ်းလိုက်တာဟာ စစ်ကောင်စီရဲ့ အချုပ်အချာ၊ နယ်စပ်လုံခြုံ‌ရေး၊ နှစ်နိုင်ငံ ကုန်သွယ် ဆက်ဆံရေးအားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရတာဖြစ်တယ်။ ဘင်္ဂလား‌ဒေ့ရှ်ကလည်း စစ်ကောင်စီနဲ့ ဆက်ဆံရေးတွေ၊ သဘောထားတွေ ပြောင်းလဲလာနိုင်တယ်။ ဘင်္ဂလား‌ဒေ့ရှ်ဘက်က ရခိုင်ဒေသမှာ နိုင်ငံရေးနဲ့ စီးပွားရေးအရပါ အရေးမပါတော့တဲ့ စစ်ကောင်စီထက် AA ဘက်ကို ပိုပြီးအရေးစိုက်လာမယ့် သဘောရှိတယ်။

DMG - အခုဆိုရင် AA က နယ်စပ်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်လိုက်တာဟာ သူတို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိလာနိုင်လဲ။ 

AA အနေနဲ့ နယ်စပ်ဒေသကို ထိန်းချုပ်လိုက်တာဟာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အရမ်း အကျိုး သက်ရောက်မှုရှိပါတယ်။ စစ်ရေးအရကတော့ စကစရဲ့ နယ်စပ်ဒေသ အာဏာလွမ်းမိုးမှုအားလုံးက AA လက်ထဲ ရောက်သွားပြီဖြစ်တယ်။ ရခိုင်မြောက်ပိုင်းက လုံးဝလွတ်မြောက်သွားပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် စပ်တပ်ရဲ့ လေကြောင်းရန်ကတော့ ဆက်ရှိနေအုံးမှာဖြစ်တယ်။ 

နိုင်ငံရေးအရကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်လုံခြုံရေးနဲ့ မှောင်ခိုမူးယစ်ဆေးဝါးဝင်ရောက်မှုကို တားဖို့ AA နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုလာမှာဖြစ်တယ်။ AA နဲ့ ဘင်္ဂလားဒေရှ့်အစိုးရကြားမှာ စီးပွားရေး သဘောတူညီမှု ဆွေးနွေးနိုင်မယ်ဆိုရင် လက်ရှိစီးပွားရေးအကျပ်အတည်းကို တစ်ထောင့်တစ်နေရာက ဖြေရှင်းပေးနိုင်မယ်လို့ မြင်ပါတယ်။ 

DMG - မောင်တောမြို့နယ်ကို  စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ပြီး သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတဲ့ အပေါ်မှာကော ဘယ်လိုမြင်လဲ။ 

 ULA/AA အနေနဲ့ မောင်တောကိုသိမ်းလိုက်တာဟာ မြန်မာနိုင်ငံအနောက်ပိုင်း၊ ဘင်္ဂလားနယ်စပ် တစ်လျှောက်လုံးကို သိမ်းထားတဲ့အတွက် စစ်ကောင်စီက ပြန်သိမ်းဖို့ကြိုးစားရင်တောင် ပြည်မဖက်က ထိုးဖောက်မယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း စစ်ကောင်စီ စစ်သားတွေ နယ်စပ်ကနေ ပြန်ဝင်နိုင်အောင် စစ်ရေးအရ အကူအညီပေးမှာမဟုတ်ဘူး။ ဒီတော့ ရခိုင်မြောက်ပိုင်းမြို့တွေဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်ကို စစ်ကောင်စီ ခြေချဖို့ အရမ်း ခက်သွားပြီလို့ ပြောလို့ရတယ်။

DMG - ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ ဘာများပြောချင်တာတွေ ရှိလဲ။ 

အနောက်ဒီမိုကရေစီနိုင်ငံတွေနဲ့ UN က စောင့်ကြည့်နေတဲ့ ရိုဟင်ဂျာ (မွတ်ဆလင်) အရေးကိစ္စဟာ AA ရဲ့ ပခုံးပေါ်ကို ရောက်လာပြီလို့ ပြောလို့ရတယ်။ သူတို့အနေနဲ့ AA ကို ဖိအား ပေးတာတွေ လုပ်လာနိုင်တယ်။ AA အနေနဲ့ ဒီရိုဟင်ဂျာ(မွတ်ဆလင်)အ‌ရေးကို လိမ်မာပါးနပ်စွာ ဖြေရှင်းဖို့ လိုလာ လိမ့်မယ်။ 

DMG - လက်ရှိ ဘင်္ဂလားဒေ့ရှ်နဲ့ AA ရဲ့ ဆက်ဆံရေးအခြေအနေကော ဘယ်လိုရှိတယ်လို့ သုံးသပ်မိလဲ။ 

ပြီးခဲ့တဲ့ အပတ်က AA အခွန်ပြေစာနဲ့ တင်ပို့လိုက်တဲ့ ဆန်အိတ်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံ သေးတာကို ကြည့်ရရင် AA နဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ စီးပွားရေးအရ သဘောတူညီမှု မလုပ်ထားသေးဘူးလို့ ပြောနိုင်တယ်။ လက်ရှိမြေပြင်အနေအထားရဆိုရင် AA ဘက်နေ စပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ချဉ်းကပ်ပြီး သံတမန်ရေးအရ ကမ်းလှမ်းညှိနှိုင်းမှုတွေ လုပ်သင့်တယ်။ 

AA က ရခိုင်တပြည်လုံးသိမ်းလိုက်တယ် ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်ဖက်က နိုင်ငံရေး၊ စီးပွားရေး ပေါ်လစီတွေ ပြောင်းလာနိုင်တယ်။ အရေးအကြီးဆုံး အချက်က လက်ရှိ ဘင်္ဂလားဒေ့ရှ်အစိုးရ လက်ခံထားရတဲ့ ရိုဟင်ဂျာ (မွတ်ဆလင်) ဒုက္ခသည်တွေကို ရခိုင်ကို ပြန်ပို့မယ့် ကိစ္စကိုတော့ ဘင်္ဂလားဒေ့ရှ်က မလွဲမသွေ AA နဲ့ ညှိနှိုင်းဆွေးနွေးလာမှာ ဖြစ်တယ်။ အဲဒီဆွေးနွေးမှုတွေကို အခြေခံပြီး နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် ညှိယူရမယ်။

DMG - နယ်စပ်ဒေသ မောင်တောမြို့နယ်ကို AA က သိမ်းပိုက်နိုင်တာဟာ ကုန်ပစ္စည်းပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်သူတွေအတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ 

လက်ရှိ ရခိုင်ပြည်အတွင်း ကုန်စျေးနှုန်းအဆမတန်တက်လာတာဟာ ကုန်ပစ္စည်းပြတ်လပ်မှုက အဓိက အကြောင်း အရင်းဖြစ်တယ်။ အရင်တုန်းက မီဇိုရမ်ဘက်ကနေ ကုန်ပစ္စည်းဝင်ရောက်ခဲ့ပေမယ့် ဇွန်လလောက်ကတည်းက ဗဟိုလိုင်လူငယ် အစည်းအရုံးက ကြားဝင်စွပ်ဖက်တာတွေကြောင့် ကုန်ပစ္စည်းပိုပြီး ပြတ်လပ်သွားတယ်။ ကုန်စျေးနူန်းကလည်း ပိုတက်သွားတယ်။

 ဒီဗဟိုလိုင်လူငယ်အဖွဲ့ရဲ့ ကြားဝင်စွတ်ဖတ်မှုကို အိန္ဒိယ အစိုးရဖက်က ထိထိရောက်ရောက်မလုပ်ပေးတာကို ကြည့်ရင် အိန္ဒိယက AA  ဖက်ကို သိပ်မပါဘူးလို့ ပြောလို့ရတယ်။ အဲဒါကလည်း အိန္ဒိယနဲ့ စစ်ကောင်စီရဲ့ ရင်းနှီးတဲ့ ဆက်ဆံ‌ရေးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတော့ မောင်တော နယ်စပ်ကသာ လိုအပ်တဲ့ စားသုံးကုန်ပစ္စည်းတွေကို AA အနေနဲ့ တင်သွင်းနိုင်မယ်ဆိုရင် အခုလက်ရှိကုန်စျေးနူန်း ကျလာအောင် လုပ်ဆောင်နိုင်ပါတယ်။ 

DMG - တစ်ဖက်မှာလည်း တရုတ်နဲ့ အိန္ဒိယက ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေလည်း ကျောက်ဖြူနဲ့ စစ်တွေမှာ ရှိနေတယ်။ အဲဒီနိုင်ငံတွေကတော့  AA အပေါ် ဘယ်လိုသဘောထားတွေ ရှိနိုင်လဲ။ 

တရုတ်နဲ့ အိန္ဒိယက သူတို့ရဲ့ ကိုယ်ကျိုးစီးပွားရေးကို ကြည့်ပြီး အလုပ်လုပ်တာများတယ်။ ဆိုတော့ AA က တပြည်နယ်လုံးသိမ်းလိုက်တယ်ဆိုရင် သေချာပါတယ်၊ သူတို့ AA ကို ချည်းကပ်လာမှာပဲ။ AA အနေနဲ့လည်း ကျောက်ဖြူနဲ့ စစ်တွေကို သိမ်းတဲ့အခါ တရုတ်နဲ့ အိန္ဒိယရဲ့ ဖိအားပေးမှုတွေ ရင်ဆိုင်ရနိုင်တယ်။ 

ဒါပေမယ့် အခုလက်ရှိ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် မြောက်ပိုင်းမဟာမိတ်ထဲမှာ အပစ်အခတ် မရပ်သေးတာက AA ပဲ ။ ကျန်တာကြည့်ရင် AA အနေနဲ့ ကျောက်ဖြူနဲ့ စစ်တွေကို သိမ်းမှာ တပ်အပ်ပြောလို့ ရတယ်။ အဲစီမံကိန်း ရှိတဲ့ မြို့တွေသာ AA လက်ထဲရောက်သွားရင် တရုတ်နဲ့ အိန္ဒိယက အေအေနဲ့ မလွှဲမသွေ စကားပြောလာ ရလိမ့်မယ်။ 

DMG - AA က ရခိုင်တပြည်လုံးကို သိမ်းနိုင်သွားမယ်ဆိုရင် ဒေသတွင်း စီးပွားရေး အခြေအနေက ဘယ်လို ဖြစ်လာနိုင်လဲ။ 

AA အနေနဲ့ ရခိုင်တပြည်လုံးသိမ်းလိုက်တယ်ဆိုင်ရင် စကစက ပြည်မနဲ့ ရခိုင်ကုန်သွယ် စီးဆင်းမှုကို အကုန် ရပ်လိုက်မှာက သေချာတယ်။ ဒီတော့ ကုန်းစျေးနူန်း ပိုတက်သွားမယ်။ ပြည်မရောက် ရခိုင်တွေနဲ့ ပြည်ပရောက် ရခိုင်တွေ ရခိုင်ပြည်ထဲဝင်လာဖို့ ပိုခက်ခဲသွားမယ်။ ဒါကြောင့် လုပ်သား အင်အားနည်းလာမယ်။ လုပ်ငန်းရှင်တွေ လုပ်အားခ တိုးပေးရနိုင်တယ်။

အိန္ဒိယနဲ့ ဘင်္ဂလား‌ဒေ့ရှ်က ကုန်ပစ္စည်းတွေ ဝင်ရင်တော့ ဒီကိစ္စက သိပ်စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် အခြေခံ စားသောက်ကုန်တွေတော့ ရခိုင်ပြည်သူတွေအနေနဲ့ ပြည်မနဲ့ တခြားနိုင်ငံတွေကို သိပ်ပြီးတော့ မမှီခိုသင့်ဘူး။ ရခိုင်ပြည်တွင်းမှာ ကိုယ်တိုင် ထုတ်လုပ်နိုင်အောင် ကြိုးစားသင့်တယ်။ ULA/AA အနေနဲ့ ရခိုင်ပြည်တွင်း ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာပြီးတော့ လိုအပ်တဲ့ ပေါ်လစီတွေ ချမှတ်သင့်တယ်။ 

DMG - ကွန်ဖဒရေးရှင်းထက်မနိမ့်တဲ့ AA ရဲ့ နိုင်ငံရေးရည်မှန်းချက်က ဘယ်အချိန်လောက်မှာ ပြည့်ဝသွားနိုင်တယ်လို့ သုံးသပ်မိလဲ။ 

လက်ရှိ AA ရဲ့ စစ်ရေးအင်အားနဲ့ ဆက်လက်ထိုးစစ်ဆင်သွားရင်တော့ ၂၀၂၅ ခုနှစ်၊ မကုန်ခင်ကာလမှာ ဒီရည်မှန်းချက်အောင်မြင်သွားနိုင်မယ်လို့ ခန့်မှန်းပါတယ်။ 

DMG - အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။