“ကျမတို့က ဈေးသည်တွေပါ၊ ကျမယောကျ်ားကို အပြစ်မရှိဘဲ ဘာလို့ ဖမ်းတာလဲ”

ပုဏ္ဏားကျွန်းမှ ဖမ်းဆီးခံရသူများထဲတွင် အသက် (၃၅) နှစ်အရွယ် ဦးဘလှိုင်ဆိုသူလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ယင်းကြောင့် ပုဏ္ဏားကျွန်းမြို့အတွင်း ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးမှုဖြစ်များနှင့် ပတ်သက်ပြီး လက်ရှိတွင် ဖမ်းဆီးခံထားရသူ ဦးဘလှိုင်၏ ဇနီဖြစ်သူ မအေးအေးခိုင်ကို  DMG က တွေ့ဆုံမေးမြန်းထားသည်။

23 Jun 2022

“ကျမတို့က ဈေးသည်တွေပါ၊ ကျမယောကျ်ားကို အပြစ်မရှိဘဲ ဘာလို့ ဖမ်းတာလဲ”
ပုဏ္ဏားကျွန်းမြို့မှာ မြန်မာစစ်သား တစ်ဦးကို AA က ဘယ်လို ဖမ်းဆီးခဲ့တာလဲ။ ဘာတွေဖြစ်ခဲ့တာလဲ?

(အင်တာဗျူး)

DMG ၊ ဇွန် ၂၃

“ အပြစ်မရှိတဲ့သူတွေကို စစ်တပ်က အကြောင်း အမျိုးမျိုးပြပြီးတော့ ဝင်ဖမ်းသွားတာပါ ”

လက်ရှိ ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီး AA က မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ စ.ရ.ဖ စသည်တို့ကို ဖမ်းဆီးမှုများရှိနေသည်။ ယင်းကိစ္စနှင့် ဆက်စပ်ပြီး မြန်မာစစ်တပ်ဘက်ကလည်း တန်ပြန်အနေဖြင့် ဒေသခံများကို ဖမ်းဆီးခြင်းများမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့တို့အတွင်း နေ့စဉ်ဖြစ်လာနေသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ပေါ်တွင် မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။ ယင်းသို့ ဖမ်းဆီးခဲ့မှုကြောင့် မြို့ခံ ၇ ဦးထက်မနည်းကို မြန်မာစစ်တပ်က ဖမ်းဆီးကာ စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည်။

ထိုသို့ ပုဏ္ဏားကျွန်းမှ ဖမ်းဆီးခံရသူများထဲတွင် အသက် (၃၅) နှစ်အရွယ် ဦးဘလှိုင်ဆိုသူလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ယင်းကြောင့် ပုဏ္ဏားကျွန်းမြို့အတွင်း ဇွန်လ ၁၆ ရက်နေ့က ဖမ်းဆီးမှုဖြစ်များနှင့် ပတ်သက်ပြီး လက်ရှိတွင် ဖမ်းဆီးခံထားရသူ ဦးဘလှိုင်၏ ဇနီဖြစ်သူ မအေးအေးခိုင်ကို  DMG က တွေ့ဆုံမေးမြန်းထားသည်။

မေး။     ။ ဇွန်လ ၁၆ ရက်နေ့က ဖြစ်ခဲ့တဲ့ ပုဏ္ဏားကျွန်း ဖြစ်စဉ်ပြောပြပေးပါ။

ဖြေ။      ။ ကျမတို့ဆိုင်ကို စစ်သားနှစ်ဦး ဈေးလာဝယ်ပါတယ်။ တစ်ဦးကတော့ စစ်ဗိုလ်ပါ။ နောက်တစ်ယောက်ကတော့ ရဲဘော်ပါ။ သူတို့ ဈေးလာဝယ်တာကတော့ ကြိုးခွေဝယ်ပါတယ်။ ကြိုးခွေဝယ်ပြီးတာနဲ့ ကျမတို့ကို ဘောက်ချာလေး ခဏလုပ်ပေးဆိုလို့ လုပ်ပေးလိုက်ပါတယ်။ ဘောက်ချာလုပ်ပြီးတာနဲ့ သူတို့က ပိုက်ဆံရှင်းတယ်။ ပိုက်ဆံရှင်းပြီးတော့ ဆိုင်ကယ်ပေါ်ကို တက်ပါတယ်။ ဆိုင်ကယ်နိုးမရဘူး။ ဆိုင်ကယ် နိုးလို့ရတဲ့ အချိန်မှာ သူတို့က အပြင်ကိုထွက်သွားတယ်။ သူတို့အပြင်ထွက်သွားတဲ့အချိန် ကျမတို့ဆိုင်နဲ့ နည်းနည်းဝေးသွားပါပြီ။ အဲဒီအချိန်မှာ AA တွေက ရောက်ရှိလာပါတယ်။ ကျမတို့လည်း သူတို့ကို AA တွေလို့လည်း မသိဘူး။ အဲဒီစစ်သားနှစ်ယောက်ထဲက တစ်ယောက်ကို ဖမ်းသွားတယ်။ ဖမ်းသွားတော့ ဆွဲတော့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားတာ။ ဖြစ်တဲ့အချိန်မှာ တစ်ယောက်က မ.ယ.က (ထွေ/အုပ်) ရုံးရှေ့ လမ်းမကြီးပေါ်ရောက်သွားတယ်။ နောက်တစ်ယောက်က ကျရင် အောင်မင်္ဂလာ ကန်ဘေးက မြောင်းထဲကို ရောက်သွားတယ်။ ရောက်သွားတဲ့ အချိန်မှာ သူတို့တွေ ထိုးကြိတ်ကြတယ်။ အတိုက်အခံတွေ ဖြစ်ကြတယ်။ အတိုက်အခံတွေဖြစ်တဲ့အချိန်မှာ သေနတ်တစ်ချက် ပစ်ဖောက်သွားပါတယ်။ သေနတ် ဖောက်တာကတော့ AA ဖက်က ပစ်ဖောက်တယ်လို့ ထင်ပါတယ်။ ကျမတို့လည်း အတိအကျမသိဘူး။ အဲဒီနားမှာ ကျွန်မတို့ ဆိုင်နဲ့လည်း နီးတယ်ဆိုတော့ ကျမတို့လည်း ဆိုင်ကို အမြန်သိမ်း ရတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် စောင့်နေလို့ မရဘူးဆိုတော့ ဆိုင်ကို အမြန်သိမ်းပါတယ်။ အဲဒီအချိန် စစ်သားတစ်ယောက်လွတ်သွားတယ်လို့ ပြောသံကြားတယ်။ နောက်တစ်ယောက်ကိုတော့ AA က ဖမ်းသွားတယ်လို့ ပြောသံကြားပါတယ်။ ဘယ်သူကို ဖမ်းသွားလည်း ဆိုတာကိုတော့ ကျမလည်း အတိအကျမသိလိုက်ဘူး။

အဲဒီအချိန်မှာ ကျမယောက်ျားကို စစ်တပ်က စစ်ဆေးဖို့ဆိုပြီးတော့ လာခေါ်တယ်။ ခေါ်တဲ့စစ်သားက ၅၅၀ တပ်ရင်းက ဦးအောင်စိုးဦးနဲ့ နောက်တစ်ယောက်ပါတယ်။ ကျမ ယောက်ျားကို စစ်ဆေးချင်လို့ဆိုပြီးတော့ ခေါ်သွားတာ။ ကျွန်မတို့နဲ့ မဆိုင်ဘူး။ အပြင်မှာဖြစ်တဲ့ ကိစ္စလို့ပြောတော့ ကျမတို့ကို စစ်ဆေးချင်လို့ စစ်တပ်ကို ခဏလောက်လိုက်ခဲ့ပါ လို့ခေါ်တယ်။ ကျမတို့လည်း ကိုယ့်မှာမှ အပြစ်မရှိတာ စစ်ဆေးပြီးရင်ပြန်လွှတ်ပေးမယ် ပြောတော့ ကျမယောက်ျားလိုက်သွားတယ်။ ကျမကိုလည်း နင်လည်းလိုက်ရမယ်ဆိုပြီးတော့ခေါ်တယ်။ ကျမကလည်း ကျမလိုက်စရာမှ မလိုတာ။ ယောက်ျားပါတယ်ဆိုပြီးတော့ ကျမ ယောက်ျားကိုခေါ်သွားတယ်။ ဆိုတော့ ကျမ အိမ်မှာကျန်ခဲ့တယ်။ အိမ်မှာကျန်ခဲ့တော့ သမီးလေးကိုသွားခေါ်တယ်။ သမီးလေးက မူကြိုတက်နေတာပါ။ သမီးလေးသွားခေါ်ပြီးတော့ ပြန်လာတဲ့အခါ သူတို့က နောက်ထပ်တစ်ခေါက်ရောက်လာပါတယ်။ ရောက်လာပြီးတော့ နင်တို့မှာ ရှိတဲ့ ဖုန်းတွေပေးဆိုပြီးတော့ ပြောတယ်။ ကျမက ဘာလုပ်မှာလဲမေးတော့ နင်တို့မှာ အဲဒီဖုန်းတွေမှာ ဘာတွေရှိလဲ။ ငါတို့ စစ်ဆေးချင်လို့ဆိုပြီးတော့ပြောတယ်။ ကိုယ်မှာ ဘာမှလုပ်ထားတာ မရှိဘူး။ ဘာမှ ပြဿနာမရှိဘူးဆိုပြီးတော့ ပေးလိုက်ပါတယ်။

မေး။      ။ လက်ရှိက အစ်မယောကျ်ားကို ဘယ်မှာ ထိန်းသိမ်းထားလဲ။

ဖြေ။      ။ အခုလက်ရှိကတော့ သူကိုဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ မသိသေးဘူး။ သတင်းရတာ ကတော့ စစ်ရေးဂိတ်၊ စစ်တပ်ဂိတ်ကို ရောက်နေတယ်လို့တော့ သိရတယ်။ သူတို့တွေက လူ ၈ ယောက်ကို လူခွဲလိုက်တယ်။ လူခွဲပြီးတော့ ကျမ ယောက်ျားကို AA အမာခံဆိုပြီးတော့ စစ်တပ်၊ စစ်ရေးဂိတ် စ.ရ.ဖ အသွင်းပြောင်း စစ်ကြောရေးစခန်းလို့ ပြောတယ်။ ကျမလည်း အဲဒါဘယ်နေရာမှာလည်း ဆိုတာမသိဘူး။ အဲလိုမျိုး သတင်းတွေမှာပါလို့။ ကျမ ယောက်ျားတွေကို ဘာဖြစ်လို့ အဲဒီနေရာမှာ ထားရတာလဲ။ ကျွန်မ တို့က AA တွေနဲ့လည်း ဆက်စပ်မှုမရှိဘူး၊ ကျမတို့က ဈေးသည်ဆိုတော့ လူလာရင် ဈေးရောင်းရမယ်လေ။

မေး။       ။ အဲဒီဖြစ်စဉ်ကြောင့် အခုလက်ရှိ ပုဏ္ဏားကျွန်းမြို့မှာ ဖမ်းဆီးခံထားရတဲ့သူ ဘယ်လောက်ထိရှိလဲ။

ဖြေ။      ။ အခုလက်ရှိ ပုဏ္ဏားကျွန်းမြို့မှာ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၄၀ လောက်ရှိတယ်လို့ ပြောသံ ကြားတယ်။ အဲဒီ ၄၀ ထဲက ၈ ယောက်ထဲမှာ ကျမ ယောကျ်ားပါသွားတယ်။ အဲဒီနေ့ဖြစ်စဉ်မှာ ၈ ယောက်ဖမ်း သွားတာ။ ၈ ယောက်နာမည်ကိုတော့ အတိအကျမသိဘူး။ သိတာက ကျွန်မတို့ဆိုင်ဘေးနားက ဈေးရောင်းနေတဲ့ မျိုးသွင် ဆိုတဲ့သူ တစ်ယောက်ပါတယ်။ တခြားလူတွေကို ဈေးထဲက ဝင်ဖမ်းသွားတဲ့ သူတွေလည်းရှိပါတယ်။ သူတို့တွေက ဈေးရောင်းနေတာပါ၊ ဈေးသည်တွေ၊ အပြစ်မရှိတဲ့သူတွေကို စစ်တပ်က အကြောင်း အမျိုးမျိုးပြပြီးတော့ ဝင်ဖမ်းသွားတာပါ။

မေး။      ။ လက်ရှိ ပုဏ္ဏားကျွန်းမြို့ရဲ့ အခြေအနေက ဘယ်လိုရှိနေလဲ။

ဖြေ။      ။ လက်ရှိ ပုဏ္ဏားကျွန်းမြို့ရဲ့ အခြေအနေက တော်တော်ကိုဆိုးဝါးနေပါတယ်။ စစ်တပ်တွေက အိမ်တွေကို ဝင်စစ်တယ်။ သူတို့လာမေးတယ်။ ပြီးလို့ရှိရင် ခြိမ်းခြောက်တာတွေရှိတယ်။ ကျမကိုလည်း သတင်းတွေ လာမေးတယ်။ ဖြစ်ပြီးတာနဲ့ နောက်တစ်ရက်ဆိုရင် ကျမကို မ.ယ.က ရုံးမှာ အင်တာဗျုး လုပ်ပါတယ်။ အခန်းထဲမှာ တံခါးပိတ်ပြီးတော့ “ ငါတို့မေးတာကို ဖြေ၊ နင့်ယောက်ျားကို ငါလွှတ်ပေးမယ်” ဆိုပြီးတော့ မေးတယ်။ ကျမကလည်း မြင်တာကို ဖြေတာပေါ့။ ကိုယ့်ယောက်ျား အပြစ်လုပ်ထားတာမှ မရှိတာ။ ဈေးသည် ဆိုတော့ ရိုးရိုးသားသား လုပ်စားနေတာ။ ဘယ်သူတွေနဲ့မှ ဆက်စပ်မှုမရှိဘူး။ ကျမက ယောက်ျားကို ဘယ်အချိန် ပြန်လွှတ်ပေးမှာလည်း မေးတော့ ဘာမှလည်းမပြောဘူး။ သူတို့မေးတာကိုပဲ၊ လိုတာကိုပဲ သွားတယ်။ နင်ဘယ်မှ မသွားနဲ့နော်။ သွားလို့မရဘူး။ အဲလိုမျိုးပဲပြောတယ်။ ကျမကလည်း ပိတ်မိနေတယ်။ ဖုန်းတွေကိုလည်း သိမ်းတယ်။ ဘယ်သူ့နဲ့မှလည်း အဆက်အသွယ်လည်း မလုပ်ရဘူး။ အခုဆိုရင် ကျမ ယောက်ျားကို ဖမ်းသွားတာ ၈ ရက်မြောက်ရှိသွားပြီ။ ဖြစ်တာက ဇွန်လ ၁၆ ရက်နေ့က ဖြစ်တာပါ။ ကျမတို့က ဆောက်လုပ်ရေးပစ္စည်းရောင်းတာပါ။

မေး။      ။ အစ်မ ယောကျ်ား အခုလိုဖမ်းဆီးခံရတော့ ဘယ်လိုမျိုး စိုးရိမ်းမှုတွေရှိလဲ။

ဖြေ။      ။ စိုးရိမ်းရှိတာပေါ့၊ အခုဖမ်းထားတဲ့ လူတွေက အပြစ်မှမရှိတာ။ သူတို့က(စစ်တပ်) အပြစ်ရှိသလိုမျိုး သံသယရှိသလိုမျိုး လိုက်ဖမ်းတယ်။ ရိုက်နှက်တယ်။ ဘာလို့ အဲလို လုပ်တာလဲ။ ကျမတို့က ဈေးသည်တွေ ဆိုတော့ ဈေးဝယ်လာတဲ့ သူတွေကို ရောင်းရတာပေါ့။ အပြစ်မရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးတာတော့ စိုးရိမ်းတာပေါ့။ အိပ်လို့လည်း မပျော်ဘူး။ စားလို့လည်း မဝင်။ ဘယ်နေရာရောက်လို့ ရောက်နေ မှန်းမသိဘူး။ တချို့ကလည်း နှိပ်စက်တယ်လို့ ပြောကြတယ်။ နှိပ်စက်ဆိုတာက ပြောစရာမလိုဘူး။ ဖြစ်တဲ့နေ့ ကနေ ပုဏ္ဏားကျွန်းမှာ သူတို့တွေ ပစ်ခတ်နေတာ မကြည့်ရဲဘူး။

မေး။       ။ ယောက်ျားဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီးတော့ ဘာများတောင်း ဆိုချင်လဲ။

ဖြေ။      ။ ဘာများတောင်းဆိုချင်လဲဆိုတော့ ကိုယ်ကဘာမှမလုပ်ပဲ ဘာဖြစ်လို့ဖမ်းတာလဲ။ ကျမ ယောကျ်ားကို လွှတ်ပေးစေချင်တယ်၊ ကျမက ဈေးသည်တွေပါ။ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာ။ ကျမ ယောကျ်ားကို အကြောင်းမဲ့ သက်သက်ဖမ်းရတာလဲ။ ကျမ ယောကျ်ားအပြစ်မရှိပဲ ဘာဖြစ်လိုဖမ်းတာလဲ။ လူတွေနဲ့လည်းမတွေ့ရဘူး။ အဆက်သွယ်လည်းမရအောင် ဘာဖြစ်လို့လုပ်ထားတာလဲ။ အဆက်အသွယ်လည်း လိုချင်တယ်။ သိချင်တယ်။ ဘယ်မှာထားလဲဆိုတာလည်း သိချင်တယ်။ ဘာဖြစ်လို ဒီလိုလုပ်တာ လဲဆိုတာလည်း သိချင်တယ်။

မေး။      ။ အစ်မယောက်ျားဖမ်းဆီးခံရမူနဲ့ပတ်သက်ပြီးတော့ ဘာများဖြည့်စွက်ပြီး ပြောစရာတွေရှိလဲ။

ဖြေ။      ။ ကျမယောက်ျားကို ပြန်လွတ်စေချင်တယ်။ အကြောင်းမဲ့ ဘာကြောင့်ဖမ်းဆီးရတာလဲ။ ဖမ်းချင်ရင် အပြစ်ရှိတဲ့သူတွေကို သွားဖမ်းပါလာ။ ကျမတို့က ဈေးသည်တွေ။ အပြစ်မရှိတဲ့သူတွေကို လွှတ်ပေးစေချင်ပါတယ်။

ဗီဒီယိုများ