- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
RSO ထံ ဖမ်းဆီးခံခဲ့ရသည့် မွတ်ဆလင် လူငယ်တစ်ဦး ရင်ဖွင့်သံ
တိုက်ပွဲကာလ မောင်တောမြို့တွင်းရှိ မွတ်ဆလင်ဒုက္ခသည်များအား လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် လေးမိုင်ရပ်ကွက်မှ ကိုနိုရ်မိုဝ်ထော်ဖါမှာ RSO အဖွဲ့၏ ဖမ်းဆီးနှိပ်စက်မှုကို ခံခဲ့ရသည်။ ဖမ်းဆီးခံရစဉ် ကြုံခဲ့ရသည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ DMG က တွေ့ဆုံမေးမြန်းထားသည်။
28 Nov 2024
DMG ၊ နိုဝင်ဘာ ၂၈
ရခိုင် - ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောခရိုင်သည် နယ်စပ်လုံခြုံရေးနှင့် စစ်ရေးနိုင်ငံရေး ပဋိပက္ခများ အရှုပ်အထွေးများနှင့် ပြည့်နှက်နေသည့် ဒေသတစ်ခု ဖြစ်သည်။ မောင်တောဒေသတွင် စစ်ကောင်စီတပ်၊ အာရက္ခတပ်တော်၊ မွတ်ဆလင်လက်နက်ကိုင်အုပ်စု ARSA၊ RSO၊ ARA အဖွဲ့များ ရှိနေသည်။
မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့သည် အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းအပြင် မောင်တောမြို့တွင်းရှိ ရခိုင်နှင့် မျိုးနွယ်စုဝင်များ၊ ဟိန္ဒူများ၊ မွတ်ဆလင်အရပ်သားများကိုလည်း ဖမ်းဆီးရိုက်နှက်မှုများ ရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း RSO ၏ ဖမ်းဆီးမှုကိုခံရပြီး ပြန်လွတ်လာသူ မောင်တောမြို့၊ လေးမိုင်ရပ်ကွက်မှ ကိုနိုရ်မိုဝ်ထော်ဖါကို ၎င်းကြုံခဲ့ရသည့် အဖြစ်ပျက်များနှင့်ပတ်သက်၍ DMG က တွေ့ဆုံမေးမြန်းထားသည်။
DMG - ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ။
ကျနော်တို့က ဒုက္ခသည်အဖြစ်နဲ့ မောင်တောမြို့ အထက(၂)ကျောင်းမှာ ခိုလှုံနေကြတာ။ အဲဒီမှာ ကျနော်တို့ ရွာသားတွေ စားဝတ်နေရေး အရမ်းကို ကျပ်တည်းလာတယ်။ နိုင်ငံခြားမှာရှိတဲ့ မွတ်ဆလင်အဖွဲ့အစည်း တွေက လူတစ်ဦးကို ငွေနှစ်သောင်းဖြစ်ဖြစ်၊ တစ်သောင်းကျပ်ဖြစ်ဖြစ် ငွေကြေးလှူဒါန်းပေးဖို့ ကျနော်တို့ကို အကူညီတောင်းလာလို့ ကူညီပေးတာ။ အဲဒီလိုကူညီပေးတာကို စစ်ကောင်စီက သတင်းရသွားရင် ဖမ်းဆီးခံရမှာကိုလည်း ကျနော်စိုးရိမ်တယ်။ ဒါနဲ့ RSO က သတင်းရသွားတယ်။ သတင်းရသွားပြီးနောက် သူတို့က ကျနော့်ကို ကားနဲ့လာဖမ်းသွားတယ်။ ကားနဲ့တင်သွားပြီးတော့ ကျနော့်ကို ရိုက်ကြတယ်။ “မင်းက အာရက္ခတပ်တော်ကို သတင်းတွေ ပို့တာလား” ဆိုပြီးတော့ မေးကြတယ်။
DMG - ဘယ်လိုပုံစံမျိုး လာဖမ်းကြတာလဲ။ ဘယ်နေ့လောက် ဖြစ်မလဲ။
ဖမ်းဆီးခံရတာက ၇ လပိုင်း (ဇူလိုင်) ၂၈ ရက်နေ့မှာ ဖမ်းဆီးခံရတာ။ ကျနော်တို့ ခိုလှုံနေတဲ့ကျောင်းမှာ လူကြီးတစ်ဦးရှိတယ်။ အဲဒီလူကြီးနဲ့ အရင်ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်။ ဆွေးနွေးပြီးတော့ ‘ဗိုလ်လေးတစ်ယောက်က မင်းကိုခေါ်နေတယ်’ ဆိုပြီး လူကြီးကလာပြောတယ်။ ကျနော်က “ဘာကြောင့် ခေါ်တာလဲ” မေးတော့ “မဟုတ်ဘူး။ ခဏလေး။ တစ်ခုမေးစရာရှိတယ်” ဆိုပြီးတော့ ခေါ်သွားကြတာ။ သူတို့စခန်းရောက်တော့မှ ကျနော် ပိုက်ဆံထောက်ပံ့နေတာကို သူတို့ကိုမပြောလို့ ဖမ်းတာလို့ သိရတယ်။ ကျနော့်ကိုလာဖမ်းတုန်းက လူလေးယောက်ပါတယ်။
DMG - ဘယ်နေရာကို ဖမ်းဆီးသွားကြတာလဲ။
မောင်တော ကညှင်တန်း အထက်တန်းကျောင်းဘေးမှာ RSO စခန်းဆိုပြီးတော့ ပတ်လည်ကို မှန်တွေနဲ့ တည်ဆောက်ထားတဲ့ အိမ်တစ်ဆောင်ရှိတယ်။ အဲဒီအိမ်မှာ သူတို့က စခန်းချထားပြီးတော့ ကျနော်တို့ကို ဖမ်းထားတာ။ ဖမ်းဆီးခံထားရတာက ကျနော်တစ်ယောက်တည်း မဟုတ်ဘူး။ တခြားဖမ်းဆီးခံထားရတဲ့ သူတွေလည်း အများကြီးပဲ။ သူတို့ဖမ်းဆီးလာတာက တစ်ရက်မှာ အနည်းဆုံး ၅ ယောက်ကနေ ၁၀ ယောက် လောက်အထိရှိတယ်။ ပိုက်ဆံရှိတဲ့သူတွေက ပိုက်ဆံနဲ့ပြန်ရွှေးကြပြီးတော့ ပိုက်ဆံမရှိတဲ့ သူတွေကတော့ နှိပ်စက်တာကို ခံကြရတယ်။
DMG - သူတို့က ဘာတွေမေးမြန်းပြီး ဘယ်လိုမျိုး နှိပ်စက်ကြလဲ။
“မင်းတို့လေးမိုင်သားတွေ AA နဲ့ အဆက်သွယ်ရှိကြလား” ဆိုပြီးတော့ မေးတယ်။ လေးမိုင်မှာ မွတ်ဆလင်က တစ်ရွာ၊ ရခိုင်က ၁၂ ရွာရှိတယ်။ ဆိုတော့ RSO တွေက ကျနော်တို့ လေးမိုင်သားတွေကို အရမ်းမုန်းကြတယ်။ လေးမိုင်က နောက်ထပ်မွတ်ဆလင်တစ်ဦးကိုလည်း AA ကို သတင်းပေးတယ်ဆိုပြီး ဖမ်းဆီးထားတာရှိတယ်။ နောက်မေးမြန်းတာတွေကတော့ “မင်းက ဒီပိုက်ဆံတွေကို ပေးနေတာ၊ ဒီမှာ ငါတို့လူကြီးတွေရှိတယ် မင်းမသိဘူးလား၊ မင်းကဘာကောင်လဲ” ဆိုပြီးတော့ ကျနော့်ကို ရိုက်နှက်ပြီး စစ်ဆေးကြတယ်။ “ကျနော့်ကို မော်လဝီဆရာတွေက အလှူငွေလေးတစ်ချက် လိုက်ဝေပေးပါ” ဆိုလို့ ဝေပေးတာသာ ဖြစ်တယ်လို့ ကျနော်က ပြန်ပြောတယ်။ အဲလိုပြောလည်း သူတို့က “ဒီနေရာမှာ RSO က အကြီးဆုံးပဲ၊ ဘာကြောင့် သတင်းမပေးလဲ” ဆိုပြီး နှိပ်စက်ကြတယ်။ သူတို့ရဲ့ရိုက်နှက်မှုတွေကြောင့် ကျနော် သတိသုံးရက်မေ့ပြီးတော့ ဆေးကုသမှုတောင် ခံယူလိုက်ရတယ်။ နောက်ပြီး သူတို့က ကျနော့်ကို လက်နောက်ပြန်ကြိုးတုတ်ပြီး နှိက်စက်ကြတာကြောင့် လက်တစ်ဖက်ကျိုးသွားတယ်၊ ညာဖက်လက်ပေါ့။ နှိပ်စက်တာက ကျနော့်ရဲ့ခန္ဓာကိုယ်အနှံ့ကို ကြိမ်တုတ်နဲ့ ရိုက်တယ်။ နောက်ပြီး လက်သီးနဲ့ ထိုးကြိတ်တာတွေ ရှိတယ်။
DMG - ဖမ်းဆီးခံထားရတုန်း ငွေတောင်းတာတွေ ရှိလား။
ကျနော့်ဆီက ပိုက်ဆံတောင်းတာတော့ မရှိဘူး။ ဒါပေမဲ့ သူတို့က တခြားသူတွေဆီက သိန်း ၁၀၀၊ သိန်း ၂၀၀၊ သိန်း ၅၀၀ အစ တောင်းကြပြီးတော့ လွှတ်ပေးတာတွေကို ကျနော်မြင်ခဲ့ရတယ်။ သူတို့မှာ ရန်ပုံငွေလိုတဲ့အခါ ချမ်းသာတဲ့လူတွေကို ဖမ်းဆီးပြီးတော့ အပြစ်တစ်ခုခုရှာပြီးတော့ အချုပ်ထဲထည့်ထားပြီး ငွေတောင်းတာ။ မော်လဝီဆရာတွေကိုလည်း ဖမ်းဆီးပြီးတော့ နှိပ်စက်တာရှိတယ်။ မော်လဝီတွေကို “မင်းတို့က ဘာဖြစ်လို့ ငါတို့နဲ့ မပူးပေါင်းတာလဲ”ဆိုပြီး ဖမ်းဆီးထားတာ။
DMG - အဖမ်းခံရတဲ့အထဲမှာ ကိုယ့်အသိတွေရောပါလား။
ကျနော်နဲ့အတူ ဖမ်းဆီးချုပ်နှောင်ခံရသူတွေရဲ့ နာမည်တွေကိုတော့ မသိခဲ့ရဘူး။ သူတို့ရဲ့အရုပ်တွေကိုတော့ ကျနော်သိတယ်။ ရွှေဇား၊ ရပ်ကွက် ၅၊ ကညင်တန်းနဲ့ လသာရွာတို့က လူတွေပါကြတယ်။ ကျနော်က နှိပ်စက်ခံရတဲ့ဒဏ်နဲ့ သတိမရတော့ မေးခွင့်လည်း မရခဲ့ဘူး။
DMG - ဖမ်းဆီးထားတဲ့အထဲမှာ မွတ်ဆလင် ဘယ်လောက်ပါလဲ။ တခြားလူမျိုးတွေရောပါလား။
ကျနော်သိသလောက် RSO ဖမ်းဆီးထားတဲ့အထဲမှာ မွတ်ဆလင်ကတော့ ၂၀ ကျော်လောက်ရှိတယ်။ မွတ်ဆလင်သီးသန့် တစ်ခန်းချုပ်ထားတယ်။ နောက်မှာတော့ ရခိုင်တွေနဲ့ တခြားလူမျိုးတွေကို ဖမ်းဆီးထားတဲ့ အသံတွေတော့ ကြားရတယ်။ ဘယ်လောက်ဆိုတာတော့ မသိခဲ့ရဘူး။
DMG - RSO လက်ထဲကနေ ဘယ်လိုမျိုး ပြန်လွတ်လာခဲ့တာလဲ။
သူတို့ဆီမှာ ၉ ရက်ကြာ ဖမ်းဆီးခံခဲ့ရတယ်။ သူတို့ထွက်ပြေးတဲ့အချိန်မှပဲ ကျနော်တို့ကို လွှတ်ပေးခဲ့တာ။ အာရက္ခတပ်တော်ရဲ့ထိုးစစ်တွေက သူတို့ရဲ့စခန်းနဲ့အနီးဆုံးကို ရောက်လာပြီးမှ သူတို့ထွက်ပြေးကြချိန်မှာ လွတ်မြောက်လာတာပါ။
DMG - တိုက်ပွဲကာလအတွင်း မောင်တောမြို့ထဲမှာ ဘယ်လိုမျိုးဖြတ်သန်းခဲ့ရလဲ။
မောင်တောမြို့တွင်းမှာ ကျနော်တို့မွတ်ဆလင်တွေက အပြင်ထွက်လို့ မရဘူး။ ဆန်တွေကိုလည်း သူ့တို့(မွတ်ဆလင်လက်နက်ကိုင်)က လက်ဝါးကြီးအုပ်ထားတာ့ ဈေးကြီးကြီးပေးပြီး ဝယ်စားရတယ်။ အပြင်ထွက်ရင် သူတို့ဆီမှာ ဖမ်းဆီးခံရပြီးတော့ လူသစ်အဖြစ် စုဆောင်းခံရတယ်။ သူတို့မှာ လူလိုအပ်တော့ ဉပမာ မိသားစုတစ်စုမှာ သားသမီး ၅ယောက်ရှိတယ်ပေါ့၊ ယောက်ျား ၃ ယောက်၊ မိန်းကလေး ၂ ယောက်ဆိုရင် အနည်းဆုံး ယောက်ျားတစ်ယောက် သူတို့ကိုပေးရတယ်။ ဘယ်မိဘကမှ ကိုယ်သားသမီးကို မပေးချင်ကြဘူး။ မပေးဘူးဆိုရင် သူတို့က နှိပ်စက်လို့ အဲဒီလိုတောင်းခံရတဲ့ မိသားစုတွေဟာ ဘင်္ဂလာဖက်ကို ခိုးပြီးတော့ ထွက်ပြေးကြရတာရှိတယ်။
DMG - မွတ်ဆလင်လက်နက်ကိုင်တွေအပေါ် ဒေသခံ မွတ်ဆလင်တွေရဲ့ သဘောထားကရော ဘယ်လိုရှိလဲ။
ကျနော်တို့က အရင်ကတည်းက အဲဒီအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် လုံးဝမရှိခဲ့ဘူး။ ဒုက္ခသည်ဖြစ်နေတဲ့ အချိန်မှာလည်း မွတ်ဆလင်တွေကို သူတို့အဖွဲ့အစည်းတွေက ဘာထောက်ပံ့မှုမှ ရှိတာမဟုတ်ဘူး။ မွတ်ဆလင်တွေတိုင်းလည်း သူတို့ကို ထောက်ခံကြတာ မဟုတ်ဘူး။ သူတို့က လူထုကို နှိပ်စက်တာများတယ်။ လူတွေကို ဖမ်းတယ်။ လမ်းမှာတွေ့ရင်လည်း ဟိုဟာပေးရမယ်၊ ဒီဟာပေးရမယ်၊ လူသစ်တွေပေးရမယ်၊ မင်းတို့သားသမီးတွေပေးရမယ် ဆိုပြီးတော့ အမျိုးမျိုးနှောင့်ယှက်လို့ သူတို့ကို ထောက်ခံကြတာမျိုး မရှိပါဘူး။
DMG - အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။