“လက်နက်နဲ့ သတ်စရာမလိုဘဲ ငတ်ပြီး သေသွားနိုင်တယ်”
စစ်ကောင်စီသည် ရသေ့တောင် - ပုဏ္ဏားကျွန်းနယ်စပ်ရှိ ကျေးရွာ ၂၀ ခန့်မှ ဒေသခံများကို ဇွန်လမှစ၍ မြို့တွင်းသို့ အဓမ္မပြောင်းရွှေ့ခဲ့သည်။ ရွှေ့ပြောင်းခံရသူများ လက်ရှိဖြတ်သန်းနေရသော အခြေအနေများကို DMG က ဆက်သွယ်မေးမြန်းထားပါသည်။
30 Aug 2024
DMG ၊ ဩဂုတ် ၃၀
ရခိုင်တိုက်ပွဲ စတင်ကတည်းက စစ်ကောင်စီသည် စစ်တွေမြို့ အဝင်အထွက် ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့လိုက်ပြီး မြို့ပတ်လည်တွင် မိုင်းများထောင်ကာ အကာအကွယ်ယူထားသည်။
စစ်တွေမြို့အနီး မြို့နယ်များကို AA သိမ်းပိုက်လိုက်ချိန်တွင် စစ်ကောင်စီသည် ရသေ့တောင် - ပုဏ္ဏားကျွန်းနယ်စပ်ရှိ ကျေးရွာ ၂၀ ခန့်မှ ဒေသခံများကို ဇွန်လမှစ၍ မြို့တွင်းသို့ အဓမ္မပြောင်းရွှေ့ခဲ့သည်။
ယင်းနောက် အဆိုပါကျေးရွာများတွင် တပ်စွဲနေရာယူထားပြီး ဒေသခံများမှာမူ စစ်တွေမြို့ရှိ ဆွေမျိုးနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများ၌ စားသောက်နေထိုင်ရေးအခက်အခဲများဖြင့် ဖြတ်သန်းနေကြရသည်။
ရွှေ့ပြောင်းခံရသူများ လက်ရှိဖြတ်သန်းနေရသော အခြေအနေများကို DMG က ဆက်သွယ်မေးမြန်းထားပါသည်။
အောင်တိုင်ကျေးရွာမှ အမျိုးသားတစ်ဦး
စစ်တွေမြို့ပေါ်ကို ပြောင်းရွှေ့တာက နှစ်လကျော်လောက်ရှိပြီ။ ဆွေမျိုးအိမ်မှာနေတာဆိုပေမယ့် သူတို့ကလည်း လနဲ့ချီပြီးမကျွေးနိုင်ဘူး။ ရှာစားဖို့ကလည်း အလုပ်မရှိဘူး။
ဘုန်းကြီးကျောင်းမှာ နေတဲ့သူတွေမှာ ထမင်းမစားရတဲ့ နေ့တွေ အများကြီးရှိတယ်။ တချို့မိသားစုတွေဆို အခုထိ ထမင်းချက်ဖို့ အိုး၊ ခွက်၊ ပန်းကန် မဝယ်နိုင်လို့ သူများဆီကငှားပြီး ချက်ပြုတ်စားသောက်နေရတယ်။ အထောက်အပံ့ရတဲ့ ဆန်တချို့ကို ရောင်းချပြီး လိုအပ်တာတွေ ထပ်ဝယ်တယ်ပေါ့။ အခုဆိုရင် ပုံမှန် နို့ဆီဗူး ၄ ဗူးစားခဲ့တဲ့ မိသားစုက ၂ ဗူးခွဲနဲ့ လောက်ငှအောင် စားရတယ်။
အခုက ကျနော်တို့ကို လက်နက်နဲ့ သတ်စရာမလိုဘဲ ငတ်ပြီးသေသွားနိုင်တယ်။ ပိုက်ဆံမရှိတဲ့အခါ ကျန်းမာရေးမကောင်းသူတွေဆိုလည်း ဆေးဝယ်မသောက်နိုင်ဘူးလေ။ အဲဒါကြောင့် သေဆုံးသူတွေလည်း ၄ ယောက်ရှိပါတယ်။ နောက်တစ်ခုက အခုက ဖမ်းဆီးမှုတွေလည်း အများကြီးရှိနေတော့ နေရတာ ကျောမလုံဘူး။ တချို့ကတော့ ရှိတဲ့ငွေတွေနဲ့ လေကြောင်းကနေ ပြည်မဘက်ကို သွားနိုင်ပေမယ့် အခြေခံလူတန်းစားတွေက ဘယ်မှမသွားနိုင်ဘူး။
ဗျိုင်းဖြူကျေးရွာမှ အမျိုးသမီးတစ်ဦး
အိမ်ကထွက်လာကတည်းက ကျမတို့ဟာကျီးလန့်စာစားနေရသလိုပဲ။ စားရေးသောက်ရေးက လုံးဝကို မပြေတာပါ။ ထောင်ထဲမှာရှိနေတဲ့ သူတွေကို ထောင်ဝင်စာပို့ရ၊ အိမ်မှာရှိတဲ့ မိသားစုအတွက်ကို ကြည့်ရနဲ့ မရူးတာပဲ ရှိတယ်။ ကျမတို့လို အခက်အခဲတွေ အများကြီးရှိတဲ့သူတွေ တစ်ပုံကြီးပါ။ လူ ၁၀၀ မှာ ၈၀ လောက်က ထမင်းငတ်နေကြပြီ။
ဒီအတိုင်းပဲ ဆက်သွားနေမယ် ကျမတို့လည်း ထွက်လို့မရဘူးဆိုရင်တော့ သေဖို့ပဲ ရှိတယ်။ မြို့ထဲမှာ ခိုးဆိုးမှုတွေ ရှိလာတာလည်း ထမင်းငတ်နေကြတာ အများကြီးရှိတော့ အမျိုးမျိုးဖြေရှင်းကြတာပေါ့။ WFP ကနေ လူတစ်ဦးကို တစ်လမှာ နို့ဆီဗူး ၅၀ ကျော် အကူအညီပေးပေမယ့် မလုံလောက်ဘူး။
ကျမတို့က ဒီမှာမနေချင်ပေမယ့် ဘယ်ကိုမှ မသွားနိုင်ဘူး။ ကုန်းလမ်း၊ ရေလမ်းလည်း ပိတ်ထားတော့ ခိုးထွက်ရင်လည်း သေမယ်။ လေကြောင်းက သွားမယ်ဆိုလည်း ပိုက်ဆံက မတတ်နိုင်ဘူး။ ကျမတို့လို ရွာကိုစွန့်ပြီး ဒီမှာ ပြောင်းရွှေ့နေထိုင်သူတွေကတော့ လတာကြာရှည်လာတာနဲ့အမျှ ပိုပြီးငတ်လာတယ်။ အာဟာရ ပြတ်လာကြတယ်။ ဒီအတိုင်း တာရှည်သွားမယ်ဆိုရင် သူတို့ (စစ်ကောင်စီ) သတ်စရာမလိုဘဲ အကုန်လုံးသေသွားမယ်။
ပလ္လင်ပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦး
ရွာမှာနေတုန်းကတော့ ငါးဖမ်းတဲ့အလုပ်ကို အဓိကလုပ်ကိုင်ပြီး မိသားစုစားသောက်ရေး ဖြေရှင်းခဲ့တာ။ အခုက အဲဒီလုပ်ငန်းတွေကိုလည်း ထားခဲ့ရတယ်။ ဒီမှာ ပါလာတဲ့ရွှေတိုရွှေစတွေကို ရောင်းချပြီး စားသောက်နေရတယ်။ အခုက အလုပ်လည်းမရှိဘူး။
လုံးဝ စားစရာ မရှိဘူးဆိုရင် မြို့ကိုပတ်ပြီးတော့ တောင်းစားကြတဲ့သူတွေလည်း ရှိတယ်။ စားဖို့သောက်ဖို့လည်း မလုံလောက်၊ သွားမယ့်နေရာလည်း မရှိဘူး။ ဘယ်လောက်ထိ ခက်ခဲမွန်းကျပ်နေလဲဆိုတာကို စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူး။ ကျမတို့ကို ဒီကို ပြောင်းရွှေ့လိုက်ကတည်းက ငါးကောင်း၊ ဟင်းကောင်း စားရတဲ့နေ့ဆိုတာ မရှိဘူး။ ထမင်းတစ်ခုတည်းကိုတောင် မငတ်ရုံတမယ် စားနေရတာ။
ပျားလယ်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦး
စစ်တွေမှာ စစ်ကောင်စီက အကြောင်းပြချက်အမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီးတော့ ဖမ်းဆီးနေတာရှိတယ်။ အပြစ်မရှိပေမယ့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာက မလုံခြုံဘူး။ စားသောက်ရေး အဆင်မပြေတာက တစ်မျိုး၊ လုံခြုံရေးစိုးရိမ်နေရတာကတစ်မျိုး အားလုံးက ခက်ခဲနေတာ။ မြို့ထဲမှာ ပိတ်လှောင်ပြီး ဖြစ်သလိုနေနေရတယ်။
ဒီအတိုင်းပဲ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရမယ်ဆိုရင်တော့ အကုန်လုံးဟာ စိတ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲလာမယ်။ ခိုးဆိုးလုယက်လာမယ်။ မရရင် ဓားပြတိုက်လာနိုင်တဲ့အထိ အဆိုးဆုံး ဖြစ်လာမှာ။ ဘာတစ်ခုမှ အပြစ်မပြောနိုင်ဘူး။ သားသမီးတွေ၊ သားမယားတွေ ငတ်ပြတ်နေရင် ဘယ်မိဘကမှ မနေနိုင်ကြဘူး။ မရရင်ရတဲ့နည်းနဲ့ လုပ်ကြမှာပဲ။
အဲဒါကြောင့် ကျနော်ကတော့ မြို့ကလူတွေကို တစ်ခြားဒေသတစ်ခုကို တိမ်းရှောင်လို့ရအောင် တစ်နည်းနည်းနဲ့ ဖြေရှင်းပေးစေချင်ပါတယ်။