ရခိုင်ဒေသ၏ အနာဂတ်အရေး အာရက္ခတပ်တော် တပ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် The Diplomat ဆက်သွယ်မေးမြန်းချက် (၁)

“ရခိုင်မှာ လက်နက်ကိုင်တော်လှန်မှု စတင်ချိန်တည်းက ဒီဒေသထဲက မည်သည့် တိုင်းရင်းသားလူမျိုး၊ ဒါမှမဟုတ် ဘာသာရေးအုပ်စု တစ်ခုခုကိုမှ ပစ်မှတ်ထားခဲ့တယ် ဆိုတာ တစ်ခါမှမရှိခဲ့ဖူးပါဘူး။ မွတ်ဆလင်ဦးရေ ကြီးကြီးမားမားရှိတဲ့ ဒေသအများအပြားမှာ ကျွန်တော်တို့ လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ချောချောမွေ့မွေ့ပဲ ဆိုတာကို လေ့လာသူတွေ မြင်တွေ့နိုင်ပါတယ်။”

By Admin 10 Sep 2024

အာရက္ခတပ်တော် တပ်မှူးချုပ် ထွန်းမြတ်နိုင် (ဓာတ်ပုံ - The Diplomat)
အာရက္ခတပ်တော် တပ်မှူးချုပ် ထွန်းမြတ်နိုင် (ဓာတ်ပုံ - The Diplomat)

အာရက္ခတပ်တော် (AA) သည် မြန်မာနိုင်ငံ၌ စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ (စစ်ကောင်စီ) ကို တော်လှန်နေကြသည့် စစ်ပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အနက် အအောင်မြင်ဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လျက်ရှိသည်။ 

စေ့စပ်သေချာစွာ စီစဉ်နိုင်စွမ်း၊ နိုင်ငံတဝန်းရှိ ပုံစံတူ အဖွဲ့အစည်းများနှင့် မဟာမိတ်ဖွဲ့နိုင်စွမ်း တို့နှင့်အတူ AA သည် ယမန်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ ပိုမိုပြင်းထန်လာခဲ့သော စစ်ကောင်စီကို တော်လှန်သည့် စစ်ဆင်ရေးများအတွင်း ဧရာမအောင်မြင်မှုကြီးကို မှတ်တမ်းတင်နိုင်ခဲ့သည်။ လက်ရှိအချိန်၌ AA သည် မြန်မာနိုင်ငံ၌ ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ် ၁၈ ခုအနက် ၁၁ ခုကို ထိန်းချုပ်ထားပြီ ဖြစ်သည်။

လတ်တလောတွင်လည်း မွတ်ဆလင်တိုင်းရင်းသားများ အများစု ဖြစ်ကြသည့် ရိုဟင်ဂျာများအပေါ် AA က ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိသည့် မောင်တောနှင့် အခြားဒေသများ၌ ခက်ခဲပြင်းထန်သော တိုက်ပွဲတစ်ရပ်ကို ဆင်နွှဲလျက်ရှိသည်။

ဒီပလိုမက် (The Diplomat) သတင်းဌာနမှ ရာဂျစ် ဘာတာချာရီယာ (Rajeev Bhattacharyya) နှင့် အွန်လိုင်းမှပြုလုပ်သည့် အင်တာဗျူး၌ အာရက္ခတပ်တော်၏ တပ်မှူးချုပ် ဖြစ်သလို AA ၏ နိုင်ငံရေးတောင်ပံ အဖွဲ့အစည်းဖြစ်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ဥက္ကဌလည်း ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲ၊ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သည် ဆိုသည့် စွပ်စွဲချက်များနှင့် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်မှ နေရပ်ပြန်ရေး အနာဂတ်အလားအလာ အပါအဝင် အကြောင်းအရာများအပေါ် သူ၏အမြင်ကို ဖြေကြားထားပါသည်။

■ ရခိုင်ပြည်နယ် အပြည့်အဝ လွတ်မြောက်ဖို့အတွက် အာရက္ခတပ်တော်က အချိန်ဘယ်လောက် ယူမလဲ။

အချိန်ထက် အခြေအနေပေါ် မူတည်ပြီး ပြောရတာက အမြဲတမ်း ပိုကောင်းပါတယ်။ အာရက္ခဒေသကို လွတ်မြောက်အောင် ကြိုးပမ်းရတဲ့ တာဝန်ကြီးကို လုပ်ငန်းစဉ်တစ်ရပ်အဖြစ်နဲ့ရော ခံယူချက်တစ်ရပ်အဖြစ်ပါ မြင်ကြည့်ဖို့ လိုအပ်ပါတယ်။ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် အာရက္ခဒေသဆိုတာ ကျွန်တော်တို့ လူထုရဲ့ ရင်ထဲမှာ အမြဲတမ်း ရှိနေတာ ဖြစ်ပါတယ်။ နိုင်ငံတစ်ရပ်အနေနဲ့ ရခိုင်တွေရဲ့ ဆုံးရှုံးသွားတဲ့ အချုပ်အခြာအာဏာနဲ့ အဆင့်အတန်းကို ပြန်လည်တည်ဆောက်ရေးဟာ ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်အရ၊ ကိုယ်ကျိုးစီးပွားအရ၊ ဂုဏ်သိက္ခာအရ ကြိုးပမ်းအားထုတ်ရမယ့် တာဝန်ဖြစ်ပါတယ်။ လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရခိုင်စစ်မျက်နှာမှာ ၁၈ မြို့နယ်ထဲက ၁၁ မြို့နယ်ကို သိမ်းပိုက်ခဲ့ပြီး ဖြစ်သလို လာမယ့် သီတင်းပတ်တွေ လတွေမှာလည်း မဟာဗျူဟာမြောက် နေရာတွေကို ဆက်ပြီးတော့ သိမ်းယူသွားမှာပါ။

■ အာရက္ခတပ်တော်ကို ဖွဲ့စည်းပြီးနောက် ဆယ်စုနှစ် တစ်ခုခွဲလောက်အတွင်းမှာပဲ တစ်ဟုန်ထိုးဆိုရမလောက်  အားကောင်းခိုင်မာလာပါတယ်။ ရှေ့က အဖွဲ့အစည်းတွေ ကျရှုံးသွားကြတဲ့ အချိန်မှာ ခင်ဗျားတို့ အခုလို မြန်မြန်ဆန်ဆန် တိုးချဲ့လာနိုင်အောင် ဘယ်အချက်တွေက အထောက်အကူ ပြုခဲ့ပါသလဲ။

မြောက်ဦးကျရှုံးပြီး ရခိုင့်အချုပ်အခြာအာဏာ ဆုံးရှုံးသွားတဲ့ ၁၇၈၄ ခုနှစ် နောက်ပိုင်းမှာ ရခိုင်တော်လှန်ရေး မျိုးဆက်တွေဟာ သူတို့ရဲ့ ဘဝတွေကို ရည်မှန်းချက် တစ်ခုတည်းမှာပဲ မြှုပ်နှံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကတော့ ရခိုင်ပြည် လွတ်မြောက်ရေးပါ။ သူတို့ ကျရှုံးသွားရတဲ့ အကြောင်းရင်းတွေ၊ အမှားတွေကို ကျွန်တော်တို့ သင်ခန်းစာယူပါတယ်။ အချိန်အခါနဲ့ အခြေအနေတွေက ပြောင်းလဲသွားပြီ ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကတော့ သူတို့နဲ့ အရမ်းကြီး ကွာခြားမှုမရှိပါဘူး။

ပထဝီနိုင်ငံရေး၊ ဒေသတွင်း နိုင်ငံရေး၊ အမျိုးသားနိုင်ငံရေး အပြောင်းအလဲတွေ အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့လည်း အမျိုးမျိုး ရုန်းကန်ကျော်ဖြတ်ခဲ့ရတာပါပဲ။ သို့ပေမယ့်လည်း တကယ့် အောင်မြင်မှု အစစ်အမှန်ဟာ ခေါင်းဆောင်မှု တည်ဆောက်နိုင်စွမ်း၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်၊ အမျိုးသားညီညွတ်မှုနဲ့ မဟာမိတ်၊ မိတ်ဆွေ မိတ်ဘက်တွေရဲ့ ပံ့ပိုးကူညီမှုတွေအပေါ်မှာ မူတည်နေတယ် ဆိုတာကို ကျွန်တော်တို့ နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ပြဿနာရဲ့အဖြေကို ပြင်ပမှာထက် ကိုယ့်အထဲမှာပဲ အမြဲတမ်း ဦးစားပေးပြီး ရှာဖွေပါတယ်။

■ အာရက္ခတပ်တော်နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့ဟာ နွေဦးတော်လှန်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆပါသလား။ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေက စစ်ပွဲတွေမှာလည်း အာရက္ခတပ်တော်က ဆက်စပ်ပါဝင်နေတာဆိုတော့။

ကျွန်တော်တို့မှာ ကိုယ်ပိုင်အမြင်၊ ခံယူချက်နဲ့ ရည်မှန်းချက်တွေ ရှိပါတယ်။ ၂၀၂၁ ခုနှစ်အစောပိုင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် မြန်မာပြည်သူလူထုဟာ သူတို့ရဲ့ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာအတွက် ရဲရင့်စွာနဲ့ တိုက်ပွဲဝင်နေကြတာကို မြင်ရတာ ကျွန်တော်တို့လည်း ဝမ်းသာပါတယ်။ စစ်အုပ်ချုပ်ရေး လက်အောက်က လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ရဲ့ ရုန်းကန်ကြိုးစားမှုတွေဟာ အပြန်အလှန် အကျိုးဖြစ်စေသင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အာရက္ခပြည်သူလူထုက အာရက္ခဒေသ လွတ်မြောက်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တချိန်တည်းမှာပဲ မြန်မာပြည်သူလူထုလည်း သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို မြန်နိုင်သမျှမြန်မြန် ရရှိဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

■ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ ရလဒ်ဟာ ဘယ်လိုထွက်လာမယ်လို့ ယူဆပါသလဲ။

မြန်မာနိုင်ငံက တိုင်းရင်းသားလူထု အားလုံးရဲ့ သန္နိဋ္ဌာန်နဲ့ စိတ်ပိုင်းဖြတ်မှုကြောင့် ရလဒ်တွေထွက်ပေါ်နေတာကို ကျွန်တော်တို့ မြင်ရပါတယ်။ စစ်အာဏာသိမ်းမှုကို တော်လှန်နေကြတဲ့ တပ်ဖွဲ့တွေ တစ်ရက်ထက်တစ်ရက် အင်အားပိုကောင်းလာတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ စစ်တပ်ဘက်မှာလည်း ဆုံးရှုံးမှုနဲ့ အားနည်းချက်တွေ ဒီဂရီ မြင့်သထက် မြင့်လာတာကို သတိထားမိပါတယ်။ သို့သော်လည်း စစ်ကောင်စီရဲ့ တပ်ဟာ လာမယ့်ရက်တွေမှာပဲ ပြိုလဲတော့မယ်လို့ ပြောလို့ကတော့ မရပါဘူး။ ရလဒ်ဟာ ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှု၊ အရည်အချင်း၊ ပူးပေါင်းဆောင်ရွက်မှုတွေ အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်နေတာ ဖြစ်ပါတယ်။

■ အာရက္ခတပ်တော်က ရိုဟင်ဂျာလူထုအပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

အာရက္ခဒေသမှာ ကျွန်တော်တို့ အုပ်ချုပ်ရေး စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက ကျွန်တော်တို့ရဲ့ ULA အစိုးရဟာ ဒေသတွင်း အသိုင်းအဝိုင်းအမျိုးစုံကြားမှာ လူမှုသဟဇာတဖြစ်ရေး၊ အားလုံးပါဝင်တဲ့ အုပ်ချုပ်ရေး၊ တန်းတူညီမျှပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ ဆက်ဆံရေးတို့ကို အမြဲတမ်း အလေးထားပြီး မြှင့်တင်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ULA ဟာ အာရက္ခဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားနဲ့ ဘာသာရေးအုပ်စု အားလုံးကို ကိုယ်စားပြုပါတယ်။ လေ့လာသူတွေအနေနဲ့လည်း ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲက အဆင့်အမျိုးမျိုးမှာ နောက်ခံအသိုင်းအဝိုင်း မျိုးစုံက ဝန်ထမ်းနဲ့ အရာရှိတွေကို မြင်နိုင်ပါတယ်။ ပိုအရေးကြီးတာက ကျွန်တော်တို့ရဲ့ အစိုးရအုပ်ချုပ်ရေး အင်စတီကျူးရှင်းတွေမှာ လူနည်းစုအုပ်စုတွေ ပိုမိုပါဝင်လာအောင် မြှင့်တင်အားပေးဖို့ဟာ ကျွန်တော်တို့ရဲ့ခံယူချက် ဖြစ်တယ် ဆိုတာပါပဲ။ အသိုင်းအဝိုင်းအားလုံးက တရားသူကြီးတွေ၊ ရဲအရာရှိတွေ၊ ပါတီကေဒါတွေ ရှိလာပါလိမ့်မယ်။

အာရက္ခဒေသမှာ နေထိုင်နေကြတဲ့ မွတ်ဆလင်တွေနဲ့ ပတ်သက်လို့ပြောရရင် အခြေအမြစ်မရှိတဲ့ ပုံမှားစွပ်စွဲချက်တွေ၊ ကျွန်တော်တို့အကြားမှာ မယုံကြည်မှုတွေ ပိုမိုထွက်ပေါ်လာအောင် ဖန်တီးဖို့ ကြိုးစားမှုတွေလို စိန်ခေါ်မှုမျိုးတွေ ရှိနေတာကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ AA ဟာ စနစ်တကျ ဖွဲ့စည်းထားပြီး စည်းကမ်းရှိတဲ့ အဖွဲ့အစည်း ဖြစ်သလို ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့ အပါအဝင် မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲခံရတာ၊ အပြစ်ကျူးလွန်ကြောင်း ကြားသိရတာ ဘယ်တုန်းကမှ မရှိဖူးပါဘူး။

ရခိုင်မှာ လက်နက်ကိုင်တော်လှန်မှု စတင်ချိန်တည်းက ဒီဒေသထဲက မည်သည့် တိုင်းရင်းသားလူမျိုး၊ ဒါမှမဟုတ် ဘာသာရေးအုပ်စု တစ်ခုခုကိုမှ ပစ်မှတ်ထားခဲ့တယ် ဆိုတာ တစ်ခါမှမရှိခဲ့ဖူးပါဘူး။ မွတ်ဆလင်ဦးရေ ကြီးကြီးမားမားရှိတဲ့ ဒေသအများအပြားမှာ ကျွန်တော်တို့ လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ ချောချောမွေ့မွေ့ပဲ ဆိုတာကို လေ့လာသူတွေ မြင်တွေ့နိုင်ပါတယ်။

ဒါကြောင့် ပြည်ပရောက် မွတ်ဆလင်အချို့ ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားအုပ်စုအချို့က ဘယ်လိုပဲ စွပ်စွဲနေပေမယ့် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေဟာ အာရက္ခဒေသမှာရှိတဲ့ မွတ်ဆလင်လူမျိုးစုတွေ အပေါ်သော်လည်းကောင်း၊ အခြား အသိုင်းအဝိုင်းတွေကိုသော်လည်းကောင်း ကြီးမားတဲ့ရာဇဝတ်မှုတွေ ကျူးလွန်စရာ အကြောင်းမရှိဘူး ဆိုတာကို ကျွန်တော်တို့ အာမခံနိုင်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အခြားသော ပရောဖက်ရှင်နယ် စစ်တပ်တွေလိုပဲ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ စည်းကမ်းဖောက်ဖျက်မှု ရှိလာခဲ့ရင်လည်း အသေးအဖွဲကအစ ဒီဖြစ်ရပ်တွေကို ကျွန်တော်တို့ အလေးအနက်ထားပြီး ကိုင်တွယ်ပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ အကြမ်းဖက်မှု ကျူးလွန်ခဲ့တယ် ဆိုတာကို သက်သေပြနိုင်တဲ့ ခိုင်မာတဲ့ အထောက်အထားတွေ ရှိခဲ့မယ်ဆိုရင်လည်း အမြဲတမ်းကြိုဆိုပါတယ်။ ဒါတွေကို ကျွန်တော်တို့ရဲ့ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေ နဲ့အညီ ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။ 

■ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရေးအတွက် အာရက္ခတပ်တော်ကို ဖိအားပေးလျက်ရှိပါတယ်။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ထားပါသလဲ။

နေရပ်ပြန်ရေးကိစ္စကို မူအားဖြင့် ကျွန်တော်တို့ အမြဲတမ်း လက်ခံပါတယ်။ ပြီးတော့ အထောက်အကူဖြစ်စေတဲ့ အခြေအနေတွေအောက်မှာ ကိုယ့်သဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိပြီး ဘေးကင်းလုံခြုံတဲ့ နေရပ်ပြန်မှု ဖြစ်သင့်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် သင့်တင့်လျောက်ပတ်တဲ့ အခြေအနေတစ်ရပ် ဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ်ဖြစ်ဖြစ်၊ အခြားသော ဒေသတွင်း နိုင်ငံတွေနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ အသင့်ပါပဲ။

အခြားတစ်ဘက်မှာလည်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှု အစရှိတာတွေကို နယ်စပ်တဘက်က ဒုက္ခသည်အသိုင်းအဝိုင်းက လူတချို့ ကျူးလွန်နေတာကို ကျွန်တော်တို့ ကြုံနေရပါတယ်။ ဒါကြောင့် နယ်စပ်လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ဟာ အဓိကဦးစားပေး ဆောင်ရွက်ရမှာတွေ ဖြစ်ပါတယ်။

ARSA (အာရကန်ရိုဟင်ဂျာ ကယ်တပ်ရေးတပ်မတော်)၊ RSO (ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့) နဲ့ ARA (အာရကန်ရိုဟင်ဂျာ တပ်မတော်) အစရှိတဲ့ မွတ်ဆလင်လက်နက်ကိုင် အုပ်စုအမျိုးမျိုးဟာ သူတို့ရဲ့ အသိုင်းအဝိုင်းထဲမှာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြသလို မောင်တောနဲ့ ဘူးသီးတောင်လို နယ်စပ်မြို့တွေက ဒေသခံတွေရဲ့ ဘေးကင်းလုံခြုံရေး အတွက်ပါ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေတာကို လေ့လာသူတွေ မြင်တွေ့နိုင်ပါတယ်။

ပိုအရေးကြီးတာက ဒါဟာ အာရက္ခဒေသရဲ့ အမျိုးသားလုံခြုံရေးအတွက် မေးခွန်းတစ်ရပ် ဖြစ်လာနေတာပါ။ အထူးသဖြင့် ဒီအဖွဲ့တွေဟာ သူတို့ရဲ့အသိုင်းအဝိုင်းအပေါ် ၂၀၁၇ ခုနှစ်တုန်းက ရက်စက်ကြမ်းကြုတ်မှုတွေ ပြင်းထန်စွာ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ပါ အနီးကပ် ပူးပေါင်းလှုပ်ရှားမှုတွေ ရှိလာချိန်မှာ ဖြစ်ပါတယ်။ ဒီစစ်တပ်ဟာ မြန်မာနိုင်ငံတဝန်းမှာ အထူးသဖြင့် ၂၀၂၁ ခုနှစ်အစောပိုင်း စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးအားလုံးအပေါ် ဘာသာရေးအုပ်စုတွေအပေါ် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒေသတွင်းနဲ့ နိုင်ငံတကာက သက်ဆိုင်သူတွေ အားလုံးအနေနဲ့ နယ်စပ်ဒေသမှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ULA/AA ကို ကူညီထောက်ပံ့ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ဟာ အလွန်အရေးကြီးတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။ ဒါဟာ ရေရှည်အဆင်ပြေစေမယ့် ပြန်လည်နေရာချထားရေး အတွက်လည်း အရေးပါတဲ့ တင်ကူးအခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။

အင်တာဗျူး အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။

The Diplomat ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် Arakan Army Commander-in-Chief Twan Mrat Naing on the Future of Rakhine State ကို ဘာသာပြန်ဆိုပါသည်။ ဖော်ပြပါ အသုံးအနှုန်းများသည် မူလအင်တာဗျူးတွင် ဖော်ပြထားသည့်အတိုင်း တိုက်ရိုက် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။