မြန်မာ့အရေး (သို့မဟုတ်) ဘင်္ဂလားပင်လယ်ရဲ့ အကျိုးစီးပွား
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ ဝမ်ယိကဘက်က အချက်သုံးချက်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကတော့ ရှမ်းမြောက်တိုက်ပွဲတွေကို ဆန့်ကျင်ကြောင်း၊ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို နည်းပညာနဲ့ ငွေကြေးကူညီမှာဖြစ်ကြောင်းနဲ့ ပြည်တွင်ရေးကို ဝင်ရောက်စွက်ဖက်မှုတွေကို လက်မခံကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
05 Sep 2024
မောင်ခိုင်ထွန်း(ပြည်သစ်) - ရေးသည်။
ဒီတစ်ခေါက်ရောက်ရှိလာခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကိုရောက်ပြီး စစ်ကောင်စီ ဥက္ကဌနဲ့ တွေ့ဆုံခဲ့တဲ့နောက်မှာ မြန်မာ့အရေးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။
ဝမ်ယိနဲ့ စစ်ကောင်စီတွေ့ဆုံပြီးနောက် နှစ်ရက်အကြာမှာဘဲ NUG အပါအဝင် K3C လို့ခေါ်တဲ့ ကရင်၊ ကရင်နီ၊ ချင်း အဖွဲ့တွေပါဝင်တဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရုံးက အကြီးအမှူးနဲ့ တွေ့ခဲ့ပြီး မြန်မာ့တော်လှန်ရေးနဲ့ ဒီမိုကရေစီကို အပြည့်အဝထောက်ခံကြောင်း ပြောကြားသွားခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ ဝမ်ယိကဘက်က အချက်သုံးချက်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကတော့ ရှမ်းမြောက်တိုက်ပွဲတွေကို ဆန့်ကျင်ကြောင်း၊ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို နည်းပညာနဲ့ ငွေကြေးကူညီမှာဖြစ်ကြောင်းနဲ့ ပြည်တွင်ရေးကို ဝင်ရောက်စွက်ဖက်မှုတွေကို လက်မခံကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာဏာရှင်ဆန်လာတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို လူထုအုံကြွမှုနဲ့ဖြုတ်ချပြီး တိုင်းပြည်က ထွက်ပြေးစေခဲ့သလို ထိုင်းနိုင်ငံမှာလည်း ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ခဲ့ပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သတ်ပြီး ဒီဆောင်းပါးမှာ စာရေးသူ ဉာဏ်မှီသလောက် သုံးသပ်ဆွေးနွေးကြည့်ပါမယ်။ ဒီနေ့ ကမ္ဘာ့နိုင်ငံရေးကို ပုံဖော်နေကြတာတွေဟာ “ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေ” ဆိုတဲ့ သီအိုရီကို ပီပီပြင်ပြင် ကိုင်တွယ်ထားကြပါတယ်။
ဒီနေ့ကမ္ဘာကြီးကို အင်အားကြီးနိုင်ငံတွေက သူတို့နိုင်ငံရဲ့ အကျိုးစီးပွားအဖြစ် ပုံဖော်ထားပြီး အမျိုးသားနိုင်ငံရေးကို နိုင်ငံတစ်ခုရဲ့ ပထဝီနဲ့ပေါင်းစပ်ပြီး ရှုမြင်ထားကြပါတယ်။ ဆိုတော့ ဒီနေ့ နိုင်ငံရေးအကျိုးစီးပွားဟာ ပိုပြီးအကဲဆတ်လာသလို အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုတွေကလည်း ပိုမိုစိပ်လာတယ်လို့ ဆိုရမယ်ထင်ပါတယ်။
ဒီနေ့ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်နဲ့ နှစ်ငါးဆယ်အတွင်း အရှိန်အဟုန်ပြင်းစွာနဲ့ ဖွံ့ဖြိုးလာနေတဲ့ ကမ္ဘာ့အင်အားကြီး တရုတ်နိုင်ငံတို့ရဲ့ ယှဉ်ပြိုင်မှုကလည်း ပိုမိုကြီးထွားလာနေသလို ဒီပြိုင်ဆိုင်မှုဟာ ဒေသတွင်း နိုင်ငံငယ်များစွာကို ပုံစံအမျိုးမျိုးနဲ့ ရိုက်ခတ်လာနေတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံဟာ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲခဲ့ပြီးတဲ့နောက် ကွန်မြူနစ်စနစ်ကို အခိုင်အမာကျင့်သုံးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ကွန်မြူနစ်ဟာ လစ်ဘရာယ်ဒီမိုကရေစီထက် ဖွံ့ဖြိုးရေးမြန်ဆန်ကြောင်း ပြသထားတဲ့ တရုတ်ဟာ သူ့ နိုင်ငံခြားရေးမူဝါဒကိုလည်း တစ်ခြားနိုင်ငံရဲ့အရေးမှာ “ကြားဝင်မစွက်ဖက်ရေးမူ” ကို ကိုင်တွယ်ထားပြီး သူ့နိုင်ငံရဲ့ မူဝါဒကလည်း တရုတ်တစ်နိုင်ငံတည်းမူကို ကိုင်တွယ်ကျင့်သုံးပါတယ်။
တရုတ်နိုင်ငံဟာ BRI လို့ခေါ်တဲ့ “Belt and Road Initiative Project” ကို ကမ္ဘာ့နိုင်ငံပေါင်း ခုနစ်ဆယ်ကျော် ပါဝင်စေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်နေပါတယ်။ ဒီစီမံကိန်းဟာ တစ်နည်းအားဖြင့် တရုတ်ရဲ့မူဝါဒဖြစ်တဲ့ “Chinese Civilization” ကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ဆိုတော့ ဒီမူဝါဒဟာ ဂလိုဘယ်လိုက်ဇေးရှင်းလို့ ကြွေးကြော်ထားတဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီဝါဒကို ချေဖျက်ဖို့ တစ်ခုတည်းသော ခြောက်လှန့်မှုဖြစ်ပါတယ်။ ဒီနေ့အင်အားကြီးနိုင်ငံတွေရဲ့ မတူကွဲပြားတဲ့ ဒီမိုကရေစီနဲ့ ကွန်မြူနစ်နိုင်ငံရေး အယူအဆဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန် ကြီးထွားလာနေတာလို့ ဆိုရပါမယ်။
ဒီအရေးဟာ လက်ရှိမြန်မာနိုင်ငံပဋိပက္ခနဲ့ ဘယ်လိုဆက်စပ်နေပါသလဲ? ဘင်္ဂလားဒေ့ရှ်နိုင်ငံ လူထုအုံကြွမှု ဘာကြောင့် ဖြစ်ပေါ်လာစေခဲ့သလဲ? ဆိုတဲ့ အကြောင်းအရာဘက်ကို ပြန်ဆက်ကြည့်ကြရအောင်ပါ။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က ရွေးကောက်ခံအစိုးရတစ်ဖွဲ့လုံးကို ဖမ်းဆီးပြီး နိုင်ငံအာဏာကို သိမ်းယူခဲ့ပါတယ်။ အာဏာသိမ်းယူမှုကို လက်မခံတဲ့ လူထုရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့ရာမှာ လူပေါင်းငါးထောင်ကျော်ကို စစ်တပ်က ပစ်သတ်ခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်ကို ဖမ်းဆီးထောင်ချခဲ့တဲ့အတွက် မကျေနပ်တဲ့ လူငယ်များစွာဟာ လက်နက်ကိုင် တော်လှန်ရေးဘက်ကို ကူးပြောင်းခဲ့ကြပါတယ်။
စစ်တပ်အာဏာသိမ်းယူပြီး သုံးနှစ်အကြာ (၂၀၂၃) အောက်တိုဘာလမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ပုံဖော်ခဲ့ပြီး ညီနောင်မဟာမိတ်အုပ်စုဟာ ရှမ်းမြောက်ဒေသမြို့နယ် (၁၁) ခုကို သိမ်းပိုက်ထားပြီး၊ အာရက္ခတပ်တော်ဟာလည်း ရက္ခိုင်ပြည်က မြို့နယ်ပေါင်း တစ်ဆယ်ကျော်ကို ကိုးလအတွင်း သိမ်းပိုက်ထားပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ်တွေအပါအဝင် စစ်ကောင်စီတပ်သား ထောင်ပေါင်းများစွာဟာလည်း ညီနောင်မဟာမိတ်တွေထံမှာ လက်နက်ချခဲ့ကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မြို့တော်လားရှိုး အသိမ်းခံလိုက်ရပြီးတဲ့နောက် စစ်ကောင်စီဟာ တရုတ်နဲ့နီးစပ်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို မခုခံနိုင်ခဲ့တဲ့အတွက် စစ်ကောင်စီဥက္ကဌဟာ ရုပ်မြင်သံကြား မိန့်ခွန်းကနေတစ်ဆင့် တရုတ်နိုင်ငံကိုရည်ရွည်ပြီး ပြည်ပနိုင်ငံက ဝင်ရောက်စွက်ဖက်နေကြောင်း အပြစ်တင် စောင်းမြောင်းပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မိန့်ခွန်းပြောကြားပြီး နောက်နေ့မှာပဲ မျိုးချစ်အမည်ခံ စစ်တပ်ထောက်ခံတဲ့ အုပ်စုက တရုတ်နိုင်ငံကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့ကြပြီး စစ်တပ်ထောက်ခံတဲ့ လော်ဘီမီဒီယာတွေက တရုတ်ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။
အဲဒီရက်ပိုင်းအတွင်းမှာပဲ တရုတ်သံအမတ်ရောက်ရှိလာခဲ့ပြီး ဆွေးနွေးခဲ့ကြပေမယ့် သဘောတူညီမှု တစုံတရာ မရရှိခဲ့ကြပါဘူး။ နောက်နေ့ (၁၄/ ၈/၂၀၂၄) ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ထပ်မံရောက်ရှိလာခဲ့ပြီး အထက်မှာ ကျနော်တင်ပြခဲ့တဲ့အချက်တွေကို တရုတ်နိုင်ငံဘက်က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အိမ်နီးချင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရေးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားသလို မြန်မာစစ်တပ်နဲ့လည်း ခေတ်အဆက်ဆက် ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံဟာ အခုစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ ကြိုက်လည်းမကြိုက်သလို ယုံလည်း မယုံကြည်ပါဘူး။ တစ်ဖက်မှာ NLD ပါတီဝင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ NUG ကိုလည်း အနောက်နိုင်ငံတွေနဲ့ နီးစပ်တယ်လို့ မြင်ထားတဲ့အတွက် ဒီနေ့ထိ တရုတ်ဟာ မြင်သာတဲ့ဆက်ဆံရေး လုပ်မထားသေးပါဘူး။ သို့သော်လည်း တရုတ်ရဲ့ အကျိုးစီးပွားအရ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက် မြန်မာနိုင်ငံဟာ တရုတ်အတွက် မရှိမဖြစ် အရေးပါမှုကို ပိုင်ဆိုင်ထားပါတယ်။ ဒီထွက်ပေါက်အတွက် တရုတ်ဟာ မြန်မာနိုင်ငံ ရက္ခိုင်ပြည်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ BRI Project အတွက် ဘင်္ဂလားပင်လယ်အော်မှာ ဆိပ်ကမ်းတည်ဆောက်ခွင့်ကို ရရှိထားပါတယ်။
သို့သော်လည်း တရုတ်ဟာ မြန်မာ့လက်ရှိအရေးအခင်းမှာ မြန်မာစစ်တပ် အမြစ်ဖြတ်ရေးဆိုတဲ့ တော်လှန်ရေး အဖွဲ့တွေရဲ့ ကြွေးကြော်မှုကိုလည်း လက်ခံပုံမရတာကို တွေ့ရပါတယ်။ အဲဒါကြောင့်လည်း တရုတ်ဟာ စစ်ကောင်စီရွေးကောက်ပွဲကို ထောက်ခံကြောင်း တရားဝင်ပြောကြားတာ ဖြစ်နိုင်ပါတယ်။ ဆိုတော့ ဒီနေ့မြန်မာအရေးမှာ တရုတ်ဟာ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆွေးနွေးကြပါလို့ ပြောလို့မရပါဘူး။
နောက်တစ်ဖက်မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ ဒီမိုကရေစီ ဘိုးဘေးနိုင်ငံကြီး အမေရိကန်ကတော့ စစ်ကောင်စီကို အသိအမှတ်ပြုလက်မခံသလို စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုကြောင်း ပြောဆိုထားပါတယ်။
ဒါကြောင့်လည်း ဒီမိုကရေစီအင်အားစု တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ရပ်တည်ပြီး ကူညီပေးဖို့ (၂၀၂၃) က အမေရိကန်လွှတ်တော်မှာ Burma Acet ဥပဒေကို အတည်ပြုပြဌာန်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ထိတော့ မြန်မာ့တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဘာအထောက်အပံ့မှ ရရှိသံ မကြားသေးပါဘူး။
အမေရိကန်အနေနဲ့ ယူကရိန်းတို့၊ အစ္စရေးတို့ကို ထောက်ပံ့သလိုမျိုးတော့ မြန်မာတော်လှန်ရေးကို ဘယ်တော့မှ မထောက်ပံ့ပါဘူး။ ဘာကြောင့်လဲဆိုရင် မြန်မာ့အရေးဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ဘယ်တော့မှလည်း ခြိမ်းခြောက်လာမှာမဟုတ်လို့ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ မြန်မာ့အရေးမှာ တရုတ် ဝင်ရောက်ချယ်လှယ်မှုကို အဟန့်အတားဖြစ်နေရုံသာ ထောက်ပံ့ပါလိမ့်မယ်။ နောက်တစ်ချက်က တရုတ်စီမံကိန်းတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ မပြီးဆုံးစေဖို့နဲ့ ဒီမိုကရေစီကိုထောက်ခံတဲ့ အစိုးရတစ်ရပ် (သို့မဟုတ်) အတိုက်အခံ အင်အားစုကြီးတစ်ခု မြန်မာနိုင်ငံမှာရှိရုံဆို လုံလောက်နေပြီဖြစ်ပါတယ်။
အတိုက်အခံပါတီကို အပြတ်အသတ်ချေမှုန်းပြီး တစ်ပါတီထဲ ရွေးကောက်ပွဲပြုလုပ်ကာ ဝန်ကြီးချုပ်ဖြစ်လာတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်နှစ်တာကာလအတွင်းမှာ တရုတ်နိုင်ငံနဲ့ ပိုမိုနီးစပ်လာခဲ့ပြီး တရုတ်နိုင်ငံ BRI Project ရဲ့ အစိတ်အပိုင်းများစွာကို လက်ခံအတည်ပြုခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်းများစွာမှာ ဒီဆယ်နှစ်တာကာလ အားတက်စွာပါဝင်ကူညီခဲ့တာကို လူတိုင်းသိထားပြီး ဖြစ်ပါတယ်။
ရှိတ်ဟာစီနာ နိုင်ငံကထွက်မပြေးခင် လပိုင်းလောက်က မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့် သုံးနိုင်ငံနယ်စပ်အတွင်းမှာ ခရစ်ယာန်နိုင်ငံတစ်ခု တည်ဆောက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို နိုင်ငံကြီးတစ်ခုက ကမ်းလှမ်းကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ဘက်က ငြင်းဆိုခဲ့ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေအရ အမေရိကန်ဟာ ဘင်္ဂလာဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားက စိန့်မာတင်ကျွန်းမှာ စစ်စခန်းတစ်ခု တည်ဆောက်လိုတယ်လို့ ဆိုကြပါတယ်။
ဒါလည်း ဖြစ်နိုင်ခြေ အများကြီးရှိတယ်လို့ ဆိုရပါမယ်။ ဘာကြောင့်လဲဆိုရင် သီရိလင်္ကာနိုင်ငံမှာ ဘာမှသုံးလို့မရတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေါ်လာဆယ်သန်းနဲ့ အိန္ဒိယက ဝယ်ယူထားပါတယ်။ ဘာကြောင့်ဝယ်သလဲဆိုရင် သီရိလင်္ကာမှာရှိနေတဲ့ တရုတ်ရေနက်ဆိပ်ကမ်းကို စောင့်ကြည့်ဖို့သက်သက် အသုံးပြုဖို့အတွက် ဖြစ်ပါတယ်။ ဒီတော့ တရုတ်ရဲ့ စွန်းအင်သုံးဆယ်ရာခိုင်နှုန်းကျော်ကို တင်ပို့နိုင်ဖို့ အရေးတကြီးလိုအပ်နေတဲ့ ဘင်္ဂလားပင်လယ်မှာ အမေရိကအတွက် စစ်အခြေစိုက်စစ်စခန်းတစ်ခု လိုအပ်တာက မဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ ဆိုရပါမယ်။
ဆိုတော့ တရုတ်နဲ့ အလွန်အကျွံနီးစပ်လာပြီး ဒီမိုကရေစီလမ်းကြောင်းက သွယ်ဖီလာတဲ့ ရှိတ်ဟာစီနာရဲ့ အုပ်ချုပ်ရေးယန္တရားက ပြိုကျဖို့အတွက် သေချာတဲ့လမ်းကြောင်းကို ရောက်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကို ဘင်္ဂလားလွပ်လပ်ရေးကိုထောက်ခံတဲ့ အင်အားကြီးအိမ်နီးချင်းကလည်း မသိကျိုးကျွံပြုနေရင် လုံလောက်ပါပြီ။
တစ်ဖက်မှာလည်း အိန္ဒိယနိုင်ငံဟာ မြန်မာ့အရေးမှာ စစ်ကောင်စီကို တရုတ်ဘက် လုံးလုံးပါမသွားအောင်သာ ထိန်းထားပြီး စစ်ကောင်စီဘက်ကိုရော တော်လှန်ရေးဘက်တွေကိုပါ လုံးလုံးအသံမထွက်ဘဲ ရေငုံနှုတ်ပိတ်ပြီး စောင့်ကြည့်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ မြန်မာ့ပဋိပက္ခမှာ စစ်ကောင်စီကို လက်နက်ရောင်းချပေးတာကလွဲရင် နိုင်ငံရေးအရ ဆက်ဆံမှုတွေ လူသိရှင်ကြား မပြုလုပ်ထားသေးပါဘူး။
ဆောင်းပါးကို အတိုချုပ်ရရင် မြန်မာ့အရေးဟာ တရုတ်၊ အမေရိကရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်နေတယ် ဆိုတာပါပဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တရုတ်နဲ့ အမေရိကန် ဘယ်ဘက်ကိုယိမ်းတဲ့အဖွဲ့က အစိုးရဖြစ်လာမလဲနဲ့ အခုလက်ရှိအစိုးရ ဖြုတ်ချခံရမှုနောက်ကွယ်မှာ တရုတ်က ဘယ်ဂိမ်းပလန်နဲ့ ဝင်ကစားလာနိုင်မလဲကိုလည်း ထည့်တွက်ထားရပါမယ်။
တရုတ်ဘက်က မြန်မာ့အရေးမှာ စစ်တပ်ဘက်ကို လုံးလုံးရပ်သွားခဲ့ရင် မြန်မာ့အရေးဟာ ပိုပြီးပြင်းထန်တဲ့ ပြည်တွင်းစစ်ကို ရောက်ရှိသွားနိုင်ပြီး ကျရှုံးနိုင်ငံ (Failed State) ကနေ ပြိုကွဲနိုင်ငံထိ ရောက်သွားနိုင်ပါတယ်။ ဒါမှမဟုတ် ဒီကာလမှာ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရင်တောင် ရွေးကောက်ပွဲလုပ်လို့ရတဲ့နေရာ အတော်နည်းပါးနေမှာဖြစ်ပြီး ရွေးကောက်ပွဲ အထမြောက်လာနိုင်စရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။
ဘယ်လိုပဲကြည့်ကြည့် ဒီနိုင်ငံရေးမှာ တရုတ်ရဲ့လွှမ်းမိုးမှုကို ဖယ်ကျဉ်လို့ လုံးဝမရတော့သလို တရုတ်အာဂျန်တာအတိုင်း ဆက်သွားလို့လည်း မရဘူးဆိုတာကို ဆိုလိုချင်တာဖြစ်ပါတယ်။ ဆိုတော့ မြန်မာ့တော်လှန်ရေး အင်အားစုတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နီးစပ်တဲ့ဆက်ဆံရေးကို တိုးမြှင့်ဖို့လိုအပ်လာမှာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ အစိုးရအပြောင်းအလဲ များလာနေမှုနဲ့ မြန်မာ့အရေးမှာ တရုတ်ခြေလှမ်းစိပ်လာမှုဟာ အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးကို များစွာသက်ရောက်လာစေမှာ ဖြစ်ပါတယ်။
နိဂုံးအနေနဲ့ပြောရရင် ဘင်္ဂလားပင်လယ်အကျိုးစီးပွား ကြီးထွားလာမှုနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုဟာ မြန်မာပြည်တွင်းစစ်မှာ ရောထွေးလာချိန်ဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နဲ့ အမေရိကန် ဝင်လာနေတဲ့ မြန်မာတော်လှန်ရေးမှာ အကင်းပါးပြီး ဘင်္ဂလားပင်လယ်ရဲ့ အကျိုးစီးပွားကြားက လိမ္မာပါးနပ်တဲ့ နိုင်ငံရေးကို တည်ဆောက်ထားဖို့က မြန်မာတော်လှန်ရေးမှာ ပိုမိုအရေးကြီးလာတယ်လို့ မြင်မိပါတယ်။