ရက္ခိုင့်တပ်တော်ရဲ့ ကွန်ဖက်ဒရိတ်ခရီးနဲ့ ရက္ခိုင့်နိုင်ငံရေး ပဋိပက္ခ

ရက္ခိုင့်တပ်တော်ဟာ ၂၀၂၀ နှစ်ကုန်ပိုင်းကနေစတင်ကာ ရက္ခိုင်တစ်ပြည်လုံးနီးပါးမှာ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေးနဲ့ အုပ်ချုပ်ရေးပိုင်းကို လုပ်ဆောင်လာတဲ့နောက်မှာ ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီရဲ့ ရဲဌာနနဲ့ တရားရုံးတွေဟာ လည်ပတ်နိုင်စွမ်းမရှိနိုင်လောက်တဲ့အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ လူထုထောက်ခံမှုကိုဖေါ်ပြနေသလို တစ်ခြားတစ်ဖက်မှာ ရက္ခိုင့်တပ်တော်ရဲ့ အာဏာသက်ရောက်မှုကို ဖေါ်ပြတာလည်းဖြစ်ပါတယ်။

By မင်းထီး 17 Aug 2022

DMG ၊ ဩဂုတ် ၁၇

(ဆောင်းပါး)

ရက္ခိုင့်တပ်တော်ရဲ့ ကွန်ဖက်ဒရိတ်အဆင့် ရက္ခိုင်ပြည်ထူထောင်ရေးကို ပထမအကြိမ်(၂၀၂၀) “ဝ”ပြည် နှစ်သုံးဆယ်ပြည့်အခမ်းအနားမှာ ရက္ခိုင့်တပ်တော် တပ်မှူးချုပ်က ထုတ်ဖေါ်ပြောကြားခဲ့ပြီးတဲ့နောက် မြန်မာ့နိုင်ငံရေးအသိုင်းအဝန်းမှာ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။

ယခုဒုတိယအကြိမ်အဖြစ် ဩဂုတ်လ ၁၁ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်တော်ရဲ့ Online သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အခိုင်အမာ ပြန်လည်ပြောကြားလာတာကို တွေ့ရပြီးတဲ့နောက် ရက္ခိုင်ပြည်တွင်း နိုင်ငံရေးနဲ့ မြန်မာ့နိုင်ငံရေးကိုပါ ဂယက်ရိုက်ခတ်သွားတာကို တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ဟာ (၂၀၁၈)နှစ်ကုန်ပိုင်းကနေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ (၂၀၂၀)နိုဝင်ဘာလ(၁၁)ရက်နေ့ကနေစတင်ကာ အပစ်ရပ်နေခဲ့ပါတယ်။

အခု(၂၀၂၂)ခုနှစ် အစောပိုင်းကစတင်ကာ ပြန်လည်တင်းမာမှုတွေ ဖြစ်ပွားလာပါတယ်။ ရက္ခိုင်ပြည်အတွင်း အပစ်အခတ်ရပ်စဲရေးကာလမှာ ရက္ခိုင့်တပ်တော်ဟာ တရားစီရင်ရေးကို လူသိရှင်ကြားကြေညာပြီး ပြုလုပ်လာခဲ့သလို ရက္ခိုင့်တပ်တော်ရဲ့ တရားစီရင်ရေးဟာလည်း အလွန်ခရီးပေါက်တာကို တွေ့ရပါတယ်။

ရက္ခိုင့်တပ်တော်ဟာ ၂၀၂၀ နှစ်ကုန်ပိုင်းကနေစတင်ကာ ရက္ခိုင်တစ်ပြည်လုံးနီးပါးမှာ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေးနဲ့ အုပ်ချုပ်ရေးပိုင်းကို လုပ်ဆောင်လာတဲ့နောက်မှာ ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီရဲ့ ရဲဌာနနဲ့ တရားရုံးတွေဟာ လည်ပတ်နိုင်စွမ်းမရှိနိုင်လောက်တဲ့အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ လူထုထောက်ခံမှုကိုဖေါ်ပြနေသလို တစ်ခြားတစ်ဖက်မှာ ရက္ခိုင့်တပ်တော်ရဲ့ အာဏာသက်ရောက်မှုကို ဖေါ်ပြတာလည်းဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် အစောပိုင်းရောက်လာတဲ့အခါမှာတော့ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ဟာ စစ်ရေးပြန်လည် တင်းမာလာတာကိုတွေ့ရပြီး စစ်ကောင်စီဘက်ကလည်း ရက္ခိုင်ပြည်ကို တင်းကျတ်တဲ့အုပ်ချုပ်ရေးပုံစံကို ပြောင်းလဲကျင့်သုံးလာခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်တွေကြောင့် ရက္ခိုင့်တပ်တော် တပ်မှူးချုပ်ဟာ စစ်ကောင်စီခန့် ရက္ခိုင်ပြည်တိုင်းမှူးကို သူရဲ့လူမှုကွန်ရက်ပေါ်ကနေ သတိပေးခဲ့ပြီးတဲ့နောက် စစ်ရေးပိုမို တင်းမာလာခဲ့ပြီး နှစ်ဖက်ဖမ်းဆီးမှုတွေကို စတင်လုပ်ဆောင်လာကြပါတယ်။

AA ဘက်က စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်သားတွေကို ဖမ်းဆီးအရေးယူခဲ့သလို စစ်ကောင်စီဘက်ကလည်း အေအေနဲ့ဆက်စပ်တယ်လို့ သံသယရှိသူတွေကို ဖမ်းဆီးလာတာကိုတွေ့ရပါတယ်။ ဒီနောက်ပိုင်း စစ်ကောင်စီဖက်က ရက္ခိုင်ပြည်အတွင်း အင်အားတိုးချဲ့လာခဲ့ပြီး စစ်ကြောင်းလှည့်လည်တာတွေကို ခပ်စိပ်စိပ်ပြုလုပ်ကာ သူတို့ရဲ့အချုပ်အခြာအာဏာကို ပြန်လည်တည်ဆောက်လာတာကိုလည်း တွေ့ရပါတယ်။

ဒီကာလအတွင်း ရက္ခိုင့်တပ်တော်ရဲ့ ကရင်ပြည်နယ်က စစ်စခန်းတစ်ခုကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အေအေဘက်ကလည်း မောင်တောမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ စီးနင်းလာတဲ့ ကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရက္ခိုင့်တပ်တော်ဘက်က တက်ရောက်ဖို့ငြင်းဆိုခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့တော့ လူသိရှင်ကြား တွေ့ဆုံပြခဲ့တာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲကနေ သဘောတူညီမှု ရရှိခဲ့၊ မရရှိခဲ့ဆိုတာကိုတော့ နှစ်ဖက်လုံးက ထုတ်ဖေါ်ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

စစ်ကောင်စီကဖိတ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA/ALP)က တက်ရောက်ခဲ့ပါတယ်။ ဒီနှစ်အတွင်း(ALP)ပါတီမှာ ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ ပြောင်းလဲကာ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တာကို တွေ့ရပေမယ့် ထူးခြားတဲ့ နိုင်ငံရေး၊ စစ်ရေး လုပ်ဆောင်ချက်တွေကို မတွေ့ရပါဘူး။

ALP ထိပ်ပိုင်းခေါင်းဆောင် ခိုင်ပေါ်လင်းကို (၂၀၂၂ )ခုနှစ်၊ ဩဂုတ်လမှာ AA က ဖမ်းဆီးလိုက်ပြီးတဲ့နောက် ALP နဲ့ AA ကြား တင်းမာမှုတွေကို မြင်တွေ့လာရပါတယ်။ AA ကပြုလုပ်တဲ့ စတုတ္ထအကြိမ် သတင်းစာရှင်းလင်းပွဲမှာ အေအေအနေနဲ့ ကွန်ဖက်ဒရိတ်အဆင့် နိုင်ငံရေးကိုရယူမှာဖြစ်ပြီး ရက္ခိုင်ပြည်အတွင်း လက်နက်ကိုင်တပ် တစ်ခုတည်းရှိရေးမူကို ထုတ်ဖေါ်ပြောဆိုလိုက်ပြီးတဲ့‌နောက် ALP ဘက် ပိုမိုတင်းမာလာခဲ့တာကို တွေ့ရပါတယ်။

ALP ထိပ်ပိုင်းခေါင်းဆောင် ခိုင်ပေါ်လင်းကို AA က ဖမ်းဆီးခဲ့ပြီးတဲ့နောက် ALP ဘက်ကလည်း အေအေနဲ့ ဆက်စပ်သူတချို့ကို ပြန်လည်ဖမ်းဆီးခဲ့ကြောင်း မီဒီယာတွေကဖေါ်ပြခဲ့ပါတယ်။ ALP ဟာ စစ်ကောင်စီ တပ်တွေနဲ့ပေါင်းပြီးတော့ ALP ရုံးစိုက်ရာ စစ်တွေမြို့အတွင်း လှုပ်ရှားမှုတွေရှိနေတယ်လို့လည်း လူမှုကွန်ရက်မှာ ဝေဖန်ရေးသားနေကြတာကို တွေ့ရပါတယ်။

ALP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးက VOA ရဲ့ အင်တာဗျူးတစ်ခုမှာ ALP အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေတစ်ဆင့် ဖက်ဒရယ်ကိုသွားနေကြောင်းနဲ့ ALP အနေနဲ့ ဖက်ဒရယ်ကိုသာ လက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ AA ကပြောနေတဲ့ ကွန်ဖက်ဒရိတ်နဲ့ ရက္ခိုင်ပြည်အတွင်း တပ်တစ်ခုသာ ရှိရမည့်မူဟာ နိုင်ငံရေးကိုနားမလည်လို့ ပြောတာဖြစ်တယ်လို့ ပြင်းထန်တဲ့ထိုးနှက်ချက်တွေနဲ့ ALP က ပြောဆိုလာတာကို တွေ့ရပါတယ်။

ALP ဟာ စစ်ကောင်စီရုံးစိုက်ရာ ရက္ခိုင်ပြည်မြို့တော် စစ်တွေမှာ တရားစီရင်ရေးတွေလုပ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် ရက္ခိုင်နိုင်ငံရေးမှာ နားလည်ဖို့ခက်ခဲသွားစေတာ အမှန်ပဲ ဖြစ်ပါတယ်။ စစ်တွေမြို့ဟာ ရက္ခိုင်တစ်ပြည်လုံးနီးပါးမှာ တရားစီရင်ရေးတွေလုပ်ဆောင်ပြီး နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်တဲ့ AA ရဲ့ ဩဇာသက်ရောက်မှုတောင် နည်းပါးတဲ့မြို့ဖြစ်သလို စစ်ကောင်စီအစိုးရအဖွဲ့ ရုံးစိုက်တဲ့မြို့လည်း ဖြစ်ပါတယ်။

နယ်မြေထိန်းချုပ်မှု လုံးဝမရှိသလို ရက္ခိုင်ပြည်အတွင်း တိုက်ပွဲလုံးဝမဖေါ်ခဲ့ဖူးတဲ့ ALP က ဘယ်လို တရားစီရင်နိုင်သလဲ။ ဒါဟာ ရှုပ်ထွေးတဲ့မေးခွန်းဖြစ်သလို ရက္ခိုင့်နိုင်ငံရေးရှုပ်ထွေးမယ့် လမ်းစလည်းဖြစ်ပါတယ်။

ရက္ခိုင်လူထုဟာ ALP ပြည်တွင်းသို့ဝင်ရောက်လာစဉ်က သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသလို လူထုထောက်ခံမှု အပြည့်အဝရရှိခဲ့တဲ့ တပ်မတော်တစ်ခုလည်းဖြစ်ပါတယ်။ သို့သော် သူရဲ့ NCA လမ်းကြောင်းအတွင်းက နိုင်ငံရေးဟာ ရက္ခိုင်လူထုအတွက် ဘာမျှော်လင့်ချက်မှမရခဲ့သလို ALP အနေနဲ့ ရက္ခိုင်နိုင်ငံရေးကိုလည်း တစ်ခုမျှ မစုစည်းနိုင်ခဲ့ပါဘူး။

အဲဒီနောက်မှာတော့ ALP ကို ရက္ခိုင်လူထုထောက်ခံမှု လုံးဝကျဆင်းလာခဲ့ပြီး လက်နက်၊ တပ်သားမပြည်စုံတဲ့ ALP ရဲ့ နိုင်ငံရေးပုံရိပ်ဟာ လုံးဝကိုကွယ်ပျောက်နေတာကို တွေ့လာရပါတယ်။ ဆိုတော့ ရက္ခိုင်လူထုထောက်ခံမှု မရှိတဲ့ ALP ဟာ ဘယ်လမ်းကိုရွေးချယ်သွားဖို့ ပြင်ဆင်ထားသလဲဆိုတာလည်း လူထုကမသိရတော့ဘဲနဲ့ စစ်တွေမြို့မှာ တရားစီရင်နေတာဟာ ရှုပ်ထွေးမှုကိုဖိတ်ခေါ်သလို ဖြစ်လာနိုင်ပါတယ်။ လက်ရှိကာလမှာ ရက္ခိုင့်နိုင်ငံရေး၊ စစ်ရေးကို ဦး‌ဆောင်နေတဲ့ AA အတွက်ရော၊ လူထုအတွက်ပါ ကြီးလေးတဲ့စိန်ခေါ်မှုကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ မြင်ပါတယ်။

ဒီအလုပ်ကိုလုပ်ဆောင်ဖို့ ALP ဟာ လူထုထောက်ခံမှုမျိုး မရှိပါဘူး။ တရားစီရင်ရေးကို လုပ်ဆောင်မယ်ဆိုရင် အနည်းဆုံး လူသိရှင်ကြားကြေညာရမှာဖြစ်ပါတယ်။ ဒီအဆင့်တွေကို လုံးဝမလုပ်ဆောင်ခဲ့ဘဲ တိတ်တိတ်ပုန်း တရားစီရင်တာဟာ လူထုကို စော်ကားလိုက်သလိုဖြစ်သွားနိုင်တာကြောင့် အတော်ဆင်ခြင်ရမယ့်ကိစ္စလည်းဖြစ်ပါတယ်။

AA လို လူထုထောက်ခံမှုကို အပြည့်အဝရယူထားနိုင်တဲ့ အဖွဲ့အစည်းတောင် တရားစီရင်ရေးကို ကိုင်တွယ်တဲ့အခါမှာ လူထုအလိုမကျမှုတချို့ကို ကြားမိကြမှာပါ။ ဒါကြောင့် ALP အနေနဲ့ တရားစီရင်ရေး လုပ်ဆောင်တာဟာ ရက္ခိုင်အတွက်မဟုတ်ဘဲ  ရန်သူရဲ့ကစားကွက်ကို အလိုလိုဝင်ရောက်သွားနိုင်ပါတယ်။

ရက္ခိုင့်နိုင်ငံရေး ပဋိပက္ခ

နောက်တစ်ခုကတော့ ရက္ခိုင်နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။ ရက္ခိုင်လူထုဟာ ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီနိုင်ငံရေးမှာ အမျိုးသားအကျိုးစီးပွားနဲ့ စည်းလုံးရေးတည်ဆောက်ဖို့ RNDP နဲ့ ALD ပါတီကို ပေါင်းစည်းဖို့ နှိုးဆော်တိုက်တွန်းခဲ့ကြပြီး နှစ်ဘက်ပါတီခေါင်းဆောင်တွေကလည်း ပေါင်းစည်းရေးကို သဘောတူလက်ခံခဲ့ကြပြီး ၂၀၁၅ မှာ ရက္ခိုင်ပါတီတစ်ခုတည်းမူအဖြစ် ရခိုင်အမျိုးသားပါတီ(ANP)ကို မွေးဖွားပေးခဲ့ကြပါတယ်။

လူထုရဲ့ တစ်ပါတီမူကိုလက်မခံဘဲ ထူထောင်ခဲ့တဲ့ ရခိုင်မျိုးချစ်ပါတီနဲ့ ရခိုင်တိုင်းရင်းသားအင်အားစုပါတီတို့ ရှိခဲ့ပေမယ့် ရက္ခိုင်လူထုက လုံးဝမျက်ကွယ်ပြုခဲ့ကြပါတယ်။ ရခိုင်အမျိုးသားပါတီမှာ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ဥက္ကဌဖြစ်လာခဲ့ပြီး ပါတီတွင်းထိပ်ပိုင်းခေါင်းဆောင်တွေ အကြီးအကျယ် သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး ALD ပါတီခေါင်းဆောင်တွေ ပြန်လည်ခွဲထွက်ခဲ့ပါတယ်။

ပါတီဩဇာထက် ပုဂ္ဂိုလ်ရေးဩဇာကို ဇောင်းပေးတည်ဆောက်လာခဲ့တဲ့ ဒေါက်တာအေးမောင်အုပ်စုကလည်း နောက်ထပ်ပါတီတစ်ခုကို တည်ထောင်ခဲ့ကြပြီး ဒေါက်တာအေးမောင်ကိုယ်တိုင် မျိုးစေ့ချပေးကြောင်း ၂၀၂၀ ရွေးကောက်ပွဲမှာ ကြေညာခဲ့ပါတယ်။ ဒေါက်တာအေးမောင်ကတော့ ဟောပြောပွဲတစ်ခုမှာ အသုံးအနှုန်းတစ်ချို့ကြောင့် နိုင်ငံတော်ပုန်ကန်မှုနဲ့ နှစ်ရှည်ထောင်ချခံခဲ့ရပြီး ၂၀၂၁ ခု စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

ဒီနောက်ပိုင်း ဒေါက်တာအေးမောင်ဟာ ရက္ခိုင်ပြည်ပဋိပက္ခကို စစ်ကောင်စီကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အစားထိုးပုံဖေါ်ဖို့ ကြိုးစားလာခဲ့တာကိုတွေ့ရပါတယ်။ သို့သော်လည်း ရက္ခိုင့်တပ်တော်ဘက်နဲ့ ဆွေးနွေးထားပုံတော့ မရပါဘူး။ လွှတ်တော်တွင်း ဖယ်ဒရယ်ပြည်ထောင်စုဆွေးနွေးချက်နဲ့ ထင်ရှားလာခဲ့တဲ့ ဒေါက်တာအေးမောင်ဟာ လက်ရှိအချိန်မှာ ရခိုင့်ဦးဆောင်ပါတီ(AFP)ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ မီဒီယာထက်ကို ပြန်လည်တက်ရောက်လာခဲ့တာကို တွေ့ရပါတယ်။

လက်ရှိ အာဏာသိမ်းထားတဲ့ကာလမှာ ရခိုင်အမျိုးသားပါတီရဲ့ လုပ်ဆောင်ချက်တွေ သိပ်မတွေ့ရပေမယ့် ရခိုင့်ဦးဆောင်ပါတီကတော့ ပါတီတည်ဆောက်ရေးပိုင်းကို အသားပေးလုပ်ဆောင်နေတာ တွေ့ရပါတယ်။ ကုန်ခဲ့တဲ့လကပြုလုပ်ခဲ့တဲ့ ဒေါက်တာအေးမောင်ရဲ့ မီဒီယာနဲ့အင်တာဗျူးတစ်ခုမှာ ရက္ခိုင့်တပ်တော်ရဲ့နိုင်ငံရေးကို မေးခွန်းတစ်ချို့နဲ့ အကဲစမ်းလာတာကို သတိထားမိလိုက်ပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးက ဘာလဲ(?)၊ ငြိမ်းချမ်းရေးမလိုတော့ဘူးလား/လွတ်လပ်ရေးလား(?)၊ ဖက်ဒရာယ်လား(?) စတဲ့မေးခွန်းတွေကိုထုတ်လိုက်တာကို သတိထားမိပါတယ်။ ဒါကြောင့်လည်း ဒီတစ်ခေါက် ရက္ခိုင့်တပ်တော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေဘက်က ပိုမိုခိုင်မာတဲ့သဘောထားနဲ့ ကွန်ဖက်ဒရိတ် ထုတ်ဖေါ်ပြောဆိုလာတာလို့ ယူဆရပါတယ်။ ရခိုင့်ဦးဆောင်ပါတီဘက်ကလည်း ရက္ခိုင့်တပ်တော်ကို နိုင်ငံရေးအရ ပခုံးချင်းယှဉ်ပြီး သွားချင်တဲ့ပုံစံကိုမြင်တွေ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ရက္ခိုင့်နိုင်ငံရေးပါတီတွေရဲ့ စိတ်နေသဘောထားနဲ့ နိုင်ငံရေးကို မမြင်နိုင်သေးသလို ပါတီတွေကလည်း ပြိုပျက်နေတဲ့အဆင့်လို့တောင် ပြောရမှာပါ။ ရခိုင်နိုင်ငံရေးပါတီတွေအနေနဲ့ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ဖို့သေချာတာကိုတွေ့ရပေမယ့် အာဏာသိမ်းမှုကို ဆန့်ကျင်ထားတဲ့ ALD ပါတီကတော့ ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ ရခိုင်အမျိုးသားပါတီကတော့ အခုချိန်ထိ စစ်ကောင်စီနဲ့ ပူးလိုက်ခွာလိုက် ကစားနေဆဲဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ပန်းတိုင်ဖြစ်တဲ့ ကွန်ဖက်ဒရိတ်တည်ဆောက်ရေးမူကလည်း လက်ရှိမြန်မာနိုင်ငံရေး အကျပ်အတည်းကြောင့် ထုတ်ဖေါ်မကြေညာသေးဘဲ မဟာမိတ်တွေနဲ့ သဘောတူညီထားတာလည်းဖြစ်နိုင်ပါတယ်။

ရက္ခိုင့်တပ်တော်ဟာ လက်ရှိအချိန်မှာ စစ်ရေးအရဖြေရှင်းဖို့ထက် ဩဇာအာဏာတည်ဆောက်ရေးကို ပိုမိုအာရုံစိုက်နေတာကိုတွေ့ရပြီး ငြိမ်သာတဲ့နည်းလမ်းနဲ့ ထိန်းချုပ်နေတာကိုတွေ့ရပါတယ်။ ဒီနှစ်အတွင်း စစ်ကောင်စီနဲ့ အပြန်အလှန်လူဖမ်းပွဲကြီးဟာ တစ်နည်းအားဖြင့် အချုပ်အခြာအာဏာသက်ရောက်မှု အကဲစမ်းကြတဲ့ ကစားကွက်လည်းဖြစ်ပါတယ်။ ဒီကစားကွက်ဟာ ငြိမ်သာတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် အချိန်မရွေး ပေါက်ကွဲမှုလည်းဖြစ်လာနိုင်တာကြောင့် ရက္ခိုင်ပြည်အတွင်း အဖွဲ့အစည်းများငြိမ်သက်ရေးဟာ ရက္ခိုင့်တပ်တော်အတွက် အလွန်အရေးကြီးတယ်ဆိုတာ ထင်ရှားပါတယ်။

ချုပ်ရရင်တော့ ရက္ခိုင့်တပ်တော်ရဲ့ ကွန်ဖက်ဒရိတ်နိုင်ငံရေးကို ထောက်ခံမှာလား၊ ဆန့်ကျင်မှာလားဆိုတဲ့အထိ မရောက်ခင်မှာ အမျိုးသားအကျိုးစီးပွားကို ထောက်ရှုပြီး နိုင်ငံရေးအင်အားစုတွေအနေနဲ့ ပူးမှာလား၊ ခွာမှာလား ဆိုတာ အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ မြင်ပါတယ်။ ဒီအတွက် ရက္ခိုင်အင်အားစုများ ဆွေးနွေးရေးလမ်းကြောင်းကို ရက္ခိုင့်တပ်တော်ဘက်က လမ်းကြောင်းဖွင့်ပေးထားဖို့လိုအပ်သလို တစ်ခြားအင်အားစုတွေဘက်ကလည်း အဖွဲ့အစည်းအကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားအတွက် ဦးတည်ပြီး တိကျခိုင်မာတဲ့ နိုင်ငံရေးခံယူချက်နဲ့ဦးဆောင်ကာ လျှောက်လှမ်းကြဖို့ လိုအပ်တဲ့အချိန်လို့မြင်ပါတယ်။

ဒီကာလဟာ ရက္ခိုင်နိုင်ငံရေး ဆုံမှတ်သာဖြစ်သင့်ပြီး ရက္ခိုင်နိုင်ငံရေး အကွဲအပြဲနဲ့ပဋိပက္ခသို့ ဦးမတည်သင့်သလို အပြန်အလှန် အကဲစမ်းကြမယ့်အချိန်လည်း မဟုတ်ဘူးလို့မြင်ပါတယ်။ ဒီအချိန်မှာ ရက္ခိုင်တပ်တော်ရဲ့ နိုင်ငံရေး ရည်မှန်းချက်ဟာ ရက္ခိုင်လူထုထောက်ခံမှုကို အပြည့်အဝရရှိထားတဲ့အတွက် ရက္ခိုင့်တပ်တော်ရဲ့ဦးဆောင်မှုကို ရက္ခိုင်ပြည်အနာဂတ်အတွက် ထောက်ခံဝန်းရံခြင်းကသာ အဖြေဖြစ်လာပါလိမ့်မယ်။

မင်းထီး-ရေးသည်။