- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
စာအုပ်အငှားဆိုင်ပေါ်မှ နေ့စွဲများ
နာမည်ကျော်စာရေးဆရာကြီး အိုမာခယမ်က ဝိုင်တစ်ခွက်ရယ် ပေါင်မုန့်တစ်ချပ်ရယ် စာအုပ်တစ်အုပ်ရယ် အရိပ်ရတဲ့သစ်ပင်ရယ်ရှိပြီဆိုရင် သူ့အတွက် နိဗ္ဗာန်ဘုံကိုရောက်နေသလိုပါပဲတဲ့။ ကျနော်တို့ဆီမှာတော့ ဝိုင်အရက်လည်း မရနိုင်တဲ့အတွက် ထန်းလျက်ခဲကို ရေနွေးကြမ်းနဲ့မြည်းပြီး စာဖတ်ခဲ့တဲ့အရသာဟာ ကျနော့်အတွက်တော့ နိဗ္ဗာန်ဘုံတမျှပါပဲ။
31 Aug 2021
DMG (ဆောင်းပါး)
ကိုးဆယ်ကျော်၊ နှစ်ထောင်ခုနှစ် ဝန်းကျင်ကာလတွေကို ပြန်လည်စဉ်းစားမိတာနဲ့ စာအုပ်အငှားဆိုင်တွေဟာ ကျနော်တို့ငယ်ဘဝရဲ့ မပါမဖြစ် အမှတ်တရတွေရှိရာ နေရာတစ်ခုပါပဲ။
ကိုယ်ကြိုက်တဲ့စာရေးဆရာရဲ့ စာအုပ်သစ်ရောက်တိုင်း အခြားသူတွေနဲ့အပြိုင်လုပြီး ဖတ်ခဲ့ရတာတွေ၊ စာအုပ်ပုံတွေကြားထဲမှာ ကိုယ်ကြိုက်တဲ့စာအုပ်ကိုရွေးပြီး တမြတ်တနိုးနဲ့ ငှားဖတ်ခဲ့ရတာတွေ၊ ကိုယ်ကြိုက်တဲ့စာသားတွေကို မှတ်စုစာအုပ်တွေထဲမှာရေးမှတ်ပြီး နှုတ်တိုက်ကျက်ခဲ့တာတွေ၊ မဂ္ဂဇင်းစာအုပ်တွေပေါ်က မင်းသမီးတွေရဲ့ပုံတွေကိုဖြဲပြီး ကိုယ့်အခန်းရဲ့နံရံတွေပေါ်မှာ ကပ်ခဲ့ရတာတွေ၊ စာအုပ်ရက်လွန်ကြေးမပေးလို့ စာအုပ်ဆိုင်ပိုင်ရှင်တွေက အိမ်ထိလာပြီး စာအုပ်တောင်းခြင်းခံရတာတွေ၊ စာအုပ်အသစ်ရဲ့အနံ့ကို အားရပါးရရှူရှိုက်ပြီး စွဲလမ်းခဲ့တာတွေဟာ ကျနော်တို့ငယ်ဘဝရဲ့ မေ့မရနိုင်တဲ့ အမှတ်တရတွေပါပဲ။ စာအုပ်အငှားဆိုင်ဆီက ကိုယ်ကြိုက်တဲ့စာအုပ်တစ်အုပ် ငှားလာပြီး အရိပ်ကောင်းကောင်းရတဲ့ အပင်တစ်ပင်အောက်မှာမှေးပြီး စာဖတ်နေရတဲ့အရသာဟာ ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး။
နာမည်ကျော်စာရေးဆရာကြီး အိုမာခယမ်က ဝိုင်တစ်ခွက်ရယ် ပေါင်မုန့်တစ်ချပ်ရယ် စာအုပ်တစ်အုပ်ရယ် အရိပ်ရတဲ့သစ်ပင်ရယ်ရှိပြီဆိုရင် သူ့အတွက် နိဗ္ဗာန်ဘုံကိုရောက်နေသလိုပါပဲတဲ့။ ကျနော်တို့ဆီမှာတော့ ဝိုင်အရက်လည်း မရနိုင်တဲ့အတွက် ထန်းလျက်ခဲကို ရေနွေးကြမ်းနဲ့မြည်းပြီး စာဖတ်ခဲ့တဲ့အရသာဟာ ကျနော့်အတွက်တော့ နိဗ္ဗာန်ဘုံတမျှပါပဲ။
ကျနော်တို့ငယ်ဘဝမှာ စာအုပ်အငှားဆိုင်တွေဆီက စာအုပ်တစ်အုပ်ရဲ့တစ်နေ့ငှားခဟာ ကျနော်ရတဲ့မုန့်ဖိုးရဲ့ တစ်ဝက်နီးပါးလောက်ရှိတယ်။ ကာတွန်းစာအုပ် အဟောင်းတွေဆိုတစ်ရာ၊ အသစ်တွေဆိုနှစ်ရာ၊ လုံးချင်းဝတ္ထုစာအုပ်တွေဆိုလည်း ဒီဈေးအတိုင်းပါပဲ။ ဈေးအကြီးဆုံးလို့ ပြောလို့ရတာကတော့ သုတစွယ်စုံမဂ္ဂဇင်းရယ်၊ မော်ဒန်တွေပါတဲ့ မဂ္ဂဇင်းတွေပဲ။ မဂ္ဂဇင်းမှာတောင် အသစ်ရောက်တာတွေဆိုရင် လေးငါးရာ၊ အဟောင်းတွေဆိုလည်း သုံးလေးရာလောက်ပေးပြီးတော့ ငှားဖတ်ခဲ့ရတယ်။ ကျနော် စာအုပ်စဖတ်တုန်းကဆိုရင် ကာတွန်းစာအုပ်တွေပဲ ငှားဖတ်ဖြစ်တယ်။ ကျနော်က စာဖတ်သွက်တော့ ကာတွန်းစာအုပ်ဆိုရင် တစ်ရက်မှာ လေးငါးအုပ်လောက် အသာလေးပြီးတယ်။
ဝတ္ထုတွေဆိုရင်တော့ မင်းသိင်္ခ၊ မင်းမြတ်သူရတို့လို အပျော်ဖတ်စာအုပ်တွေ အဲဒီကနေတစ်ဆင့် သိုင်းစာအုပ်တို့ သရဲတစ္ဆေဝတ္ထုတွေ ပိုငှားပြီးဖတ်ဖြစ်တယ်။ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ အီစွပ်ပုံပြင်များ၊ လှတောသားဟာသများ၊ တစ်ထောင့်တစ်ညပုံပြင်များ စတာတွေဟာ အငှားဆိုင်တွေမှာ လူငယ်တွေအကြိုက်ဆုံးစာအုပ်တွေပါပဲ။
နွေရာသီကျောင်းပိတ်ရက်တွေမှာဆို စာအုပ်ငှားဖို့ အမေ့ဆီက ပိုက်ဆံတောင်းလို့ရပေမဲ့ ကျောင်းဖွင့်တဲ့ အချိန်တွေမှာဆို အိမ်က ကျနော့်ကို စာအုပ်မဖတ်ခိုင်းဘူး။ အတန်းစာကလွဲရင် အခြားစာတွေဟာ အရေးမပါဘူးလို့ ကျနော်တို့ပတ်ဝန်းကျင်က ယူဆထားဟန်တူပါတယ်။ ဒီတော့လည်း ဝါသနာကို ဖျာကာလို့မရပြန်တော့ အိမ်ကလူတွေမသိအောင် မုန့်ဖိုးထဲက တစ်ဝက်လောက်ကိုခွဲပြီးတော့ စာအုပ်ဖိုးလေးချန်ပြီး ခိုးဖတ်ရတယ်။
ဗိုက်ဟောင်းလောင်းနဲ့ စာအုပ်တွေကိုခိုးဖတ်ပြီး သူငယ်ချင်းတွေကြား ကိုယ်ခိုးဖတ်ထားတဲ့ စာအုပ်တွေရဲ့အကြောင်းကို သူများထက်ဦးအောင် ကြွားလိုက်တဲ့အရသာဟာ ကမ္ဘာကြီးတစ်ခုလုံးကို အနိုင်ရလိုက်သလိုပါပဲ။
စာကြည့်တိုက်တွေမှာသာ ကျနော်တို့ဖတ်ချင်ခဲ့တဲ့ ကာတွန်းစာအုပ်တို့၊ အပျော်ဖတ်ဝတ္ထုတွေသာ များများစားစားရှိခဲ့မယ်ဆို ကျနော်လည်း နေ့တိုင်းနီးပါးလို ဗိုက်ဟောင်းလောင်းနဲ့ စာဖတ်ခဲ့ရမှာမဟုတ်ပါဘူး။
စာကြည့်တိုက်တွေဆိုတာ စည်းမျဉ်းစည်းကမ်းတွေနဲ့ သော့ခလောက်အကြီးကြီးတွေခတ်ထားတဲ့ ဂိုဒေါင်တစ်ခုလို့သာ ကျနော်ငယ်ငယ်ကမြင်ခဲ့တယ်။ ဒီအမြင်ဟာ အခုထက်ထိလည်း မပြောင်းလဲသေးပါဘူး။ စာကြည့်တိုက်တွေဟာ လူငယ်တွေနဲ့မသက်ဆိုင်တဲ့ သူစိမ်းဆန်ဆန်နေရာတစ်ခုလို အခုထက်ထိဖြစ်နေဆဲပါပဲ။ စာကြည့်တိုက်အတော်များများဟာ လူငယ်တွေရဲ့ အပန်းဖြေစရာနေရာတစ်ခုလို လူငယ်တွေကိုဆွဲဆောင်နိုင်မှု တစ်ခုခုမပေးသမျှတော့ စာကြည့်တိုက်တွေဟာ လူငယ်တွေနဲ့ အလှမ်းကွာဝေးနေဆဲ ဖြစ်နေမှာပါပဲ။ စာကြည့်တိုက်တွေဟာ လူငယ်တွေပျော်ရွင်စရာ၊ လူငယ်တွေလေ့လာစရာနေရာဖြစ်အောင် စာကြည့်တိုက်တွေဖက်က လူငယ်တွေအပေါ်မှာ ဝန်ဆောင်မှုတစ်ခုပေးသင့်ပါတယ်။
ကိုယ်နဲ့ စာဖတ်ဖော်၊ စာဖတ်ဖက် သူငယ်ချင်းတွေကြား အပြန်အလှန်စာအုပ်လှဲပြီး ဖတ်ခဲ့ရတာတွေ၊ ကိုယ်ကြိုက်တဲ့စာအုပ်ထဲက ဇာတ်ကောင်တွေရဲ့ပုံစံတွေကို အာဘောင်ရင်းသန်သန်ပြောပြီး သရုပ်ဆောင်ပြတာတွေဟာ အခုအချိန်တွေမှာ ပြန်လွမ်းစရာအဖြစ် ကျန်နေဆဲပါ။
ဆားပုလင်းနှင်းမောင် ဝတ္ထုတွေကိုဖတ်တော့ စုံထောက်ဖြစ်ချင်လာတယ်၊ မြိုင်ရာဇာတွက်ပီ ဖတ်မိပြန်တော့ ပဲခူးရိုးမတောထဲမှာ အမဲလိုက်ပြီး မုဆိုးလုပ်ချင်လာပြန်ရော။ ကျနော်တို့လူငယ်ဘဝမှာ တောင်စဉ်ရေမရာတဲ့ အတွေးတွေကို စာအုပ်တွေဖတ်ပြီးတော့ ပိုင်ဆိုင်ခဲ့ကြတယ်။ စာအုပ်တွေကြောင့်ပဲ ကမ္ဘာလောကကြီးနဲ့ ထိတွေ့လာရတယ်။ စာအုပ်တွေကြောင့်ပဲ နှလုံးသားတွေ ပိုမိုလှပလာပါတယ်။ လူငယ်ပီသမှုကို စာအုပ်တွေကပေးစွမ်းခဲ့တယ်။
ကျနော်နေခဲ့တာက နယ်မြို့ဆိုတော့ အသစ်ထွက်တဲ့စာအုပ်သစ်တွေ စာအုပ်ဆိုင်တွေပေါ်ရောက်လာဖို့ကို အချိန်အတော်စောင့်ရတယ်။ အသစ်ထွက်တဲ့စာအုပ်တွေကို ဂျာနယ်တို့၊ မဂ္ဂဇင်းတွေမှာတွေ့ရင် မှတ်ထားပြီး ဒီစာအုပ်အသစ်ရောက်ပြီလား၊ စာအုပ်အသစ်ရောက်ရင် ကျနော့်အတွက်ချန်ပေးဦးဆိုပြီး စာအုပ်ဆိုင်ရှင်ရဲ့အသားကို လက်တို့ထားရတယ်။ ကိုယ်ကဦးအောင် အရင်မဖတ်လိုက်ရရင် ကိုယ်အလှည့်ရောက်မယ့်အချိန်ကို လည်ပင်းတမျှော်မျှော်နဲ့ အတော်စောင့်နေရတယ်။
စာအုပ်အငှားဆိုင်တွေမှာ ပထမဦးဆုံး စာအုပ်စပြီးငှားဖတ်တုန်းကဆို ဒီစာအုပ်တွေအကုန်လုံးကို ဒီတစ်သက် ငါဖတ်လို့ကုန်ကောကုန်ပါ့မလားလို့ တွေးမိဖူးတယ်။ နောက်တော့လည်း ပုံမှန်ငှားနေကျဆိုင်က စာအုပ်တွေအကုန်လုံးနီးနီး ကိုယ်ဖတ်ပြီးသားဖြစ်လာတော့ အခြားတစ်ဆိုင်ကို ပြောင်းပြီးငှားရပြန်တယ်။ နောက်တစ်ဆိုင်က စာအုပ်ငှားပြီးထွက်လာပြီဆို ပုံမှန်စာအုပ်ငှားနေကျဆိုင်ရှေ့က ဖြတ်မသွားရဲဘူး။ ပုံမှန်ငှားနေကျဆိုင်က ဆိုင်ရှင်နဲ့သာ မျက်နှာချင်းဆိုင်တိုးမိရင်တော့ နှလုံးရပ်ပြီးတော့ သေသွားမလားတောင် မပြောတတ်ပါဘူး။
ငယ်ငယ်တုန်းက စာအုပ်ကိုင်ပြီးဖတ်ခဲ့ရတဲ့ စာအုပ်စွဲလန်းမှုဟာ အခုအချိန်ထိ ကျနော့်ကို လွှမ်းမိုးနေဆဲပါပဲ။ ဘယ်ခရီးပဲသွားသွား လွယ်အိတ်ထဲမှာ ကိုယ်ဖတ်ဖို့ စာအုပ်နှစ်အုပ်၊ သုံးအုပ်လောက်တော့ အမြဲတမ်းပါတယ်။ ကိုယ်မဖတ်သည့်တိုင် ကိုယ့်လိပ်ပြာကိုယ်လုံစေဖို့ စာအုပ်တွေကို ကိုယ်နဲ့မကွာ အမြဲတမ်းဆောင်ထားလေ့ရှိတယ်။ စာအုပ်မပါဘဲ အပြင်သွားမိတဲ့အချိန်တွေဆို တစ်ခုခုလစ်ဟာနေသလို အမြဲတမ်းခံစားရတယ်။ ကျနော့်ရဲ့ စာအုပ်တွေအပေါ်ရူးသွပ်မှုဟာ စာအုပ်တွေဆီက တစ်ခုခုပြန်ရလိုရငြားနဲ့ လုံးဝမဖတ်ရှုခဲ့ပါဘူး။
စာအုပ်တွေကို ကျနော့်ဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ ရိုးသားစွာဖတ်ရှုခဲ့တာဟာ လူငယ်ဘဝကနေ အခုထက်ထိ မပြောင်းလဲတဲ့ ခံယူချက်ပါပဲ။
တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်မှာ စာအုပ်အငှားဆိုင်တွေရဲ့ယဉ်ကျေးမှုဟာ မရှိသလောက် မှေးမှိန်သွားနေပါပြီ။ တီဗီ၊ အင်တာနက်၊ မိုဘိုင်းဖုန်း စတဲ့နည်းပညာတွေ တဟုန်ထိုးတိုးတက်လာခြင်းဟာ စာအုပ်အငှားဆိုင်တွေရဲ့ မှေးမှိန်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ရပ်လားလို့ မေးစရာပါ။
ခေတ်နဲ့လျော်ညီတဲ့စာအုပ်တွေကို ထပ်မံပြီး မဖြည့်စွက်တာရယ်၊ လူငယ်တွေရဲ့အကြိုက် ဝန်ဆောင်မှုကို မပေးနိုင်တာရယ် စတဲ့အကြောင်းအရာတွေဟာ စာအုပ်ဆိုင်ယဉ်ကျေးမှု မှေးမှိန်သွားရတဲ့ အကြောင်းအရာတွေထဲက တစ်ခုအပါအဝင်ပါပဲ။
စာအုပ်အငှားဆိုင်ယဉ်ကျေးမှုတွေ ပြန်လည်တခေတ်ထလာအောင် စာအုပ်အငှားဆိုင်တွေအနေနဲ့လည်း တိုးတက်လာတဲ့ နည်းပညာရဲ့အကူအညီတွေကိုယူပြီး လက်ရှိခေတ်စနစ်နဲ့ အံ့ဝင်ခွင်ကျနိုင်အောင် ကြိုးစားသင့်ပါတယ်။
စာအုပ်ဈေးနှုန်းများကြောင့် စာအုပ်ဝယ်မဖတ်ဖြစ်နိုင်တဲ့ လူငယ်တွေကြားမှာ ခေတ်နဲ့လျော်ညီတဲ့ စာအုပ်ဆိုင်များသာ ပြန်လည်ထွန်းကားလာမယ်ဆိုရင် စာအုပ်အငှားဆိုင်ယဉ်ကျေးမှုဟာ လူငယ်တွေရဲ့ လိုအပ်ချက်တစ်ခုကို ဖြည့်စွမ်းပေးနိုင်မှာအမှန်ပါပဲ။ ဈေးနှုန်းချိူသာစွာနဲ့ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို လက်လှမ်းတမှီဖတ်ရှုနိုင်မယ်၊ စာအုပ်အငှားဆိုင်တွေသာ ပြန်လည်ဦးမော့လာမည်ဆိုရင် ရမယ့်အကျိုးကျေးဇူးတွေက အများကြီးပါ။
ခေတ်နဲ့လျော်ညီပြီး လူငယ်တွေရဲ့လိုအပ်ချက်တွေကို ဖြည့်စွမ်းပေးနိုင်မယ့် စာအုပ်အငှားဆိုင်တွေ ပြန်လည်ပေါ်ပေါက်လာနိုင်စေဖို့ဆိုတာက ခေတ်ကာလရဲ့လွှမ်းမိုးမှုအရ လုံးဝ မဖြစ်နိုင်တော့ဘူးဆိုပေမယ့် တခြားနည်းလမ်းတွေကိုသုံးကာ လူငယ်တွေစာဖတ်ကြဖို့နဲ့ အသိပညာဗဟုသုတတွေကို စာကြည့်တိုက်တွေဆီကတစ်ဆင့် ရယူနိုင်ဖို့ကို ရည်ရွယ်ပြီး ရေးသားလိုက်ရပါတယ်။
ငရိန်းချမ်း ရေးသည်။