- ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ၍ အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးလေးဦး ဒဏ်ရာရ
- ထိုင်းရောက် မြန်မာလုပ်သားများ အထောက်အထား သက်တမ်းတိုးရန် ခက်ခဲနေ
- တောင်ကုတ်မှ ထွက်ပြေးစစ်ကောင်စီတပ်က နိုင်ကျဉ်းများကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွား
- စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဂွမြို့တွင်းနေအိမ်များ မီးလောင်
- တရုတ်နဲ့ AA ဆွေးနွေးမှု ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်သလဲ
ဒီနေ့လား . . . မနက်ဖြန်လား . . . နပခရဲ့ ကံကြမ္မာ
AA က နပခဌာနချုပ်ထဲထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းပစ်ကူဖြင့် အသည်းအသန် ခုခံရင်း တောင်ကုတ် စကခ (၅) လမ်းစဉ်ကို ဘယ်နေ့ဘယ်အချိန် လိုက်သွားမလဲ ဆိုတာကတော့ …
17 Dec 2024
စစ်တပ်မြို့ဟု ခေါ်ဝေါ်ကြသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိသည့် ရခိုင်ပြည်၊ အမ်းမြို့ကို အာရက္ခတပ်တော်(AA) က ဒီဇင်ဘာ ၆ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
စစ်ကောင်စီ၏ တပ်ရင်းတပ်ခွဲနှင့် စခန်းငယ်၊ ကာကင်းစခန်းကြီးအပါအဝင် စခန်းပေါင်း (၃၀) ကျော်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အမ်းမြို့ကို AA က ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
အမ်းမြို့နယ်အတွင်း လက်ကျန် နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေပြီး မကြာခင် သိမ်းပိုက်နိုင်တော့မည်ဟု AA ဘက်က ပြောဆိုထားသည်။
လက်ရှိတွင် နပခဌာနချုပ်၌ တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ စစ်ကောင်စီတပ်သားများမှာလည်း AA ထံ လက်နက်ချ အညံ့ခံမှုများ ဆက်တိုက်ရှိနေသည်။
AA ဘက်မှ DMG ၏ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့က အေအေက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာလိုမျိုး အုပ်စုလိုက် လက်နက်ချတာတွေအပြင်၊ အခုလည်း မြေပြင်မှာ လေးယောက်တစ်ခါ၊ ငါးယောက်တစ်ခါ အဲဒီလို အသုတ်လိုက် လက်နက်ချနေကြတာတွေ ရှိတယ်” ဟု ပြောသည်။
“စောစောအလံဖြူထောင်ရင် စောစောအသက်ရှင်ကျန်ပြီး မိသားစုဆွေမျိုးတွေနဲ့ တွေ့ဆုံရမှာဖြစ်သလို၊ စောစောအလံဖြူမထောင်ရင် ပျော်စရာကောင်းတဲ့ နှစ်သစ်ကူးလည်း ဖြစ်မှာမဟုတ်ဘူး” ဟု AA က ဒီဇင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်သည့် ရုပ်သံဗွီဒီယိုဖိုင်တွင် သတိပေးထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မေလက နပခ (ယခင်) တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်ချမ်းရေးဘာညာ ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာအထိ တက်ကြိတ်ပလိုက်မှာ” ဟု သတိပေး ရေးသားဖူးသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုင်းမှူးတာဝန်များကို ၂၀၁၇ နိုဝင်ဘာမှ ၂၀၁၉ မေလအထိ ဗိုလ်ချုပ် စိုးတင့်နိုင်၊ ၂၀၁၉ မေလမှ ၂၀၂၀ ဇူလိုင်အထိ ဗိုလ်ချုပ်ဖုန်းမြတ်၊ ၂၀၂၀ သြဂုတ်မှ ၂၀၂၃ မတ်လအထိ ဗိုလ်ချုပ် ထင်လတ်ဦးတို့က တာဝန်ယူခဲ့သည်။
လက်ရှိတွင် နပခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်ကျော်စွာဦးက တာဝန်ယူထားပြီး စစ်တွေတွင် နေထိုင်ကြောင်း သိရသည်။ ဗိုလ်မှူးချုပ်ကျော်စွာဦးသည် အလုပ်သင်ဗိုလ်လောင်း အပတ်စဉ် (၂၂) ဆင်းဖြစ်ပြီး တနင်္သာရီတိုင်း၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တွင် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ရခိုင်ပြည်နှင့် ချင်းပြည်နယ် ပလက်ဝဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေး ဆိုင်ရာ ကိစ္စရပ်များကို အဓိကတာဝန်ယူ ဆောင်ရွက်ရသည်။ နပခဌာနချုပ်ကို ၁၉၇၂ ခုနှစ်တွင် စစ်တွေမြို့၌ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် အမ်းမြိုအခြေစိုက် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဆင့်မြင့်တိုင်းစစ်ဌာနချုပ် (၁၄) ခုရှိသည့်အထဲ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှာလည်း AA လက်ထဲကျရောက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိသွားပြီဖြစ်သည်။
အနောက်ပိုင်းစစ်ဌာနချုပ် မကျရှုံးရေးသည် စစ်ကောင်စီအတွက် စစ်ရေးအရသာမက နိုင်ငံရေးဂုဏ်သိက္ခာ အရပါ အလွန်အရေးကြီးနေသော်လည်း စစ်မြေပြင်တွင် တိုက်ခိုက်နေရသော အောက်ခြေတပ်သားများမှာမူ AA ၏ ထိုးစစ်ကို ခုခံနိုင်စွမ်း တဖြည်းဖြည်း လျော့နည်းလာနေသည်။
“လားရှိုးနဲ့ဆိုရင် အမ်းကတော့ အရေးပါမှုမှာ ဒုတိယအဆင့်။ သို့သော်လည်းပဲ စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာက နိုင်ငံတကာအမြင်မှာ လုံးဝသုညဖြစ်သွားပြီ။ AA နဲ့ လူထုရဲ့စိတ်ဓာတ်က ဟိုးအမြင့်ထိ ရောက်သွားပြီး စစ်ကောင်စီရဲ့စိတ်ဓာတ်က မြေကြီးရောက်သွားပြီ” ဟု နိုင်ငံရေးအကဲခတ် ရှေ့နေဦးကြီးမြင့်က DMG ကို ပြောဆိုထားသည်။
နပခနှင့် အမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးအပတ် ကျောက်စကွဲ ကျေးရွာအနီးကနေစခဲ့ပြီး မဲတောင်ဗျူဟာကုန်းစခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မဲတောင်ဗျူဟာသည် နပခကို ကာကွယ်ပေးထားသည့် ဒုတိယမြောက်အကြီးဆုံး စစ်ဗျူဟာကုန်းဖြစ်သည်။
မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ(၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ ၃၆၂၊ ၃၆၅၊ ၃၆၉ ၊ အမ်း(နပခ) ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့နှင့် စကခ (၅) လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂ တပ်ရင်းများ စုပေါင်းထားကြောင်း AA က ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဗျူဟာကုန်းကို ၂၀၂၄ အောက်တိုဘာ ၅ ရက်မှာ AA က သိမ်းပိုက်ပြီးနောက် အမ်းမြို့ပေါ်ကို ဆက်လက် ချီတက်နိုင်ခဲ့ခြင်းဖြစ်သည်။
နပခဌာနချုပ်ကို AA က အလုံးစုံသိမ်းပိုက်လိုက်လျှင် ရခိုင်ရိုးမအရှေ့တကြောတွင် စစ်ရေးလှုပ်ရှားနေသည့် နွေဦးတော်လှန်ရေးအင်အားစုများအတွက် ပိုပြီးအားကောင်းလာနိုင်ကြောင်း ရှုမြင်မှုများလည်း ရှိနေသည်။
“ဒီအနောက်ဘက်စစ်မျက်နှာသာ အတိုင်းတာတစ်ခုအထိ ပွင့်သွားမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း၊ တခြားသော စစ်အသုံးဆောင်ပစ္စည်းတွေ၊ ရိက္ခာတွေ စတဲ့ ကုန်သွယ်မှုပစ္စည်းတွေ ဝင်လာလို့ရတယ်လို့ မျှော်မှန်းထားတယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် (SAF) ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောသည်။
ကျောင်းသားလက်ရုံးတပ်တော်သည် အာရက္ခတပ်တော်နှင့် မဟာမိတ်ဆက်ဆံရေးကောင်းမွန်ပြီး ရှေ့တန်းစစ်မြေပြင်တွင်လည်း အတူတူတိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။
ရခိုင်ရိုးမ အနောက်ဘက်ခြမ်း စစ်မျက်နှာရှိ အမ်း၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲများ ယနေ့အချိန်ထိ ပြင်းပြင်ထန်ထန် ဖြစ်ပွားနေပြီး တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်သည်။
ရခိုင် - မကွေး နယ်စပ်မျဉ်းရှိ ရိုမတောင်တန်းတွင် ကျောင်သားလက်ရုံးတပ်တော် (SAF)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA – MAGWAY) စသည့် တော်လှန်ရေးအင်အားစုများက စစ်ရေးလှုပ်ရှားလျှက် ရှိနေသည်။
AA က အပြင်းအထန် ထိုးစစ်ဆင်နေသည့် အမ်းမြိုနယ်သို့သွားသည့် စစ်ကောင်စီ၏ စစ်ကူယာဉ်တန်းများကို တော်လှန်ရေးအင်အားစုများက ကြားဖြတ်တိုက်ခိုက်နေ၍ ရိုးမတကြောတွင် တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ရှိနေသည်။
ယင်းအထဲ အမ်းမြို့နယ်သည် မကွေးတိုင်းနှင့် ထိစပ်နေ၍ အမ်းမြို့ကျသွားလျှင် မကွေးစစ်မျက်နှာအထိ ထိုးဖောက်ဝင်ရောက်ရန် တော်လှန်ရေးအင်အားစုများက ပြင်ဆင်ထားကြောင်း သိရသည်။
အမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်လာချိန်မှစ၍ ရခိုင်-မကွေး နယ်ခြားမှတ်တိုင်နှင့် ၁ မိုင်ကျော်သာ ကွာဝေးသည့် ရိုးမတောင်ကုန်းရှိ နတ်ရေကန်တပ်စခန်းကို စစ်ကောင်စီက မကွေးတိုင်းအတွက် ကာကင်းစခန်းအဖြစ် အသုံးပြုရန် အင်အားဖြည့်ထားကြောင်း မကွေးတိုင်းက တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
လက်ရှိတွင် AA က နပခဌာနချုပ်ထဲထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းပစ်ကူဖြင့် အသည်းအသန် ခုခံရင်း တောင်ကုတ် စကခ (၅) လမ်းစဉ်ကို ဘယ်နေ့ဘယ်အချိန် လိုက်သွားမလဲ ဆိုတာကတော့ …