ရခိုင်ရိုးမ နယ်စပ်တကြောတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဆက်လက်ပြင်းထန်

ရခိုင်ရိုးမနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ရခိုင် - ပဲခူး၊ ရခိုင် - မကွေး၊ ရခိုင် - ဧရာဝတီ နယ်စပ်ဒေသတို့တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း အာရက္ခတပ်တော် (AA)က ဇန်နဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

By Admin 21 Jan 2025

ပုံစာ - နပခဌာနချုပ် စခန်းသိမ်းတိုက်ပွဲအတွင်း AA တပ်ဖွဲ့အချို့ကို တွေ့ရစဉ်‌။ (ဓာတ်ပုံ - AA ရုပ်သံ)
ပုံစာ - နပခဌာနချုပ် စခန်းသိမ်းတိုက်ပွဲအတွင်း AA တပ်ဖွဲ့အချို့ကို တွေ့ရစဉ်‌။ (ဓာတ်ပုံ - AA ရုပ်သံ)

 
DMG ၊ ဇန်နဝါရီ ၂၁ 

ရခိုင်ရိုးမနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ရခိုင် - ပဲခူး၊ ရခိုင် - မကွေး၊ ရခိုင် - ဧရာဝတီ နယ်စပ်ဒေသတို့တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း အာရက္ခတပ်တော် (AA)က ဇန်နဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့များမှ စစ်စခန်းများအားလုံးကို တစ်ခုမကျန်လက်လွှတ်လိုက်ရသည့် စစ်ကောင်စီသည် ထိုစခန်းများပြန်လည်ရရှိရေး ကြိုးပမ်းလာ၍  ရခိုင်ရိုးမနယ် စပ်တကြောတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းခြင်သည်။

“အဓိကတော့ သူတို့ (စစ်ကောင်စီ) လက်လွှတ်ထားရတဲ့ နေရာတွေကို ပြန်ယူဖို့အတွက် တစ်ခုချင်းစီပြန်ပြီး ထိုးစစ်ဆင်တာဖြစ်တဲ့ အနေအထားပေါ့။ ဒီဖက်က AA နဲ့ တခြား PDF ပူး ပေါင်းအဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ ထိုးစစ်ကို တိုက်ခိုက်နေတာရှိပါတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်အတွင်းက ကမြင်းကန်၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာ အနီးဝန်းကျင်နှင့် အမ်း - ပဒန်း ကားလမ်းမအနီးတွင် ဇန်နဝါရီ ၁၁ ရက်မှစကာ အပြန်အလှန်ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်း AA က ထုတ်ပြန်ထားသည်။
 
တစ်ပတ်ကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အထိအခိုက်အကျဆုံးများခဲ့ပြီး၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည့်အပြင် စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းတိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ တပ်မ ၈၈၊ ၉၉ လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကာကွယ် ရေးပစ္စည်းစက်ရုံ(ကပစ)မှ တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ရခိုင် - ဧရာဝတီအစပ် နေရာအချို့အပြင် ပွိုင့် (၃၆၉) ကုန်းနှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာ အနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း AA က ထုတ်ပြန်ထားသည်။ 
 
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ထားရသည့် ဌာနချုပ်၊ စခန်းများနှင့် မြို့များကို ပြန်လည်ရယူနိုင်ရန်နှင့် မကွေးတိုင်းရှိ ကာကွယ်ရေးပစ္စည်းစက်ရုံများကို ကာကွယ်ရန်အတွက် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။ 

“(စကစ)ဟာ သူတို့ရဲ့ ကပစ စက်ရုံကို ကာကွယ်ဖို့အတွက်လည်း အင်အားသုံးတိုက်ခိုက်နေတာဖြစ်တယ်။ ဘာလို့ဆိုတော့ မကွေးတိုင်းအတွင်းမှာက ကပစ တပ် ၁၄ တပ်ထက် မနည်းရှိနေတာ။ အဲဒီစက်ရုံတွေက တာဝေးပစ် ၁၂၂ ဒုံးတွေ၊ တင့်ကားပစ် ဒုံးတွေ၊ လေယာဉ်ပစ်ဒုံးတွေ အဓိက ထုတ်လုပ်နေတာ။ ဆိုတော့ ဒါတွေကို (စကစ) က ဘယ်တော့မှ လက်လွှတ်မှာမဟုတ်ဘဲ အပြင်းအထန် ကာကွယ်ခုခံမယ်လို့ မြင်တယ် ” ဟု ပြောသည်။ 

ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)သည် စုစုပေါင်း ၂၅ တပ် ရှိပြီး ယင်းကပစ စက်ရုံများသည် မကွေး၊ ပဲခူး၊ ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့တွင်တည်ရှိပြီး မကွေးတိုင်းတွင်အများဆုံးဖြစ်ကာ အနည်းဆုံး ၁၄ တပ် ရှိကြောင်း သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ရခိုင်ရိုးမနယ်စပ်တကြောရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ဧရာဝတီတိုင်းတွင်လည်း စစ်ကောင်စီ တပ်စခန်းများကို ထိုစစ်ဆင်တိုက်ခိုက်ခြင်းများ ရှိလာနေသည်။