- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အမ်း - မင်းဘူးကာလမ်း ရခိုင်ရိုးမရှိ စစ်ကောင်စီ စခန်းများကို AA ထိုးစစ်ဆင်နေ
အမ်း - မင်းဘူးလမ်းပိုင်း မကွေးတိုင်းအစပ် ရခိုင်ရိုးမတောင်ကုန်းများတွင် တပ်စွဲနေထိုင်လျက်ရှိသည့် စစ်ကောင်စီတပ် စခန်းများကို အာရက္ခတပ်တော် (AA) က ယခုလ အစပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း သိရသည်။
07 Jan 2025
DMG ၊ ဇန်နဝါရီ ၇
အမ်း - မင်းဘူးလမ်းပိုင်း မကွေးတိုင်းအစပ် ရခိုင်ရိုးမတောင်ကုန်းများတွင် တပ်စွဲနေထိုင်လျက်ရှိသည့် စစ်ကောင်စီတပ် စခန်းများကို အာရက္ခတပ်တော် (AA) က ယခုလ အစပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း သိရသည်။
ယမန်နေ့ (ဇန်နဝါရီ ၆) တွင်လည်း အမ်း- မင်းဘူးလမ်းပိုင်ရှိ စစ်ကောင်စီ၏ တောင်စောက်စခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
“တောင်စောက်နဲ့ င/ပြယ် ကြားတိုက်ပွဲဖြစ်ပြီးနောက် တောင်စောက်တပ်စခန်းကို သိမ်းပိုက် ထားတယ်လို့ သိရပါတယ်” ဟု စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောသည်။
အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို ၂၀၂၄၊ ဒီ ဇင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ပြီး အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်ခဲ့သည်။ ယင်းနောက်ပိုင်း မကွေးတိုင်း နှင့် ထိစပ်နေသည့် ရခိုင်ရိုးမပေါ်ရှိ စစ်ကောင်စီ တပ်စခန်းများကို လိုက်လံရှင်းလင်း လာခြင်းဖြစ်သည်။
တိုက်ပွဲများကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်း သိရသည်။
စစ်ကောင်စီသည် အမ်း - မင်းဘူးလမ်းတလျောက်တွင်ရှိသည့် င/ပြယ်၊ ကြက်ရေစမ်း၊ ကံမြင်ကန်၊ ပိန်းရေစမ်းစသည့် ကျေးရွာများရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် တပ်စွဲနေထိုင်လျက် ရှိကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
“နပခ သိမ်းပြီးနောက်ပိုင်းမှာတော့ အဲဒီလမ်းတလျောက်မှာရှိတဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းနဲ့ အနီးအနား တွေ မှာတပ်စွဲနေထိုင်တာရှိပါတယ်” ဟု အရှို - ချင်းကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းအပြင် စစ်ကောင်စီက ကံမြင်ကန်ဂိတ် (ရခိုင် - မကွေးနယ်ခြားဂိတ်)၊ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ် စသည့်နေရာများတွင်လည်း အင်အားဖြည့် ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစခန်းများသည် အမ်း နပခ ကို ပြည်လည်ထိုးစစ်ဆင်ရန်နှင့် စစ်ကောင်စီ၏ အသက်သွေးကြောဖြစ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၁၅ ခုအထိတည်ရှိရာ မကွေးတိုင်းအတွက် ကာကင်စခန်းအဖြစ် အသုံးပြုရန်ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်သည် မကွေးတိုင်းနှင့်နယ်နိမိတ် ထိစပ်နေသောကြောင်း ကာကွယ်ရေးပစ္စည်းစက်ရုံရှိသည့် ဧရာဝတီအနောက်ဘက်ခြမ်းသို့ ထိုးဖောက်ဝင်ရောက်ရန် အရွေ့ဖြစ်လာ ကြောင်း စစ်ရေးလေ့လာသူများက ပြောဆိုကြသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုတပ်များ ရခိုင်ရိုးမတကြော စစ်ရေးလှုပ်ရှားမှုများရှိနေပြီး ယင်းမှ တစ်ဆင့် မကွေး၊ ပဲခူး၊ ဧရာဝတီ စသည့် မြေပြန့်ဒေသများကို စစ်မျက်နှာဖွင့်ရန် ပြင်ဆင်နေသောကြောင့် စစ်ကောင်စီ၏ ကပစ စက်ရုံများမှာ စိုးရိမ်စရာဖြစ်လာသည်။