- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ရိုးမတောင်ပေါ်က စစ်ဘေးရှောင်များ အရေးပေါ် အကူအညီများ လိုအပ်နေ
အမ်း - မင်းဘူးကားလမ်း ရခိုင်ရိုးမတောင်ပေါ်ရှိ ချင်းလူမျိုး ကျေးရွာ ၁၀ ခန့်က ထောင်နှင့်ချီသည့် စစ်ဘေးရှောင်များမှာ လတ်တလောတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားအရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။
18 Jan 2025

DMG ၊ ဇန်နဝါရီ ၁၈
အမ်း - မင်းဘူးကားလမ်း ရခိုင်ရိုးမတောင်ပေါ်ရှိ ချင်းလူမျိုး ကျေးရွာ ၁၀ ခန့်က ထောင်နှင့်ချီသည့် စစ်ဘေးရှောင်များမှာ လတ်တလောတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနှင့် အခြားအရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ ပတ်ကွေ့၊ ဆင်းခုံတိုင်၊ ငပြယ်၊ ကြက်ရေစမ်း ၊ ပိန်းရေစမ်းနှင့် ကံမြင့်ကန် စသည့် ကျေးရွာများမှ ဖြစ်ကြသည်။
“ဒေသခံတွေကတော့ အရင်တုန်းက (အမ်း နပခတိုက်ပွဲ) နေထွက် ပြေးနေကြတာရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းက ရိုးမတောင်ပေါ်က စခန်းသိမ်းတိုက်ပွဲတွေကြောင်း ထွက်ပြေးသူပိုပြီးများ လာတာဖြစ်တယ်။ သူတို့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အခြားအကူညီတွေ အရေးပေါ်လိုအပ်နေတာ ” ဟု အဆိုပါ အခြေအနေကိုသိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုက်ပွဲပြင်းချိန် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသူများနှင့် ပြီးခဲ့သည့် ဇန်နဝါရီ ပထမအပတ်တွင် ဖြစ်ပွားခဲ့သည့် တောင်စောက်နှင့် အခြားစခန်းသိမ်းတိုက်ပွဲများကြောင့် တိမ်းရှောင်နေကြခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ဘေးရှောင်များမှာ ကျေးရွာအနီးအနားရှိ တောတောင်များနှင့် အခြား ဘေးလွတ်ရာကျေး ရွာများတွင် အုပ်စုလိုက်ခိုလှုံနေကြပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးလိုအပ်ချက်များ ရှိနေခြင်းဖြစ်သည်။
လက်ရှိတွင် ဆောင်းရာသီဖြစ်သဖြင့် စစ်ဘေးရှောင်းများအတွက် စောင်နှင့်အဝတ်အထည်အပါဝင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိသည်။
“ဒီစစ်ဘေးရှောင်တွေဟာ တောတောင်ထဲမှာနေတော့ အကူအညီအထောက်ပံ့တွေ မရရှိကြဘူး။ နောက်ပြီးတော့ စစ်ရေးနယ်မြေဖြစ်တာကြောင့် ဘယ်အဖွဲ့ကမှ စာရင်းကောက်ယူပြီး ထောက်ပံ့ပေးတာ မရှိကြဘူး။ ဒါကြောင့် ပိုပြီး ဒုက္ခရောက်ကြတယ်” ဟု စစ်ဘေးရှောင် အခြေအနေသိရှိသူ နောက်တစ်ဦးက ပြောသည်။
အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို ၂၀၂၄၊ ဒီ ဇင်ဘာ ၂၀ တွင် သိမ်းပိုက်ပြီး အမ်းမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ထားသည်။
လက်ရှိ ရခိုင်ပြည်အတွင်း စစ်ဘေးရှောင် ၈ သိန်းနီးပါးအထိရှိနေပြီး နိုင်ငံတကာနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အကူအညီထောက်ပံ့မှု အားနည်းနေသဖြင့် ဒုက္ခမျိုးစုံနှင့် ကြုံနေကြရသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေမှုနှင့်အတူ ထိခိုက်သေဆုံးမှုများလည်း မြင့်တက်လာနေသဖြင့် စစ်ဘေးရှောင်များအတွက် လေကြောင်းအန္တရာယ်ကို ပါ စိုးရိမ်ထိတ်လန့်နေကြသည်။