ချင်း နှင့် ရခိုင် စားပွဲထိုင်ရမည်

 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပလက်ဝမြို့နယ် တစ်ခုလုံးကို AA က သိမ်းပိုက်ခဲ့ပြီးနောက် ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်သည့် ချင်းလဲန်းကောင်စီ(CC)နှင့် ၎င်းတို့အား ထောက်ခံသူများသည် ပလက်ဝအရေးနှင့်ပတ်သက်၍ စိုးရိမ်မှုမြင့်တက်လာခဲ့သည်။

By Admin 23 Sep 2024

ချင်း နှင့် ရခိုင် စားပွဲထိုင်ရမည်

အောင်သူရ - ရေးသည်

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် အာရက္ခတပ်တော်(AA)၏ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့် မြို့နယ်ဖြစ်သည်။ ထိုသို့ ပလက်ဝကို သိမ်းပိုက်မှု၏ အခြားတစ်ဖက်တွင် ချင်းညီနောင်(CB) အင်အားကောင်းလာပြီး ချင်းလဲန်ကောင်စီ(CC)နှင့် မိတ်ဖက်ချင်းအဖွဲ့များ က အာရက္ခတပ်တော်အား တိုက်ခိုက်မှုမျိုးစုံဖြင့် ပြုလုပ်လာသည်ကို တွေ့ရသည်။

AA က ချင်းညီနောင်အဖွဲ့ကို ကူညီနေခြင်းအပေါ် ရပ်တန့်ပေးဖို့၊ ပလက်ဝနှင့် ချင်းပြည်နယ်က ထွက်ခွာရန် ထုတ်ပြန်ခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်း၊ စစ်ရေးအရတိုက်ခိုက်ခြင်း၊ လူထုအထင်လွှဲမှားရန် ဝါဒဖြန့်ခြင်း၊ ကုန်သွယ်ရေးပိတ်ဆို့ခြင်း စသည်တို့ကို ဆက်တိုက်ပြုလုပ်လာသည်။ ထိုလုပ်ဆောင်ချက်များသည် ရခိုင်နှင့် ချင်းလူမျိုးကြား သဟဇာတဖြစ်ရေးကို သွေဖယ်ပြီး၊ ပဋိပက္ခများဖြစ်ပွားအောင် ဦးတည်လာသည့် အခြေအနေကို တွေ့လာရသည်။

ပလက်ဝတိုက်ပွဲအပြီး CC စိုးရိမ်မှုမြင့်တက်

ပလက်ဝမြို့နယ်သည့် AA အတွက် စစ်ရေးပိုင်းတွင် အရေးပါခဲ့ပြီး ၂၀၁၅ ခုနှစ် အစောပိုင်းကပင် ပလက်ဝနှင့် ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် အခြေချပြီး စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ပလက်ဝတွင် AA ဝင်ရောက်ပြီး အခြေချချိန်သည် ချင်းလက်နက်ကိုင်တပ်ဖွဲ့ ချင်းအမျိုးသားတပ်ဦး (CNF) မှာ အစိုးရနှင့် မြန်မာစစ်တပ်၏ အသိမှတ်ပြုမှုကို ခံရဖို့အတွက် NCA လက်မှတ်ရေးထိုးဖို့ ကြိုးစားနေချိန်ဖြစ်၍ ကန့်ကွက်မှုများ မရှိခဲ့ကြပေ။ 

ယင်းနောက် ၂၀၁၅ ခုနှစ်ကစပြီး AA နှင့် စစ်ကောင်စီတို့အကြား ပလက်ဝမြို့ နယ်နှင့် ကျောက်တော်မြို့နယ်တို့တွင် တိုက်ပွဲတချို့ စတင်ခဲ့သည်။ ထိုစဉ်ကတည်းက ပလက်ဝမြို့နယ်သည် AA ၏ စစ်ရေးအခြေကုတ်ယူထားသည့် နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ 

လက်ရှိ ၁၀၂၇ စစ်ဆင်ရေးနှင့် အတူစတင်လာသည့် ရခိုင်ပြည်သိမ်းတိုက်ပွဲတွင်လည်း ပလက်ဝသည် စစ်ရေးအရ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာသည်။ ထိုကြောင့် ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် နောက်ပိုင်း စစ်ရေးဗျူဟာအရ အရေးပါသည့် တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာတို့ကို AA က လနှင့်ချီအောင် တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ထပ်ဗျူဟာကုန်း၊ တပ်ရင်း၊ တပ်စခန်းအားလုံးကို ဆက်တိုက် သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပလက်ဝမြို့နယ် တစ်ခုလုံးကို AA က သိမ်းပိုက်နိုင်ခဲ့သည်။ ထိုအချိန်တွင် ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်သည့် ချင်းလဲန်းကောင်စီ(CC)နှင့် ၎င်းတို့အား ထောက်ခံသူများသည် ပလက်ဝအရေးနှင့်ပတ်သက်၍ စိုးရိမ်မှုမြင့်တက်လာသည်ကို တွေ့ရသည်။

ကုန်တွင်းပိတ် တောင်တန်းဒေသဖြစ်သည့် ချင်းပြည်နယ်တွင် မြို့နယ် ၉ ခုရှိသည့်အထဲ ပလက်ဝတစ်ခုတည်းသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဇုန်ထဲမှာ ပါရှိနေခြင်းဖြစ်ပြီး ကုလားတန်စီမံကိန်းကြောင့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ မျှော်လင့်ချက် အရှိဆုံးမြို့ဖြစ်သည်။ ထိုကြောင့် ချင်းအင်အားစုများက ပလက်ဝကို လက်လွှတ်ရမည်ကို စိုးရိမ်ပြီးကြပြီး AA ကို ပလက်ဝဒေသက ထွက်ခွာဖို့ တောင်းဆိုလာကြခြင်းဖြစ်သည်။

ပလက်ဝတွင် AA သည် ဒေသခံများပါဝင်သည့် အုပ်ချုပ်ရေးကို ဖော်ဆောင်ထားပြီး ယခုအချိန်တွင် ပလက်ဝဒေသကို မည်သည့်အဖွဲ့အစည်းလက်အောက်တွင် ရှိခြင်း၊ မရှိခြင်းထက် ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင် ပြုတ်ကျရေးကသာ အရေးအကြီးဆုံးဖြစ်ကြောင်း မတ်လ ၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောခဲ့သည်။

ထို့ကြောင့် ချင်းလဲန်းကောင်စီအနေဖြင့် ပလက်ဝကို ထိန်းချုပ်ထားသည့် AA အပေါ် တိုက်ခိုက်နေခြင်းထက် စစ်ကောင်စီကို ချင်းပြည်နယ်အတွင်းမှ အပြီးတိုင်တိုက်ထုတ်ပြီး တော်လှန်ရေးပြီးဆုံးချိန်တွင် ပလက်ဝအရေးကို စားပွဲဝိုင်းထိုင် ဆွေးနွေးအဖြေရှာသင့်သည်ဟု မြင်သည်။

တစ်ဖက်တွင်လည်း ပလက်ဝဒေသဟု ဆိုလိုက်သည်နှင့် ရခိုင်နှင့် ချင်းလူမျိုးများကြားတွင် နယ်မြေအငြင်းပွားမှု အမြဲရှိသည့်နေရာဖြစ်သည်။ အိန္ဒိယနယ်စပ်တွင် တည်ရှိသည့် ပလက်ဝမြို့နယ်ရှိ ဥဿလင်းစေတီမှာ ရခိုင်ပြည်၏ ပိုင်နက်အဆုံးဖြစ်ကြောင်း ရခိုင်သမိုင်းမှတ်တမ်းများတွင် အခိုင်အမာ ရေးသားထားသည်။ 

ရခိုင်ဘုရင်များ အဆက်ဆက်ကနေ  လွတ်လပ်ရေးခေတ်အထိ ပလက်ဝဒေသသည် ရခိုင်နယ်နိမိတ်တွင် ပါဝင်ပြီး စစ်တွေခရိုင်အတွင်း ရှိခဲ့သည်။ သို့သော်လည်း လွတ်လပ်ရေးရပြီးနောက် ၁၉၆၀ ခုနှစ်တွင် စစ်ခေါင်းဆောင် ဗိုလ်နေဝင်းက ပလက်ဝကို ချင်းဝိသေသတိုင်းတွင် ထည့်သွင်းခဲ့ပြီး ချင်းပြည်နယ်၏ အစိတ်အပိုင်း ဖြစ်လာသည်။ ပလက်ဝမြို့နယ်တွင် ခူမီး(ချင်း)လူမျိုး ၆၀ ရာခိုင်နှုန်း၊ ရခိုင်နှင့် တခြားလူမျိုး ၄၀ ရာခိုင်နှုန်း နေထိုင်ကြပြီး  အများသုံး (ဘုံ) ဘာသာစကားမှာ ရခိုင်စကားဖြစ်သည်။ 

CNF ၏ စစ်ရေး၊ နိုင်ငံရေး လောဘ

လတ်တလော ချင်းတော်လှန်ရေးတွင် အုပ်စုနှစ်ခုကို တွေ့ရသည်။ CNF ဦးဆောင်သည့်အဖွဲ့နှင့် CB ဦးဆောင်သည့် အဖွဲ့ဖြစ်သည်။ CB တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ (တပ်မဟာ- ၁) တို့ ပါဝင်သည်။

ချင်းအမျိုးသားတပ်ဦး(CNF) သည် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ချင်းလက်နက်ကိုင်တပ်များကို သူတို့ထိန်းချုပ်မှုအောက်တွင် ရှိစေချင်ခဲ့သည်။ ထို့ကြောင့် ချင်းလက်နက်ကိုင်တပ်များကို တခြားအင်အားစုများ အနေဖြင့် စစ်သင်တန်းပေးခြင်း၊ လက်နက်ရောင်းချခြင်း မလုပ်ဖို့အတွက် CNF က တားမြစ်မှုများရှိနေသည်။ 

ထို့ကြောင့် ချင်းလူငယ်များက အာရက္ခတပ်တော်နှင့် ဆက်သွယ်ပြီး မဟာမိတ်ဆက်ဆံရေး တည်ဆောက်ကာ လက်နက်နှင့် နည်းပညာ စသည့် စစ်ရေးအကူအညီများ ရယူခဲ့သည်။ ဤသည်မှာ CC အင် အားစုများအတွက် စိုးရိမ်စရာဖြစ်လာသည်။ အထူးသဖြင့် မတူပီမြို့ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်လိုက်ခြင်းက ချင်းလဲန်းကောင်စီ(CC) အတွက် ပိုပြီး စိုးရိမ်စရာဖြစ်လာခဲ့သည်။

ချင်းပြည်နယ်တွင် ချင်းညီနောင်(CB)အဖွဲ့၏ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာမည်ကို ချင်းလဲန်းကောင်စီက အထူးစိုးရိမ်လာသဖြင့် CB နှင့် မဟာမိတ်ဆက်ဆံရေးရှိသည့် AA ကို ချင်းပြည်တော်လှန်ရေးမှ ထွက်ခွာပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေခြင်းဖြစ်သည်ဟု သုံးသပ်၍ ရရှိသည်။

ပလက်ဝအရေးနှင့် AA ပေါ် ထိုးနှက်ချက်များ

AA သည် ပလက်ဝဒေသကို သိမ်းပိုက်လိုက်ချိန်မှစ၍ ချင်းအမျိုးသားတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ပလက်ဝကို ၎င်းတို့ထိန်းချုပ်မှုအောက်က ကင်းလွတ်သွားမည်ကို အထူးစိုးရိမ်မှုရှိလာကြသည်။ 

ထို့အပြင် ချင်းညီနောင် အင်အားကြီးထွားလာခြင်းက  ချင်းလဲန်းကောင်စီအပေါ် တစ်ပူပေါ်နှစ်ပူဆင့်စေပြီး ချင်းလဲန်းကောင်စီ အင်အားစုများက AA ကို ချင်းပြည်နယ်မှ ထွက်ခွာဖို့၊ ချင်းတော်လှန်ရေးမှ ထွက်ခွာဖို့၊ ချင်းညီနောင်ကို ကူညီခြင်းရပ်တန့်ဖို့အတွက် ထုတ်ပြန်ခြင်းများ၊ ဆန္ဒပြမှုများ ရှိခဲ့သည်။

ပလက်ဝမြို့နယ်မှ နိုင်ငံတကာရောက် ခူမီး(ချင်း)များ၊ ချင်းပြည်အတွင်း အခြေစိုက်သည့် ချင်းအမျိုးသားတပ်ဦး(CNF/CNA) လက်အောက်ခံတပ်များ၊ ချင်းပြည်နယ်အစိုးရဟု ဖွဲ့စည်းထားသည့် ချင်းလဲန်းကောင်စီ(CC)နှင့် နိုင်ငံတကာရောက် ချင်းလဲန်းကောင်စီမိတ်ဖက် ချင်းအဖွဲ့အစည်းများက AA ကို ထိုးနှက်တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။ 

ထို့အပြင် AA အား နိုင်ငံရေးသိက္ခာအရ ညိုးနွမ်းစေသည့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည်ဟု စွပ်စွဲချက်များ၊ မူးယစ်ဆေးဝါးနှင့် စွပ်စွဲချက်များအပြင် နိုင်ငံရေးဆိုင်ရာ အောက်လုံးများဖြင့် တိုက်ခိုက်ခြင်းများလည်း ရှိခဲ့သည်။ ချင်းလဲန်းကောင်စီက ဖမ်းဆီးထားသည့် AA တပ်ဖွဲ့ဝင်နှစ်ဦးကို စစ်သုံ့ပန်းဟုသုံးနှုန်းပြီး AA အပေါ် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် အသုံးအနှုန်းများ ပြောခိုင်းထားသည့် ရုပ်သံဖိုင်ကို CNF က ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။

ဤသည်မှာ အိမ်နီးချင်းတော်လှန်ရေးအဖွဲ့များ သင့်မြတ်ရေးထက် ဆက်ဆံရေးတင်းမာမှုဖက်ကို ရောက်ရှိစေပြီး လုပ်ကြံပြောဆိုခိုင်းမှုများ ဖြစ်သဖြင့် CNF အနေဖြင့် တာဝန်ခံရမည်ဟု ဦးခိုင်သုခက တုံ့ပြန်သည်။ တိုက်ခိုက်မှုများ၊ စွပ်စွဲမှုများကို AA က တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိဘဲ ပြဿနာကို ပြေလည်အောင်ဖြေရှင်းမည်ဟု ပြောဆိုခြင်းက အိမ်နီးနားချင်းများအကြား ပြဿနာကြီးထွားမှုကို မလိုလားပုံပေါ်သည်။

စီးပွားရေးပိတ်ဆို့ရန် ကြိုးစားခြင်း 

ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတို့ အပြိုင်အဆိုင်ဆင်နွဲခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်ဖက်မှ AA ပါဝင်တိုက်ခိုက်ခြင်းကို ချင်းလဲန်းကောင်စီဖက်က သဘောမကျပေ။ ယင်းနောက် CNF သည် ၎င်းတို့ကို ထောက်ခံသည့် အိန္ဒိယနိုင်ငံ လောင်တလိုင်အခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA)ကို ရခိုင်ဒေသအား ကုန်သွယ်ရေးပိတ်ဆို့ဖို့ စီစဉ်ခဲ့ကြောင်း ချင်းလူငယ်များက ထုတ်ပြောလာသည်။

ယင်းနောက် CYLA သည် ချင်းပြည်နယ်အတွင်း တိုက်ပွဲများတွင် AA ပါဝင်နေသည်ကို အကြောင်းပြပြီး ဇွန်လ ၂၄ ရက်နေ့တွင် အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးကို ပိတ်ပင်ခဲ့သည်။ ထိုလုပ်ရပ်မှာ CYLA အနေဖြင့် မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွပ်ဖက်ခြင်းဖြစ်ကြောင်း AA က ဆိုသည်။

CYLA ဖက်က သူတို့၏ဩဇာကို ထုတ်ဖော်ပြသရန် ကြိုးစားခဲ့မှုများရှိခဲ့သော်လည်း AA က အရပ်ဖက်အဖွဲ့တစ်ခုနှင့် ညှိနှိုင်းရန် ဆန္ဒမရှိဘဲ ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ပေးဖို့ အိန္ဒိယအစိုးရနှင့် တိုက်ရိုက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့နောက် မီဇိုရမ်အစိုးရနှင့် တခြားချင်းမျိုးနွယ်စုများ၏ ဖိအားပေးမှုများကြောင်း မီဇိုရမ်ပြည်နယ်မှ စက်သုံးဆီ၊ ဆေးဝါးနှင့် ဓာတ်မြေဩဇာကလွဲ၍ ကုန်ပစ္စည်းများ ကုန်သွယ်ခွင့်ကို ဇူလိုင်လ ၁၉ ရက်မှာ ပြန်လည်ခွင့်ပြုခဲ့သည်။
ဤကုန်သွယ်ရေး လမ်းကြောင်းပိတ်ဆို့ခြင်းမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းမှာပါ မတူညီသည့် ချင်းမျိုးနွယ်စုများအကြား အဖုအထိုက်များ ဖြစ်ပွားခဲ့ကြပြီး အိန္ဒိယအစိုးရက သတိပေးရသည့် အဆင့်အထိ ရှိခဲ့သည်ဟု ချင်းတော်လှန်ရေးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။

ရခိုင်နှင့် ချင်း ပထဝီဆက်စပ်မှု

ရခိုင်ပြည်နှင့် ချင်းပြည်သည် ပထဝီအနေအထားအရ နယ်မြေထိစပ်ပြီး ချင်းပြည်ထဲတွင် ရခိုင်များနေထိုင်ကြသလို ရခိုင်ပြည်ထဲတွင်လည်း ချင်းလူမျိုး ၂ သိန်းကျော် ရှိနေသည်။ တော်လှန်ရေးအလွန်တွင် ချင်းပြည်နယ်၏ စီးပွားရေးအရ ပင်လယ်ထွက်ပေါက်လမ်းကြောင်းသည် ရခိုင်ပြည်ကတစ်ဆင့်ရရှိနိုင်သည်။ ယင်းကြောင့် ရခိုင်လူမျိုးနှင့် ချင်းလူမျိုးကြား သင့်တင့်အောင် ပေါင်းသင်းနိုင်ကြလျှင် ကုန်သွယ်ရေး၊ စီးပွားရေးမှာပါ  ချင်းပြည်အတွက် များစွာအထောက်အကူပြုနိုင်သည်ကို ချင်းခေါင်းဆောင်များအနေဖြင့် အထူးသတိချပ်သင့်သည်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့သည့် မီဇိုရမ်ဝန်ကြီးချုပ်နှင့် ချင်းလူထုများ တွေ့ဆုံစဉ် ချင်းအင်အားစုများအနေဖြင့် AA ကို ရန်သူသဖွယ် ဆက်ဆံခြင်းထက် မိတ်ဆွေဖွဲ့ရေးကိုသာ တိုက်တွန်းခဲ့သည်ကို ကြည့်ခြင်းဖြင့် အိမ်နီးနားချင်းလူမျိုးများကြားမှာ ညီအစ်ကိုဆက်ဆံရေးကို တည်ဆောက်ပြီး ဖွံ့ဖြိုးတက်တိုးနိုင်မည့် နည်းလမ်းကိုသာ အကြံပြုချက်ပေးခြင်း ဖြစ်သည်။

ထို့ကြောင့် CNF ဦးဆောင်သည့် ချင်းလဲန်းကောင်စီအနေဖြင့် တော်လှန်ရေးတွင် မုန်းတီးရေးဝါဒဖြန့်မှုများသည့် အိမ်နီးချင်းပြည်နယ်နှစ်ခုမှာ မှီတင်းနေထိုင်ကြသည့် လူမျိုးစုများ၏ အနာဂတ်အတွက် ကောင်းမွန်သည့် လက္ခဏာ မဟုတ်ဘဲ လူမျိုးရေး မုန်းတီးရေးဖက်ကိုသာ သွားလာနေသည်ကို အထူးသတိပြုရမည်လည်း ဖြစ်သည်။

အချုပ်အားဖြင့် ချင်းလဲန်းကောင်စီ (CC) အနေဖြင့် တော်လှန်ရေးတွင် အချင်းချင်းတိုက်ခိုက်နေခြင်းထက် ဘုံရန်သူ စစ်ကောင်စီကို အတူတိုက်ထုတ်ပြီး လူမျိုးစုနှစ်ခုကြားမှာ အနာဂတ် သင့်မြတ်နေထိုင်ရေးကို တွေ့ဆုံ ဆွေးနွေးရေးနှင့် ကွဲပြဲနေသည့် ချင်းတော်လှန်ရေး ပေါင်းစည်းနိုင်ဖို့ကိုသာ ဦးစားပေးလုပ်သင့်သည်။