ပင်လယ်တံတိုင်းများ ထပ်မံ မပြိုလဲလိုတော့ပါ
စီမံကိန်းကြီးများတည်ဆောက်ခြင်း၏ ဆိုးကျိုးအဖြစ် သံဇစ်မြစ်နှင့် ပင်လယ်ကမ်းရိုးတန်း ဒေသခံ တို့အတွက် ဘဘာဝဘေးအန္တရာယ်နှင့် စားဝတ်နေရေး ဖုံလှုံမှုကို အထောက်ကူပြနေသော အစိမ်းရောင်တံတိုင်း ကြီးများ(သို့မဟုတ်) ဒီရေတောများ ထပ်မံပြိုလဲလာမည်ကို ကျောက်ဖြူဒေသခံများ စိုးရိမ်နေကြသည်။
28 Sep 2024
ခိုင်ရိုးလ - ရေးသည်။
လူနှစ်ရပ်စာအမြင့်ရှိသည့် သံဆူးကြိုးတံတိုင်းများ ကာရံထားသည့် တားမြစ်နယ်မြေ ဧရိယာထဲတွင် ဧရာမသိုလှောင်ကန်များ၊ သံထည်အဆောက်အအုံ၊ ရှည်လျားသည့် ကရိန်းတံများဖြင့် အလုပ်လုပ်သံ စက်သံများကို ကြား နေရသည်။ ထို့အတူ မြစ်ကမ်းတဝိုက်တွင်လည်း ပင်လယ်ကူးသင်္ဘောကြီးများ ရပ်နားခြင်း၊ လှုပ်ရှားသွားလာ နေခြင်းများ ရှိနေသည်။
“ ဒီစီမံကိန်းရဲ့ ဆိုးကျိုးတွေကြောင့် ဒီရေတောတွေ ဆုံးရှုံး။ ဒီတောကို အမှီပြုပြီးနေကြတဲ့ ရေသယံဇာတတွေ ရှား ပါးသွားတယ်။ ကျနော်တို့ရဲ့ နစ်နာမှုကို ဘာနဲ့ တာဝန်ယူ အစားထိုးမလဲ ” ဟု အသက် ၄၀ အရွယ် အမည်လွှဲ ဦးကျော်ကျော်က မေးခွန်းထုတ်လာသည်။
ဦးကျော်ကျော်သည် တရုတ်စီမံကိန်းကြီးတည်ရှိရာ ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဇာတိဖြစ်ပြီး ပင်လယ်ကမ်းစပ် နှင့် ဒီရေတောကို အမှီပြုပြီး မိသားစုဝမ်းရေးကို ဖြေရှင်းနေသူ တစ်ဦးဖြစ်သည်။
ကျောက်ဖြူ ဒေသခံများမှာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်ရာ ဒီရေတောများ ပြုန်းတီးသွားသဖြင့် လူမှုစီးပွားဘဝများ နစ်နာမှုအကြောင်းကို ပြောပြနေခြင်းဖြစ်သည်။ အဓိက အကြောင်းအရင်းမှာ တရုတ် ရေနံတင်ဆိပ်ကမ်း ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့်လည်း ဒုက္ခရောက်နေရခြင်းဟု ဆိုသည်။
ကျောက်ဖြူမြို့နယ်တွင် တရုတ်စီမံကိန်းများ မစတင်ခင်ကာလက မဒေးကျွန်းနှင့် အနီးနားကျေးရွာ ၃၀ ကျော်က ဒေသခံများမှာ ဒီရေတောကို မှီခိုပြီး တပိုင်တနိုင် ငါးရှာ၊ ကဏန်းဖမ်း၊ ခရုကောက်စသည့် အလုပ်မျိုးစုံနှင့် မိသားစု ဝမ်းရေးဖြေရှင်းနိုင်ခဲ့ကြသည်။
သို့သော် ပြီးခဲ့သည့် ဆယ်စုနှစ်ကျော် ကာလကစပြီး ကျေးရွာအနီးက ဒီရေတော၊ မြစ်ချောင်း၊ အင်းအိုင်များများမှာ တရုတ် စီမံကိန်းဧရိယာထဲမှာ ပါခဲ့ရပြီး ဒေသခံများကို အဆိုပါနေရာ အနီးနားသို့ သွားလာခွင့်ကန့်သတ်ခံထား ရသည်မှာ ယနေ့ထိဖြစ်နေသည်။
“စီမံကိန်းတွေ စလုပ်လာတဲ့အချိန်နဲ့ ရေနံတင်သင်္ဘောတွေ အဝင်အထွက်ရှိလာတဲ့နောက်ပိုင်းမှာ လုံးဝကို ငါးမ ဖမ်းရ၊ တောထဲမဝင်ရတဲ့ အနေအထားရောက်သွားတယ်။ အခုလည်း ဒီအတိုင်းပဲ ” ဟု ဦးကျော်ကျော်ကပြောပြ သည်။
ယခုတွင်လည်း ဇူလိုင်လကနေ စက်တင်ဘာလကုန်အထိ တရုတ်ရေနံတင်သင်္ဘောများ လွယ်ကူစွာဝင်ထွက်သွား ရန်နှင့် သံဇစ်မြစ်ကြောင်း ရှင်းလင်းရေး လုပ်ငန်းများလုပ်မည်ဟုဆိုကာ အနီးနားကျေးရွာသားများ စက်လှေများ ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းခြင်းများကို တားမြစ်ထားသည်။
စီမံကိန်းတည်ရှိရာ အနီးနားက မြို့ချောင်းကျွန်း၊ ကြိမ်ချောင်း၊ သစ်ပုတ်တောင်၊ စသည့်ကျေးရွာများတွင် ရွာသား ၁၀၀ ဦးတွင် ၉၀ က ရေလုပ်ငန်း၊ ဒီရေတောများကို မှီခိုပြီး ဝမ်းစာရှာကြသည်။ အဆိုပါ ဒေသတွင် တရုတ်စီမံ ကိန်းမစခင် ကာလက ဒီရေတောများဖြင့် သဘာဝမြစ်ချောင်းများတွင် သယံဇာတများ စားမကုန်ရှိခဲ့လည်း ယခု အခါ သိသိသာသာ လျော့ကျသွားကြောင်း ပြောဆိုကြသည်။
ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန၏ ၂၀၁၅ မှ ၂၀၂၀ အထိ ကောက်ယူထားသော စာရင်းများအရ ကျောက်ဖြူ ခရိုင်တွင် ၁၈၃,၆၆၀ ဧကမှ ၁၃၂,၄၀၅ ဧက သာရှိတော့ကြောင်း သိရသည်။ အဆိုပါအချက်မှာ လယ်သမားများနှင့် တံငါသည်များအပြင် ၎င်းတို့၏ လူမှုစီးပွားနိမ့်ကျသော အခြေအနေနှင့်အတူ ကလေးများ ပညာရေးပါ ထိခိုက်စေ ပြီး အားကောင်းမောင်းသန်လူငယ်၊ လူလတ်များမှာလည်း နိုင်ငံရပ်ခြားသို့ ရွေ့ပြောင်းအလုပ် လုပ်ကိုင်နေရသည်။
“ရွာမှာက လုပ်စားစရာနေရာ ကျဉ်းမြောင်းလာတော့ လူငယ်တွေက မနေချင်ကြတော့ဘူး။ ထိုင်း၊ မလေးရှား၊ တရုတ်နိုင်ငံတို့ကို ထွက်သွားကြရတာ ” ဟု မဒေးကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
တရုတ်ပိုက်လိုင်း အကျိုးအမြတ် ခံစားနေသူတွေ
“ တရုတ်ပိုက်လိုင်း ” ဟု လူသိများသည့် ရေနံပိုက်လိုင်းသည် အိန္ဒိယသမုဒ္ဒရာသို့ ချိတ်ဆက်ပြီး ကျောက်ဖြူမြို့ နယ် မဒေးကျွန်းတွင် အစပြုပြီး တရုတ်နိုင်ငံ ကူမင်းမြို့သို့သွယ်တန်းထားသည်။ ပိုက်လိုင်းသည် ၇၇၁ ကီလိုမီတာ (မိုင် ၄၈၀) ရှည်လျားပြီး စီမံကိန်းကနေ ၂၀၁၃ ခုနှစ်မှ စတင်ကာ ခေတ်အဆက်ဆက်အစိုးရ နိုင်ငံခြား၀င်ငွေ များ စွာဖန်တီးစေပြီး ယနေ့ စစ်ခေါင်းဆောင်များလည်း အကျိုးအမြတ် ခံစားနေသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ အချက်အလက်များအရ ရေနံပိုက် လိုင်းစီမံကိန်းမှာ တစ်နှစ်လျှင် ရေနံတန်ချိန် ၂၂ သန်း တင်ပို့ရန် မျှော်လင့်ထားသည်။ ယနေ့ထိ နေ့စဉ်ရေနံစိမ်း တန်ချိန် ၁၆,၀၀၀ ကျော်တင်ပို့လျက်ရှိပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ နေ့စဉ်သဘာဝဓာတ်ငွေ့ကုဗ သန်း ၄၀၀ ကို ပို့လွှတ်လျက်ရှိသည်။
၂၀၁၈- ၁၉ ခုနှစ်တွင် ဓာတ်ငွေ့တင်ပို့သော ပိုက်လိုင်းစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၉၆၅ သန်းနှင့် ရေ နံပိုက်လိုင်းစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၁၇၄ သန်း၊ ပေါင်း အမေရိကန်ဒေါ်လာ ၁၀၇ သန်းကျော် မြန်မာက ရရှိခဲ့ကြောင်း စီမံကိန်း အစီရင်ခံများတွင် ဖော်ပြသည်။ ထို့အတူ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှု (Blood Money) အဖွဲ့၏ အဆိုအရ အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍမှ ဒေါ် လာ ၂ ဒသမ ၂၅ ဘီလီယံကို စစ်ကောင်စီက ဝင်ငွေရရှိခဲ့ကြောင်း ဆိုသည်။
ရခိုင်တွင် အစတည်လာသည့် ယင်းစီမံကိန်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်၊ ကူမင်းကျောက်ဖြူ ရထား လမ်း ကုန်သွယ်မှု စင်္ကြံလမ်း စီမံကိန်းများအတွက် ဆက်လက် လမ်းခင်းပေးနေသည်။
ထို့အတူ ဇွန်လကလည်း တရုတ်သံအရာရှိအဖွဲ့သည် မဒေးကျွန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း များနှင့် SEZ အကောင်ထည်ဖော်ရန် မြေပြင်ကွင်းဆင်းသွားရောက် စစ်ဆေးခဲ့ပြီး အဆိုပါ စီမံကိန်းများကို အကာ ကွယ်ပေးရန် စစ်ကောင်စီထံ တောင်းဆိုခဲ့ကြောင်း သိရသည်။
စီမံကိန်း အခြေတည်ရာ မဒေးကျွန်း၊ သံဇစ်မြစ် ရေပြင်သည် အမ်းမြို့နယ်၊ မြေပုံမြို့နယ်အထိ ရှည်လျားစီဆင်းပြီး ပိုက်လိုင်းစီမံကိန်းကြောင့် ကျောက်ဖြူအပြင် အမ်းမြို့နယ် ဒေသခံများလည်းဆိုးကျိုးခံစားနေရသည်။
အမ်းမြို့နယ်၊ လင်ပန်းကျကျေးရွာသား ကိုမျိုးမောင်သည် ကဏန်းမြူးထောင်ကာ ဒီရေတောထဲတွင် ကြီးပြင်းခဲ့ သူဖြစ်သည်။ အသက် ၃၅ နှစ်ရှိပြီဖြစ်သည့် ကိုမျိုးမောင်သည် ယခင်က ကဏန်းမြုံး ၆၀ ထောင်လျှင် ကဏန်း မြုံးတစ်လုံးတွင် ကဏန်း ၂ ကောင်မှ ၄ ကောင်အထိ ရရှိခဲ့သော်လည်း လက်ရှိမှာ ကဏန်းမြုံး ၆၀ ထောင်လျှင် ကဏန်းမြုံး ၄၀ ခန့်မှာ ကဏန်းမပါရှိတော့ကြောင်း ပြောပြသည်။
“အရင်ကတော့ မြုံးတစ်ခုထောင်ရင် ဂဏန်း ၃ ကောင်လောက်ကတော့ အေးဆေးဝင်တယ်၊ အခုတော့ တစ်လုံး ဖော်လိုက်ရင်လည်း မပါဘူး၊ ဗလာပဲ။ မရတာက များတယ် ” ဟု ကိုမျိုးမောင်က ဆိုသည်။
လင်ပန်းကျကျေးရွာအပြင် အမ်းမြို့နယ် ကျောက်မြောင်း၊ ရေကောင်းချေ၊ ချစ်ပုံမ၊ စည်တောင်၊ အမွေပုံ၊ ကာကြီး တောင်၊ သိုင်းချိန်ကန်း၊ ရင်ရဲပြင်၊ ပိန္နိချိန် စသည့် ကျေးရွာများရှိတွင်လည်း ငါးသယံဇာတရှားပါးခြင်းကို ရေလုပ် သားများ ကြုံနေရကြောင်း ဆိုကြသည်။ ယင်းသို့ ငါးသယံဇာတ ပျောက်ဆုံးရခြင်းမှာ တရုတ် ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ရေထုညစ်ညမ်းသွားပြီး၊ ဒီရေတောများပျက်စီးမှုတို့ကြောင်းဟု ဒေသခံများက ပြောဆိုကြသည်။
သံဇစ်မြစ်ရေ ညစ်ညမ်းမှုဖြစ်စဉ်
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်ရှိ သံဇစ်မြစ်တွင် ရေထုညစ်ညမ်းမှု၊ အမဲရောင်ရေများ ကို ဇူလိုင်နှင့် စက်တင်ဘာလတို့တွင် တွေ့ခဲ့ရသည်။ ရေညစ်ညမ်းမှုများကြောင့် သံဇစ်မြစ်တစ်လျှောက်တွင် ဂုံး (ခုံး) ကောင်သေဆုံးမှု အများအပြားရှိခဲ့ပြီး ငါး၊ ပုစွန်၊ ကဏန်းများ ရှားပါးသွားကြောင်း ဒေသခံများကပြောသည်။
အမ်းမြို့နယ် စည်တောင်ကြီးကျေးရွာမှ ဒေသခံတစ်ဦးက “ အရင်နှစ်တွေက ရေမဲတွေ့ရှိခဲ့လို့ ရေသတ္တဝါတွေ ငါး ပုဇွန်၊ ကဏန်းအကုန်လုံးပါ ရှားသွားတယ်။ ဒီနှစ်တွေမှာလည် ငါးပုစွန်တွေ နည်းနည်းပဲရတော့တယ် ” ဟု ပြောသည်။
စိမ်းလန်း အမိမြေအသင်း၏ ဓာတ်ခွဲစမ်းသပ်မှုအရ ယင်းညစ်ညမ်းနေသည့် သံဇစ်မြစ်ရေတွင် ပါဝင်နေသည့် ဓာတ် သတ္တု ၁၆ မျိုးအား ဓာတ်ခွဲစမ်းသပ်ရာတွင် သတ်မှတ်စံနှုန်းထက် ခဲဓာတ် ၁၀ ဆ၊ ဖီနောဓာတ် ၂၆ ဆ အထိတွေ့ ရပြီး လူနှင့်တိရိစ္ဆာန်များအတွက် အန္တရာယ်ရှိကြောင်း သြဂုတ်လကထုတ်ပြန်ခဲ့သည်။
သံဇစ်မြစ် ရေထုညစ်ညမ်းမှု၊ ငါးသယံဇာတ ရှားပါးမှုနှင့် ပတ်သက်ပြီး မဒေးကျွန်းပေါ်မှာက တရုတ်စီမံကိန်းရေနံ သိုလှောင်ကန်များအပေါ် ဒေသခံများ သံသယရှိနေခဲ့ကြသော်လည်း အစိုးရက တိတိကျကျ သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။
ယင်းအပြင် အဆိုပါ ရေထုညစ်ညမ်းမှု၊ ဂုံး(ခုံး)သေဆုံးမှုအပေါ် ဖြေရှင်းပေရန် အာဏာပိုင်များကို တောင်းဆိုခဲ့သူ အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် အမ်းမြို့နယ် ဒီရေတောများ ကာ ကွယ်စောက်ရှောက်နေသူ ကိုမျိုးလွင်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈(က) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သေးသည်။
“ဒီသံဇစ်မြစ် ရေထုညစ်ညမ်းမှုကိစ္စကို အစိုးရဘက်က ပြည်သူတွေကို ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူး။ ဒီနေ့အထိ ပြည်သူတွေ အဖြေမရခဲ့ဘူး ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်နေသူ အမ်းဒေသခံ တစ်ဦးက ပြောသည်။
ယင်းအပြင် သံဇစ်မြစ်ရေညစ်ညမ်းမှုများမှာ တရုတ်၏ ရေနံတင်သင်္ဘော ဝင်ထွက်သွားလာခြင်း၊ ရေနံသဘာဝ ဓာတ်ငွေ စီမံကိန်းများကြောင့် ရေထုပျက်စီးထိခိုက်မှုများဖြစ်ပြီး အမ်း၊ ကျောက်ဖြူ၊ မြေပုံမြို့နယ်တွေက ရေလုပ်သားများ၊ ဒီရေတောများကို မှီခိုနေသူများ စီးပွားရေး နစ်နာဆုံးရှုံးမှု အများကြီး ရှိခဲ့ကြောင်း အမ်းဒေသခံ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းနေသူများက ပြောဆိုကြသည်။
၂၀၂၂ ခုနှစ် မြို့နယ်သစ်တောဌာန၏ စာရင်းများအရ အမ်းမြို့နယ်တွင် ဒီရေတော ၆၆,၈၉၀ ဧက ရှိကြောင်းသိရ သည်။ ယင်းထဲက တစ်ဝက်ခန့်ကို သဘာဝပတ်ဝန်ကျင် အရေးလှုပ်ရှားသူ အဖွဲ့များနှင့် ဒေသခံများက ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ကာကွယ်ထိန်းသိမ်းထားကြသည်။
အစိမ်းရောင် ပင်လယ်တံတိုင်းကြီးများ
ရခိုင်ပြည် မြေပုံမြို့နယ်ကို ကြည့်လျှင် ရိုးမတောင်တန်းနှင့် ဘင်္ဂလားပင်လယ်ပြာကြားရှိ ကုန်းရေအစပ်ကို အစိမ်းရောင် ဒီရေပင်များက ကာရံထားသည်ကိုမြင်ရမည်။ ယင်းကြောင့် ဒီရေတောများကို ပင်လယ်တံတိုင်းကြီး သို့မဟုတ် အစိမ်းရောင် တံတိုင်းဟု ခေါ်ဆိုကြသည်။ ထို့အတူ မြန်မာ့ကမ်းရိုးတန်းသည် ကီလိုမီတာ ၃,၀၀၀ ခန့် ရှည်လျားပြီး ဒီရေတောများကို ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်း တစ်လျောက်တွင် တွေ့ရသည်။
World Mangrove Atlas ၏ ၂၀၁၀ အစီရင်ခံစာအရ မြန်မာ့ဒီရေတောများသည် ကမ္ဘာ့ဒီရေတော ဧရိယာစုစု ပေါင်း၏ (၃.၃ %) ဖြစ်ပြီး ဒီရေတော ဧရိယာဟက်တာပေါင်း ၅၀၂,၉၁၁ (၁,၂၄၂,၁၉၀ ဧက) ပေါက်ရောက်၍ အာ ရှဒေသတွင် တတိယနှင့် ကမ္ဘာပေါ်တွင် သတ္တမမြောက် အများဆုံးရှိကြောင်းဆိုသည်။
ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ချက် အစီရင်ခံစာ (၂၀၁၈)အရ ၁၉၇၈ ခုနှစ်နှင့် ၂ဝ၁၁ ခုနှစ်ကြား ကာလတွင် ဒီရေတောပမာဏ လျော့ကျမှုနှုန်း မှာ ၆၄ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး တစ်နှစ်လျှင် ပျမ်းမျှ ၃ ဒသမ ၁ ရာခိုင်နှုန်းလျော့ကျလျက်ရှိသောကြောင့် အခြားသစ်တောအမျိုးအစားများ ပြုန်းတီးမှုထက် ပိုမိုမြင့်မားလျက်ရှိသည်။
ဒီရေပင်များသည် သန္တာကျောက်တန်းများ၊ ပင်လယ်ပြင်များကို ကာကွယ်ပေးသည့်အပြင် ကာဗွန်ဒိုင်အောက် ဆိုက်ကို စုပ်ယူပြီး ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် အရေးကြီးသော အင်္ဂါရပ်များစွာဖြင့် ပင်လယ်စာ ထုတ်လုပ်နိုင်မှုကိုလည်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်ပေးလျက်ရှိသည်။
“ ဒီရေတောတွေဟာ ပင်လယ်ကမ်းရိုးတန်းဒေသနေ လူပေါင်းများစွာကို သဘာဝဘေးအန္တရာယ် မုန်တိုင်း၊ ရေကြီး ရေလျှံမှုတွေေ အကာအကွယ်ပေးတယ်။ ဒီရေတောထဲမှာ ဇီဝမျိုးကွဲတိရိစ္ဆာန်တွေ၊ ရေသယံဇာတတွေက ဒေသခံ တွေကို ဝမ်းစာဖန်တီးပေးတယ်။ အခုကတော့ တဖြည်းဖြည်း ပြုန်းတီးနေပြီ ” ဟု ရခိုင်ဒေသ သဘာဝပတ်ဝန်း ကျင် အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
ထို့အတူ ဒီရေတောများသည် ကုန်းမြေရှိ သစ်ပင်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ၅ ဆပို၍ စုပ်ယူနိုင်ပြီး ဒီရေ ပင်တစ်ပင်သည် လူလေးဦးစာ အတွက်လုံလောက်သော အောက်ဆီဂျင်ကို ထုတ်လုပ်ပေးနိုင်ကြောင်းသိရသည်။
အလားတူ တရုတ်စီမံကိန်းများ တည်ရှိရာ ရမ်းဗြဲကျွန်းတွင် အာရှ ဒုတိယအကြီးဆုံး ဝန်ဖိုက် ဒီရေတောလည်း ရှိနေသည်။ အဆိုပါ ဒီရေတောကြီးသည် ရခိုင်ပြည်နယ်၊ ရဗ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူ မြို့နယ်တို့ကြားတွင် ဧက ပေါင်း ၅၆,၆၃၃ ခန့်ကျယ်ဝန်းပြီး ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားရာ နေရာလည်းဖြစ်သည်။ အဆိုပါဒီရေတောကို လည်း ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများအားနည်း၍ သစ်တောပြုန်းတီးမှုနှင့် ရင်ဆိုင်နေရကြောင်း ရမ်းဗြဲ ဒေသခံများက ပြောသည်။
ရခိုင်က ဒီရေတောများကို တစ်နိုင်ငံလုံးတွင် ငါးနှစ်တစ်ကြိမ် စာရင်းကောက်ယူလျှက်ရှိရာ ၂၀၁၅ ခုနှစ်က ကောက် ယူခဲ့သည့် စာရင်းအရ ရခိုင်တွင် ဒီရေတော ဧကစုစုပေါင်း ၃၉၅,၇၂၆ ရှိပြီး ၂၀၂၀ ခုနှစ်တွင် ဒီရေတောဧက စုစု ပေါင်း ၂၇၅,၃၃၇ ဧကသာ ရှိတော့ကြောင်း သစ်တောဌာန စာရင်းများတွင် တွေ့ရသည်။
၂၀၁၅ မှ ၂၀၂၀ အထိ ခရိုင်အလိုက် ဒီရေတောဧက ကွာခြားချက်မှာ မောင်တောခရိုင် ၅,၃၂၀ ဧကမှ ၆၂၀ ဧက၊ စစ်တွေခရိုင် ၇,၄၆၀ ဧကမှ ၅,၈၄၀ ဧက၊ မြောက်ဦးခရိုင် ၁၄၈,၂၆၈ ဧကမှ ၅၅,၃၀၀ ဧက၊ ကျောက်ဖြူခရိုင်တွင် ၁၈၃,၆၆၀ ဧကမှ ၁၃၂,၄၀၅ ဧက၊ သံတွဲခရိုင်တွင် ၈၃,၈၇၆ ဧကမှ ၆၁,၁၇၂ ဧကဖြစ်ကြောင်း ရခိုင်ပြည်နယ် သစ် တောဦးစီးဌာန၏ စာရင်းအရ သိရသည်။
ထို့အတူ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းများအရ အိမ်နီးချင်းနိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ များ တိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၄၀ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျော့ကျ သွားခဲ့ကြောင်း စစ်တမ်းများအရ သိရသည်။
“ ဒီရေတောတွေဟာ နဂိုကတည်းက လူတွေရဲ့ ခုတ်ထွင်မှုတွေကို ခံထားရသလို စီမံကိန်းအကြီးတွေကြောင့် လည်း ပြန်းတီးမှုတွေ သက်ရောက်မှုရှိတယ်။ ရခိုင် ဒီရေတောတွေ ပြန်လည်ရှင်သန်နိုင်ဖို့ ထိရောက်တဲ့ ဥပဒေတွေ အသိပညာပေးမှုတွေနဲ့ ဒေသတွင်း ကာကွယ်ထိန်းသိမ်းမှုတွေ အရင်ထက်လုပ်ဖို့ လိုအပ်နေပါတယ် ” ဟု ရခိုင် ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
တစ်ချိန်တည်းတွင် လျှပ်စစ်မီးမရှိသောကြောင့် လမုပင်များ၊ ပြာပင်များကို ဒေသခံများက ခုတ်လှဲခြင်း၊ ငါးပုစွန် ကန်များ၊ ထင်းမီးသွေး စီးပွားဖြစ်ထုတ်လုပ်မှုများမှာလည်း ဒီရေတော၊ ပျက်စီးရခြင်းတွင် အကျုံးဝင်သည်။ ထို့အ တူ ဒေသခံများအနေဖြင့်လည်း ဒီရေတောများကို ကာကွယ်ထိန်းသိမ်းရေးတွင် အသိပညာနည်းပါးနေပြီး ဒေသ တွင်း စစ်ရေးပဋိပက္ခများနှင့်လည်း ဆက်စပ်နေကြောင်း ပြောဆိုကြသည်။
SEZ နှင့် သဘာဝပတ်ဝန်းကျင်အရေး
ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် နေပြည်တော်သို့ရောက်ရှိလာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့သည်။“ ရပ်ဝန်းနှင့် ပိုးလမ်းမ အပါဝင် တရုတ်မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်းကြီးများ တည်ဆောက်ရေးကို အရှိန်မြှင့်ရန်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လည် ပတ်နေမှုကို စောင့်ရှောက်ရန် ” ဝမ်ယိက ပြောဆိုခဲ့ရာ စစ်ခေါင်းဆောင်က သဘောတူကြောင်း ကတိပေးခဲ့သည်။
ယင်းကြောင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း ( (KP SEZ) ကို အမြန်ဆုံး အကောင်ထည်ဖော်ရန် နှစ် ဘက်စလုံးက စိုင်းပြင်းနေကြသည်။ တစ်ဖက်တွင်လည်း ရခိုင်တွင် စစ်ရေးဋိပက္ခပြင်းထန်နေပြီး ကျောက်ဖြူ ဒေသတွင်လည်း ရံဖန်ရံခါ တိုက်များပွဲရှိနေသည်။
ISP Myanmar ၏ ဩဂုတ်လ အစီရင်ခံစာအရ ရခိုင်ပြည်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ ခုရှိသည့် အ နက် စီမံကိန်း ၉ ခုကို အာရက္ခတပ်တော်က တစိတ်တပိုင်း ထိန်းချုပ်ထားကာ AA ထိန်းချုပ်ထားသည့် စီမံကိန်း များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံနှင့် အထက်ရှိပြီး အကောင်အထည် မဖော်ရသေး၍ တန်ဖိုး မသိရသေးသည့် စီမံကိန်းများလည်း ပါဝင်ကြောင်းဆိုသည်။
ရခိုင်ပြည်ရှိ တရုတ်စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို စောင့်ကြည့်လေ့လာနေသည့် Center for Peace and Development အဖွဲ့ ဒါရိုက်တာ ဦးထွန်းကြည်က ရခိုင်ဒေသခံများ နစ်နာမှုကို ထည့်မတွက်ပဲ တရုတ်စီမံ ကိန်းများကို အကောင်ထည်ဖော်ရန်ကြိုးစားနေခြင်းမှာ AA တိုက်လာမည်ကိုစိုး၍ စစ်ရေးအရ ကျောက်ဖြူမြို့ကို အကာကွယ်ယူနေခြင်းဖြစ်ကြောင်း ပြောသည်။
ကျောက်ဖြူ SEZ တွင် စက်မှုဇုန်စီမံကိန်း၊ အဆင့်မြင့် လူနေအိမ်ရာစီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း တို့ ပါဝင်သည်။ တရုတ်နိုင်ငံကို ရေနံတင်ပို့ရာတွင် မလေးကျွန်းဆွယ်ရှိ မလက္ကာရေလက်ကြားကို အသုံးပြုရန် မလိုတော့ဘဲ အိန္ဒိယ သမုဒ္ဒရာအား တိုက်ရိုက်အသုံးပြုမည့် မဟာဗျူဟာမြောက် စီမံကိန်းဖြစ်သည်။ ယင်းအပြင် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ် ယူနန်ပြည်နယ် ဖွံ့ဖြိုး တိုးတက်စေရန်နှင့် တရုတ်နိုင်ငံ၏ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း (BRI) ၏ တစိတ်တပိုင်းလည်းဖြစ်သည်။
မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ထုတ်ပြန်ချက်အရ ကျောက်ဖြူ SEZ ဇုန် အတွက် မြေဧရိယာ (၄၂၈၉.၃၂) ဧက (၁၇၃၅.၈၃ ဟတ်တာ) ကို နယ်နမိတ်သတ်မှတ်ထားပြီး ရေနက်ဆိပ်ကမ်း စီမံကိန်း ၆၀၇ ဒသမ ၈၈ ဧက၊ စက်မှုဇုန် စီမံကိန်း ၂၄၄၆ ဒသမ ၀၇ ဧကနှင့် အဆင့်မြင့် အိမ်ရာစီမံကိန်းအတွက် ၁၂၃၅ ဒသမ ၃၇ ဧက အသုံးပြုသွားမည်ဖြစ်သည်။
စီမံကိန်းဧရိယာထဲမှာ ကျောက်ဖြူနှင့် ပျားတဲ၊ ကြတ္တိန်၊ ကန္ဒီး၊ ချောင်းဝ၊ သိုင်းချောင်း၊ စစ်တော၊ ကပ်သပြေ၊ မင်း ပြင်၊ ဒိုးမတောင်၊ မဒေးကျွန်းနှင့် ရမ်းဗြဲကျွန်း ကျေးရွာအုပ်စုက ဒေသခံ လယ်ယာမြေနှင့် မြစ်ချောင်းအင်းအိုင်၊ ဒီရေတော ဧရိယာများ ပါဝင်သည်။
၂၀၂၃ ခုနှစ်က SEZ အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုစစ်တမ်းနှင့် လူမှုစီးပွား ထိခိုက်နိုင်မှုစစ်တမ်း (ESIA) လုပ်ငန်းကို Myanmar Survey Research (MSR)အဖွဲ့က ကောက်ယူခဲ့သည်။ အဆိုပါအဖွဲ့ကို တရုတ် ကုမ္ပဏီ CITIC Consortium က ငှားရမ်းထားခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်စွမ်းကို ပြည်သူများ သိစေရန် ချပြခြင်း မရှိသေးပေ။
“တရုတ်က ဘယ်လောက်ပဲ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု စစ်ဆေးတာတွေလုပ်လုပ် မြန်မာနိုင်ငံရဲ့ အနေအ ထားအရ ပိုပြီးကောင်းမွန်အောင် မလုပ်နိုင်တာကို ကျနော်တို့ ဒေသခံတွေအနေနဲ့ မြင်ရတယ်။ သဘာဝပတ်ဝန်း ကျင် ဆန်းစစ်တယ်ဆိုပေမယ့်လည်း ပျက်စီးဆုံးရှုံးမှုတွေကတော့ ရှိနေတာပါပဲ ” ဟု တရုတ်စီမံကိန်းများအရေး လေ့လာ စောင့်ကြည့်နေသူ ကျောက်ဖြူမြို့ခံ ကိုအောင်ဆန်းက ပြောသည်။
ထိုသို့ ESIA လုပ်ငန်းတိုင်းတာမှု အခြေအနေများနှင့် ပတ်သက်ပြီး ကျောက်ဖြူသဘာဝပတ်ဝန်းကျင် ထိခိုက် နိုင်ခြေကို သိလို၍ Myanmar Survey Research (MSR)အဖွဲ့ တာဝန်ရှိသူ ထံသို့ DMG က ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
ယခုနှစ် ဇွန်လက ကျောက်ဖြူ အထူးစီးပွားရေးဇုန် SEZ အတွက် မဒေးကျွန်းတွင် ရေလှောင်ကန်ကြီး ၂ ကန်ကို စစ်ကောင်စီက ကျပ်ငွေ သန်းပေါင်း ၄ သောင်းကျော် အကုန်ကျခံကာ တည်ဆောက်ခွင့်ပြုထားပြီး မြေပြင်တွင် အဆောက်အဦးအကြီး သို့မဟုတ် ဆိပ်ကမ်းလုပ်ရန်ပြင်ဆင်နေကြောင်း လွှတ်တော်အမတ် ဟောင်းတစ်ဦးက ဆိုသည်။
ထို့အတူ ရမ်းဗြဲကျွန်းသား ရခိုင်နိုင်ငံရေးသမား ဦးထွန်းထွန်းဦးကလည်း “ ကျောက်ဖြူကတော့ လက်ရှိမှာ စစ် ကောင်စီနဲ့ AA တို့က အပြိုင်အဆိုင် ထိန်းချုပ်ကြတယ်။ အခုပဒေးကျွန်းဖက်မှာ မြစ်ချောင်းတွေမှာ တရုတ်နဲ့ မြန်မာအာဏာပိုင်တွေက မြစ်ကြောင်းပြုပြင်နေတာရှိတယ်။ ဆိုတော့ ပထမ ငါးဖမ်းခွင့်ဆုံးရှုံးနေတယ်။ လူမှုရေး ကျန်းမာရေး ထိခိုက်နေဆဲပဲ ” ဟုပြောသည်။
ကျောက်ဖြူဒေသခံများမှာ ယခင်ကလည်း တရုတ်စီမံကိန်းများကြောင့် ဘိုးစဉ်ဘောင်ဆက် လုပ်စားလာသည့် လယ်ယာမြေ၊ ပင်လယ်ပြင်၊ ဒီရေတောများ ဆုံးရုံးသွားခဲ့ရပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပျောက်ဆုံးသွား သဖြင့် လာမည့် စီမံကိန်းများကို အယုံအကြည်မရှိတော့ချေ။
ယင်းကြောင့် စီမံကိန်းကြီးများတည်ဆောက်ခြင်း၏ ဆိုးကျိုးအဖြစ် သံဇစ်မြစ်နှင့် ပင်လယ်ကမ်းရိုးတန်း ဒေသခံ တို့အတွက် ဘဘာဝဘေးအန္တရာယ်နှင့် စားဝတ်နေရေး ဖုံလှုံမှုကို အထောက်ကူပြနေသော အစိမ်းရောင်တံတိုင်း ကြီးများ(သို့မဟုတ်) ဒီရေတောများ ထပ်မံပြိုလဲလာမည်ကို ကျောက်ဖြူဒေသခံများ စိုးရိမ်နေကြသည်။
ပဒေးကျွန်းဒေသခံ ဦးကျော်ကျော်ကတော့ “ တရုတ်စီမံကိန်းတွေကြောင့်လည်း ဒီရေတောလည်း ပြန်းတီးခဲ့ပြီ။ ငါးသယံဇာတလည်း ဆုံးရှုံးခဲ့ပြီး ဆက်လက်ပြီး SEZ အကောင်ထည်ဖော်ရင် ဒီထက် ဒုက္ခတွေ တိုးလာမှာ မြင်နေ မိတယ် ” ဟု ပြောဆိုနေတော့သည်။