စစ်ပွဲတွင်းက သားပျောက်မိခင်

တာပေါ်လင်စတွေနဲ့ ကာရံထားပြီး အခင်းမရှိတဲ့ အိမ်ကလေးအောက်မှာ အသက် ၅၅ နှစ်အရွယ် ဒေါ်မကျော့ယဉ်ဟာ ဝါးနှီးပြားတွေကို အသုံးပြုကာ မက္ကလာတစ်ခုဖြစ်လာအောင် ပုံဖော်ဖန်တီးနေပါတယ်။

ဒေါ်မကျော့ယဉ်မှာ မိသားစုဝင် ၅ ဦးရှိပြီး သူရဲ့ ခင်ပွန်းဖြစ်သူဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ဆုံးပါးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေါ်မကျော့ယဉ်ဟာ သား ၃ ဦးနဲ့အတူ လောကဓံက ရိုက်ခတ်လာတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို ကျော်ဖြတ်ကာ မိသားစုစားဝတ်နေရေးကို ဦးစီးဦးဆောင်ပြီး ဖြေရှင်းလာခဲ့ပါတယ်။ 

ဒါပေမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာတော့ ဒေါ်မကျော့ယဉ်ရဲ့ မိသားစုအသိုက်အမြုံလေးကို ဖြိုခွင်းဖို့ ကံကြမ္မာဆိုးဟာ ဒုတိယအကြိမ် ဝင်ရောက်လာခဲ့ပါတယ်။

အဲဒါကတော့ ........

By Admin 23 Oct 2024

စစ်ပွဲတွင်းက သားပျောက်မိခင်

အောင်သူရ - ရေးသည်

တာပေါ်လင်စတွေနဲ့ ကာရံထားပြီး အခင်းမရှိတဲ့ အိမ်ကလေးအောက်မှာ အမျိုးသမီးတစ်ဦးဟာ ဝါးနှီးပြားတွေကို အသုံးပြုကာ မက္ကလာတစ်ခုဖြစ်လာအောင် ပုံဖော်ဖန်တီးနေပါတယ်။

သူကတော့ မြောက်ဦးမြို့၊ ရှောက်တောစုရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်မကျော့ယဉ်ပဲဖြစ်ပါတယ်။ သူဟာ ဘဝရဲ့ နေ့ဓူဝ စားဝတ်နေရေးကို ဖြေရှင်းနိုင်ဖို့ မက္ကလာရက်လုပ်တဲ့ အလုပ်နဲ့ သက်မွေးဝမ်းကျောင်းပြုနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒေါ်မကျော့ယဉ်မှာ မိသားစုဝင် ၅ ဦးရှိပြီး သူရဲ့ ခင်ပွန်းဖြစ်သူဟာ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်က ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ ဒေါ်မကျော့ယဉ်ဟာ သား ၃ ဦးနဲ့အတူ မိသားစုစားဝတ်နေရေးကို ဦးစီးဦးဆောင်ပြီး ဖြေရှင်းလာခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာတော့ ဒေါ်မကျော့ယဉ်ရဲ့ မိသားစုအသိုက်အမြုံလေးကို ဖြိုခွင်းဖို့ ကံကြမ္မာဆိုးဟာ ဒုတိယအကြိမ် ဝင်ရောက်လာခဲ့ပါတယ်။

အဲဒါကတော့ လက်ရှိရခိုင်တိုက်ပွဲကာလ မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာ ဒေါ်မကျော့ယဉ်ရဲ့ သားသုံးယောက်ထဲက အကြီးဆုံးသားနဲ့ အငယ်ဆုံးသားဖြစ်သူတို့မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

ဒေါ်မကျော့ယဉ်ရဲ့ အကြီးဆုံးသားဖြစ်တဲ့ ကိုထွန်းထွန်းဦး (၃၅) နှစ်နဲ့ အငယ်ဆုံးသားဖြစ်သူ ကိုစိုးနိုင်ထွန်း (၂၈)နှစ်တို့ဟာ သတ်ဖြတ်ခံခဲ့ရတာပါ။

သူတို့နှစ်ဦးဟာ ဇန်နဝါရီလ ၉ ရက်နေ့၊ နေ့လည်ပိုင်းက မြောက်ဦးမြို့အတွင်းက နယ်ဖက်ကို စစ်ဘေးတိမ်းရှောင်ကြတဲ့ သူတွေကို ထော်လာဂျီနဲ့ အငှားပို့ပြီး အပြန် မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်အတွင်းမှာ စစ်ကောင်စီရဲ့ ခရမ (၅၄၀)တပ်က စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

ကိုထွန်းထွန်းဦးနဲ့ ကိုစိုးနိုင်ထွန်းတို့ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံခဲ့ရတဲ့ အဖြစ်အပျက်ကို ဒေါ်မကျော့ယဉ်က အခုလို ပြောပြပါတယ်။

" စစ်တပ်က ဖမ်းသွားတယ်လို့ လူတွေက ပြောကြတယ်။ ဘယ်နေရာကို ခေါ်ယူသွားတယ်ဆိုတာ မသိရဘူး။ နောက်မှ ရပ်ကွက်ကလူတွေက ကျမရဲ့ သားနှစ်ယောက်ကို သကျမာရ်အောင်ကျောင်းဟောင်းမှာ ချည်ထားခဲ့တယ်ဆိုပြီး လာပြောကြတယ်"

"ကျမမှာက ခြေထောက်အေးတဲ့ ရောဂါရှိတော့ သွားလာဖို့က မလွယ်ဘူး။ အဲဒီကြားကနေ ခြံစည်းရိုးတွေကို ကျော်ပြီးမှ သွားခဲ့တယ်။ အဲဒီကို အရောက်မှာ ကိုယ်ရဲ့သားနှစ်ယောက် အလောင်းတွေကို တွေ့ရတယ်" လို့ ဒေါ်မကျော့ယဉ်က ဆိုပါတယ်။

ကိုထွန်းထွန်းဦးနဲ့ ကိုစိုးနိုင်ထွန်းတို့ကို ဖမ်းဆီးသွားခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သကျမာရ်အောင်ကျောင်းအနီးမှာ အာရက္ခတပ်တော်(AA)ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပြီး အထိနာခဲ့တယ်လို့လည်း စစ်ရေးအခြေအနေကို သိရှိတဲ့ မြောက်ဦးမြို့ခံတွေက ပြောပါတယ်။ ‌

အဲဒီလို တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေဟာ သူတို့ဖမ်းဆီးထားတဲ ကိုထွန်းထွန်းဦးနဲ့ ကိုစိုးနိုင်ထွန်းတို့ ညီအကိုနှစ်ဦးကို သကျ်မာန်အောင်ကျောင်းအတွင်းမှာ နှိပ်စက်မှုအမျိုးမျိုးကို ပြုလုပ်ခဲ့ပါတယ်။

သူတို့နှစ်ဦးကို စစ်ကောင်စီတပ်သားတွေဟာ အချိန်တော်ကြာ နှိပ်စက်မှုအမျိုးမျိုးပြုလုပ်ပြီးနောက်မှာ သေနတ်နဲ့ ပစ်သတ်သွားကြတာဖြစ်တယ်လို့ ဒေါ်မကျော့ယဉ်က ပြောပါတယ်။

"အလောင်းတွေကြည့်တော့ သားကြီးရဲ့ ပါးစပ်ကို ကြိုးတုတ်ပြီး ဘယ်ဖက်မျက်လုံးကို ဓားနဲ့ထိုးထားမှန်း၊ ဒုတ်နဲ့ထိုးထားမှန်း မသိဘူး။ မျက်လုံးတစ်လုံး မရှိတော့ဘူး။ ပြီးတော့ နောက်ပြန် ကြိုးနဲ့တုတ်ချည်ထားတယ်။ ဘောင်ဘီတွေကိုလည်း အားလုံး အစုတ်စုတ် အပြဲပြဲ လုပ်ထားတယ်။ အငယ်သားမှာတော့ အဝတ်အစားလည်း မရှိဘူး။ အကြီးသားမှာလည်း ရင်ဖက်မှာ ကျည်ဒဏ်ရာ ရှိတယ်။ အငယ်သားမှာလည်း ကျည်ဒဏ်ရာရှိတယ်" လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသွားရတဲ့ ကိုထွန်းထွန်းဦးနဲ့ ကိုစိုးနိုင်ထွန်းတို့နှစ်ဦးမှာ ဒေါ်မကျော့ယဉ်နဲ့အတူ နေထိုင်ကြတာဖြစ်ပြီး အမေဖြစ်သူကို ကျွေးမွေးစောင့်ရှောက်နေသူတွေ ဖြစ်ပါတယ်။

ဒေါ်မကျော့ယဉ်ဟာ သားနှစ်ဦးရဲ့ ရှာဖွေကျွေးမွေးပြုစုမှုနဲ့ နေထိုင်ခဲ့ရတဲ့အချိန်က ပင်ပန်းမှုမရှိဘဲ စိတ်အေးချမ်းစွာ နေထိုင်ဖြတ်သန်းခဲ့ရပါတယ်။

အားကိုးအားထားရတဲ့ သားနှစ်ဦးကို ဆုံးရှုံးသွားရပြီးနောက်မှာတော့ စားဝတ်နေရေးအတွက် မက္ကလာရက်လုပ်တဲ့ အလုပ်ကို ပြန်လည်လုပ်ကိုင်နေရတယ်လို့ ဒေါ်မကျော့ယဉ်က ဆိုပါတယ်။

မက္ကလာရက်လုပ်တဲ့ အလုပ်မှာ မျိုးရိုးစဉ်ဆက်လုပ်ကိုင်လာတဲ့ လုပ်ငန်းတစ်ခုဖြစ်ပေမယ့် သားနှစ်ဦးနဲ့အတူ နေထိုင်ချိန်က မက္ကလာရက်လုပ်တဲ့အလုပ်ကို လုပ်ကိုင်စရာမလိုခဲ့ပါဘူး။

လက်ရှိမှာတော့ အသက်အရွယ်ကြီးလာတာနဲ့ ကျန်းမာရေးမကောင်းတာကြောင့် "စိတ်သွားတိုင်း ကိုယ်မပါ" ဆိုသလို မက္ကလာရက်တဲ့ အလုပ်ကို စိတ်ရှိသလောက် မလုပ်နိုင်တော့ဘူးလို့ ဒေါ်မကျော့ယဉ်က ပြောပါတယ်။

လက်ရှိ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေတာတွေကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရပုံကိုလည်း အခုလို ပြောပြပါတယ်။

" စားဝတ်နေရေးအခြေအနေက တအားကို ကျပ်တည်းတာ။ အလှူခံပြီး မစားရတာဘဲ ကျန်တော့တယ်။ တစ်ရက်စာကို တစ်ရက် မက္ကလာရက်ပြီး စားနေရတာ။ မေတ္တာရပ်ပြီး စားရမယ့်အခြေအနေ။ ဒါပေမယ့် မလုပ်ဘူး။ ကိုယ့်လုပ်အားနဲ့ မက္ကလာရက်ပြီးတော့ ဒီနေ့ ၅ ချက်ပြီးရင် ၅ ချက်ရောင်းပြီးတော့ နောက်ထပ် ၅ ချက်ဖို့ကို စရံယူပြီး စားနေရတာ" လို့ ဒေါ်မကျော့ယဉ်က ဆိုပါတယ်။

ဒေါ်မကျော့ယဉ်ရဲ့ သားအလတ်ဖြစ်သူမှာလည်း အိမ်ထောင်ကျပြီးသားဖြစ်တဲ့အတွက် မိခင်နဲ့ အတူနေထိုင်တာ မရှိပါဘူး။ ဒါကြောင့် ဒေါ်မကျော့ယဉ်တစ်ယောက် ဝါးမက္ကလာရက်လုပ်တဲ့ အလုပ်နဲ့ သူရဲ့ စားဝတ်နေရေးကို ဖြေရှင်းနေတာဖြစ်ပါတယ်။

ကိုးလလွယ် ဆယ်လဖွားဆိုသလို အသက်နဲ့ရင်းပြီး မွေးထားရတဲ့ သားနှစ်ယောက်ကို စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်နဲ့ တပြိုင်နက်တည်း ဆုံးရှုံးလိုက်ရတဲ့အပေါ် မိခင်တစ်ဦးရဲ့ ခံစားချက်တွေကို ဒေါ်မကျော့ယဉ်က အခုလို ရင်ဖွင့်ပါတယ်။

" ပိုးလေးတစ်ကောင် ခြင်လေးတစ်ကောင် မကိုက်ရအောင် ဆယ်လလွယ်ပြီးတော့ စားချင်တဲ့ အဟာရ မစားရဘဲ မွေးလာတဲ့ သားနှစ်ယောက်လုံးကို သူတစ်ပါးဆီမှာ အသတ်ခံလိုက်ရတော့ မိခင်ဖြစ်တဲ့သူမှာ ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြဖို့တောင် မတက်တော့ဘူး"

"သူတို့(စစ်ကောင်စီ)ရဲ့ သားသမီးတွေကို တခြားလူတစ်ယောက် သတ်လိုက်မယ်ဆိုရင် သူတို့ ခံနိုင်မှာလား။ ကျမကတော့ မခံနိုင်ဘူး။ သူတို့ခံနိုင်မှာလားဆိုတော့ အကြိမ်ကြိမ် စဉ်းစားမိတယ်။ သားနှစ်ယောက် အသတ်ခံရတော့ ဒေါသထွက်မိတယ်" လို့ သူက ပြောပါတယ်။

ဒေါ်မကျော့ယဉ်ရဲ့ သားနှစ်ဦးအသတ်ခံရတဲ့နေ့မှာပဲ မြောက်ဦးမြို့မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ နောက်ထပ်မြို့ခံတချို့လည်း ရှိနေပါသေးတယ်။

မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်က အသက် ၅၂ နှစ်အရွယ် ဦးစံရွှေကျော်မှာလည်း ခမရ - ၅၄၀ တပ်ရင်းက စစ်ကောင်စီ စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဦးစံရွှေကျော်ကို ဖမ်းဆီးပြီး သိပ်မကြာခင်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့်လည်း အလယ်ဈေး တံတားအနီးမှာ အမှတ် ၃၁ ရဲတပ်ရင်းက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းရဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

အခုလို စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသွားတာနဲ့ပတ်သက်လို့ မိသားစုဝင်တွေကတော့ တရားမျှတမှုကို လိုလားနေကြပါတယ်။

" ကျွန်မတို့ကတော့ သူတို့(နှစ်ဖက်လက်နက်ကိုင်တွေ)မှာ အချင်းချင်း ဖြစ်ချင်သလို ဖြစ်ကြပေါ့။ အရပ်သားတွေနဲ့ ဘာမှ မဆိုင်ဘူး။ အရပ်သားတွေကို ဒီလိုသတ်ဖြတ်မှုတွေ လုပ်တဲ့အတွက် ကျေနပ်မှု မရှိဘူး။ အဲဒါကြောင့် တရားမျှတမှုကို လိုချင်တယ်။ လူသားချင်းစာနာထောက်ထားမှုမရှိဘဲ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်စေချင်တယ်" လို့ ဦးစံရွှေကျော်ရဲ့ ညီမဖြစ်သူ ဒေါ် မလှတင်က ပြောပါတယ်။ 

စစ်ကောင်စီရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတဲ့ ဦးစံရွှေကျော်ဟာ ညီမဖြစ်သူတို့နဲ့ အတူနေထိုင်ကာ မြောက်ဦးမြို့သိမ်းတိုက်ပွဲအတွင်းမှာ အိမ်စောင့်အဖြစ် ကျန်ရှိနေခဲ့ချိန်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်သတ်တာကို ခံခဲ့ရတာဖြစ်ပါတယ်။

မြောက်ဦးမြို့မှာ စစ်ကြောင်းထိုးသွားလာနေကြတဲ့ စစ်ကောင်စီတပ်သားတွေဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်သွားတာဖြစ်တယ်လို့လည်း မြောက်ဦးမြို့ခံတွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီရဲ့ တပ်သားတွေဟာ ပြည်သူတွေအပေါ်မှာ ညှင်းပန်းနှိပ်စက်ပြီး လူသားချင်းစာနာမှုမရှိတဲ့ လုပ်ရပ်တွေကို လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ မြောက်ဦးမြို့က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဆန်းဝင်းက ပြောပါတယ်။

" သူတို့(စစ်ကောင်စီ)က ပြည်သူတွေအပေါ်မှာ အလွန်တရာကို ညှင်းပန်းနှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ တစ်ယောက်ချင်းစီကို ထိလန့်အောင် လုပ်ဆောင်ခဲ့တယ်။ လူသားချင်းစာနာမှုဆိုတာ မရှိဘူး။ ရရင် ရသလို ပြည်သူတွေကို ညှင်းပန်းနှိပ်စက်ဖို့ပဲ လုပ်နေကြတာ" လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့ကို အာရက္ခတပ်တော်(AA)က နှစ်လနီးပါးကြာ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲကာလအတွင်း အားကိုးရတဲ့ သားနှစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မကျော့ယဉ်တစ်ယောက် လက်ရှိမှာတော့ အဖော်မဲ့ကာ တချိန်က သားတွေရဲ့ ပြုစုစောင့်ရှောက်မှုတွေကို လွမ်းဆွတ်တမ်းတနေပါတော့တယ်။

" ဒီဘဝမှာ အမေတစ်ယောက်ပဲရှိတာဆိုပြီး သားတွေက ပြုစုစောက်ရှောက်နေကြတာ။ အခု ပြုစုဖို့လူလည်းမရှိ၊ စောင့်ရှောက်ဖို့ လူလည်း မရှိဘူး။ ဖြစ်နိုင်ရင် ဒီသားနှစ်ယောက်နောက်က လိုက်ချင်နေတဲ့ စိတ်တွေတောင် ရောက်နေပြီ…" လို့ ဒေါ်မကျော့ယဉ်က ပြောပါတယ်။