တစ်နေ့စားဖို့ တစ်နေ့ရုန်းကန်နေရတဲ့ ရေလုပ်သားတွေ 

ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်တဲ့ ရခိုင်ပြည်က ဒေသခံအများအပြားမှာ လယ်ယာလုပ်ငန်းနဲ့ ရေလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။  အဲဒီအထဲမှာ ငါးဖမ်းလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်သူများရှိသလို တပိုင်တနိုင် လုပ်ကိုင်ကြသူတွေလည်း ရှိပါတယ်။ 

By Admin 24 Dec 2024

တစ်နေ့စားဖို့ တစ်နေ့ရုန်းကန်နေရတဲ့ ရေလုပ်သားတွေ 

ကျော်သူဌေး - ရေးသည် 

“မိသားစု စားဝတ်နေရေး အဆင်မပြေဘူး။ မပြေရင်လည်း ချေးငှားပြီးတော့ အကြွေးကျတဲ့အခါလည်း ရှိတယ်။ ငါးရှာလို့ ရတဲ့နေ့တွေမှာ အကြွေးတွေကို ပြန်ဆပ်တယ်။ အဲ့လို စားသောက်နေရတယ်”  

ငါးသယံဇာတရှားပါးမှုနဲ့ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေကြောင့် ငါးဖမ်းသမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အသက် (၅၀) အရွယ် ဦးစိုးမြင့်က ပြောပြသွားတာပါ။ 

သူကတော့ တပိုင်တနိုင်ငါးဖမ်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကျောက်တော်မြို့နယ်၊ ကြောင်စွယ်ဖြူကျေးရွာက ဖြစ်ပါတယ်။

ဦးစိုးမြင့်ဟာ မနက်စောစော ၆ နာရီကနေ ညနေ ၆ နာရီထိ ကုလားတန်မြစ်ကြောင်းတစ်လျှောက်မှာ ငါးဖမ်းတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ ရေလုပ်သားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ 

ငါးဖမ်းတဲ့အလုပ်ဟာ ဦးစိုးမြင့်တို့ မိသားစုရဲ့ အသက်သွေးကြော အလုပ်ဖြစ်သလို ငါးဖမ်းလို့ရတဲ့ ဝင်ငွေနဲ့ မိသားစု ၅ ယောက်ကို ကျွေးမွေးနေတာပါ။ 

“တခြားသူတွေကို ရောင်းဖို့အတွက် ငါးရှာတာပါ။ တခြားသူတွေကို ရောင်းပြီး ကျန်တဲ့ ငါးတွေကို ကျနော်တို့ စားပါတယ်။ တခြားသူတွေကို ရောင်းပြီးမှ ဓါတ်ဆီဖိုး ရတာပါ” လို့ ဦးစိုးမြင့်က ဆိုပါတယ်။ 

ပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်တဲ့ ရခိုင်ပြည်က ဒေသခံအများအပြားမှာ လယ်ယာလုပ်ငန်းနဲ့ ရေလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းပြုကြပါတယ်။  အဲဒီအထဲမှာ ငါးဖမ်းလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်သူများရှိသလို တပိုင်တနိုင် လုပ်ကိုင်ကြသူတွေလည်း ရှိပါတယ်။ 

ဒါပေမယ့် ရခိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားတာနဲ့အတူ စစ်ကောင်စီရဲ့ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားမှုကြောင့် ဒေသတွင်း ကုန်ပစ္စည်းပြတ်လပ်တာ၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်တာအပြင် ငါးရှားပါးမှုတွေကြောင့် ငါးဖမ်းသမားတွေမှာ အခက်ကြုံနေရတာပါ။ 

မြစ်၊ ချောင်းတွေကို အမှီပြုပြီး ဝမ်းစာရှာနေကြတဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေမှာ ငါးဖမ်းဆီးရရှိမှု နည်းပါးလာမှုနဲ့အတူ ရေလုပ်ငန်းသုံး ပစ္စည်းတွေ ဈေးမြင့်တက်မှုကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေ ဖြစ်နေကြပါတယ်။ 

အရင်က ငါးဖမ်းလုပ်ငန်းနဲ့ မိသားစုစားဝတ်နေရေးကို အတိုင်းအတာတစ်ခုထိ ဖြေရှင်းနိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာ ဝင်ငွေနဲ့ ထွက်ငွေ မကိုက်တော့ဘူးလို့ ငါးဖမ်းသမားတွေက ပြောပါတယ်။ 

 “ကျနော်တို့ကတော့ ငါးရှာတဲ့ လုပ်ငန်းနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုပြီး ရှာစားနေရတာပါ။ အဲဒါကြောင့် ကျန်းမာရေး၊ စားဝတ်နေရေး၊ သားသမီးပညာရေးအတွက် မဖူလှုံမှုတွေ ဖြစ်နေပါတယ်။ မဖူလှုံပေမယ့်လည်း သဘာဝ ဘေးအန္တရာယ် ကြားထဲက ဒုက္ခခံလို့ ဖြစ်သလို ရှာဖွေပြီး လုပ်ကျွေးနေရတယ်”  မြောက်ဦးမြို့နယ်၊ မညင်းချောင်းကျေးရွာက ရေလုပ်သား ဦးမောင်အေးသောင်းက ဆိုပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ဦးမောင်အေးသောင်းဟာ မျှောပိုက်နဲ့ ငါးဖမ်းတဲ့အလုပ်ကို နှစ်ပေါင်း ၂၀ အထိ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ 

ကုန်ဈေးနှုန်းတွေ မမြင့်တက်တဲ့အချိန်က မျှောပိုက်ငါးဖမ်းပိုက် တစ်အုပ်ကို ၁ သောင်းကျော်ရှိခဲ့ပေမယ့် လက်ရှိမှာ ၆ သောင်း အထိ ဈေးမြင့်တက်သွားတဲ့အတွက် ငါးဖမ်းပိုက်တွေကိုလည်း လိုသလောက် မဝယ်ယူနိုင်တော့ဘူးလို့ ဖွင့်ဟပါတယ်။ 
 
“ငါးဖမ်းပိုက် ၁၀ ထုံးဝယ်ဖို့အစား ၃ ထုံးဝယ်ပြီး ရှာနေရတာ ဖြစ်ပါတယ်။ ငါးသိပ်မရတဲ့အတွက် စားဝတ်နေရေး မကာနိုင်ဘူး။ ကုန်ဈေးနှုန်းတက်တာကြောင့်လည်း ပါတယ်” လို့ ဦးမောင်အေးသောင်းက ဆက်ပြောပါတယ်။
 
စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲစတဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကနေ ရခိုင်ဒေသကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားတာဟာ အခုဆိုရင် တစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ 

အဲဒီအကျိုးဆက်ကြောင့် ဒေသတွင်းမှာ ကုန်ပစ္စည်းရှားပါးတာ၊ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာတွေကြောင့် တပိုင်တနိုင်ငါးဖမ်းသမားတွေ အပါအဝင် အခြေခံလက်လုပ်လက်စား ဒေသခံတွေမှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေကြရပါတယ်။ 

လက်ရှိမှာ ငါးဖမ်းဆီးရရှိမှု နည်းပါးလာတာ၊ ရေလုပ်ငန်းသုံးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်မှုတွေကြောင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေမှာ လုပ်ငန်း ရပ်နားမှုတွေအထိ ရှိလာနေပါတယ်။ 

တချို့မှာလည်း လုပ်ငန်း ပြောင်းပြီး လုပ်ကိုင်တာတွေ၊ ကြုံရာကျပန်း လုပ်ကိုင်တာတွေအပြင် တချို့မှာ ငါးဖမ်း ပစ္စည်းတွေကို ရောင်းချပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာမှုတွေ ရှိနေတယ်လို့ ပြောဆိုကြပါတယ်။ 

 “အရင်တုန်းကဆိုရင် ငွေကြေး မချမ်းသာပေမယ့်လည်း ထမင်းတစ်နပ်ကို စိုးရိမ်ကြောင့်ကြစိတ် မရှိဘဲ  စားသောက် နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အခက်အခဲမျိုးစုံကို ကြုံတွေ့ရပါတယ်” ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာက ရေလုပ်သား ဦးမင်းသိန်းထွန်းက ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားမှုနဲ့အတူ ဒေသက ထွက်ရှိတဲ့ ငါး၊ ပုစွန်၊ ကဏန်းစတဲ့ ရေထွက်ကုန်ပစ္စည်းတွေကို ပြည်ပနဲ့ ပြည်မဒေသတွေကို မတင်ပို့နိုင်တာဟာလည်း ရေလုပ်သားတွေရဲ့ စားဝတ်နေရေးကို ရိုက်ခတ်မှုတွေရှိနေပါတယ်။ 

အရင်တုန်းက ငါး၊ ပုဇွန်၊ ကဏန်းတွေကို  တရုတ်ပြည်၊ မူဆယ်ဖက်ကို တင်ပို့နိုင်ခဲ့တဲ့အတွက် ဈေးကောင်းရခဲ့ပေမယ့် အခုအခါ မူဆယ်လမ်း ပိတ်သွားတဲ့အတွက် ရရှိလာတဲ့ ငါး၊ ပုဇွန်၊ ကဏန်းတွေကို ဒေသတွင်း စားသုံးသူတွေအတွက်သာ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။ 

 “ အရင်တုန်းက ငါးရှာရင် ၁ သောင်း၊ ၂ သောင်းလောက်ရပါတယ်။ အခုကကျတော့ ၅ ထောင်လောက်ပဲ ရတော့ ဆန်နဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ ဝယ်လိုက်တော့ ထမင်းတစ်နပ်စာ လောက်ပဲ လုံလောက်တယ်။ စီးပွားမဖြစ်ဘူး။ အရင်တုန်းကလို ကဏန်းတွေ ဝယ်ရင်တော့ စီးပွားဖြစ်ရှာဖွေလို့ ရတယ်”  လို့ မြေပုံမြို့နယ်၊ မိုးသီးနတ်တောင်ကျေးရွာက ရေလုပ်သား ဦးမောင်တင်ဝင်းက ပြောပါတယ်။ 

အသက် ၄၄ နှစ်အရွယ် ဉီးမောင်တင်ဝင်းဟာ အရင်က မြစ်ချောင်းတွေမှာ ငါး၊ ပုဇွန်တွေ ဖမ်းဆီး ရောင်းချမှုတွေ လုပ်ဆောင် ပေမယ့်လည်း လက်ရှိမှာ ဝယ်ယူသူတွေ မရှိတာကြောင့် စားဝတ်နေရေးအခက်အခဲဖြစ်ရတယ်လို့ သူက ဆိုပါတယ်။ 

မြေပုံမြို့နယ်၊ မိုးသီးနတ်တောင်ကျေးရွာက ဒေသခံတွေမှာ ရေလုပ်ငန်းတစ်ခုတည်းကိုသာ အားထားနေရတာဖြစ်ပြီး၊ လက်ရှိမှာ ငါးအဝယ်ဒိုင်တွေ မရှိတော့တဲ့အတွက် ရရှိလာတဲ့ ငါးတွေဟာ ဈေးကောင်းမရတော့ဘူးလို့ ပြောဆိုကြပါတယ်။  

ဒါကြောင့် ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေမှာ မိသားစု စားဝတ်နေရေး၊ ပညာရေး၊ ကျန်မာရေး စတဲ့ ကိစ္စရပ်တွေအတွက် ခက်ခဲစွာ ရုန်းကန်နေကြရပါတယ်။ 

လက်ရှိမှာတော့ ဝင်ငွေနဲ့ထွက်ငွေ မကိုက်ညီပဲ ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရတဲ့ ငါးဖမ်းသမားတွေဟာ ကုန်းလမ်း၊ ရေလမ်းကြောင်းတွေကို  အမြန်ဆုံး ပြန်ဖွင့်လာမယ့် နေ့တစ်နေ့ကို မျှော်လင့်နေကြပါတယ်။