ရခိုင်ရေလုပ်သားများကို ဘင်္ဂလားဒေ့ရှ် လှေများက အုပ်စုဖွဲ့ ရန်လိုမှုများ လုပ်နေ

ရခိုင့်ပင်လယ်ပြင်တွင် ရသေ့တောင်၊ မောင်တောမြို့နယ်မှ စက်လှေများမှာ လက်ရှိတွင် တရားမဝင် ကျုးကျော်လာကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ အန္တရာယ်များကို စိုးရိမ်နေရသဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းရန် မထွက်ရဲဘဲ ဖြစ်နေကြရသည်ဟု ပြောဆိုကြသည်။

By Admin 06 Feb 2025

ပုံစာ - ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပိုင် ငါးဖမ်းစက်လှေများအား ယခုရက်ပိုင်းအတွင်း‌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ပုံစာ - ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပိုင် ငါးဖမ်းစက်လှေများအား ယခုရက်ပိုင်းအတွင်း‌ တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ ဖေဖော်ဝါရီ ၆

ဘင်္ဂလားပင်လယ်အော်နှင့် နတ်မြစ်ဝရှိ ရခိုင်ရေပိုင်နက်ထဲတွင် ငါးဖမ်းနေကြသည့် ရခိုင်လှေများကို ခိုးဝင်ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက စက်လှေများဖြင့် အုပ်စုဖွဲ့ကာ ရန်လိုမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ 

ယမန်နေ့ (ဖေဖော်ဝါရီ ၅ ရက်)၊ နေ့လယ် ၁ နာရီကျော်တွင် နတ်မြစ်ဝ၌ ငါးဖမ်းနေသည့် ရသေ့တောင်မြို့နယ်၊ ချိန်ခါလိန်ကျေးရွာသား ငါးဖမ်းလှေတစ်စီးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းလှေတစ်စီးက တဟုန်ထိုး ဝင်တိုက်ကာ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်လှေမှာ ရခိုင်ရေပိုင်နက်ထဲ မောင်တောမြို့နယ်သို့ ကျူးကျော်ဝင်ရောက် တိုက်ခဲ့ခြင်းဖြစ်ပြီး စက်လှေတွင် တပ်ဆင်ထားသည့် စက်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၃ ရက်ကလည်း နတ်မြစ်ဝတွင် ငါးဖမ်းနေသည့် ရခိုင်စက်လှေများကို ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများက အုပ်စုဖွဲ့ရန်ပြုမှုများ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်များ ပြောသည်။

" ငါးဖမ်းနေတုန်း သူတို့ (ဘင်္ဂလားဒေ့ရှ်) လှေတွေက ကျနော်တို့ လှေတွေကို အုပ်စုဖွဲ့ပြီး လာဝိုင်းတယ်။ သူတို့က လူအင်အား အများကြီးနဲ့ လာဝိုင်းတာ။ ကျနော်တို့လည်း ငါးဖမ်းနေတာကို ရပ်ပြီး ကမ်းကို အမြန်ပြေးလာကြတယ်။ ကျနော်တို့ ဆုတ်မပြေးလာရင် သူတို့ ပြဿနာရှာနိုင်တယ်။ ရန်စတဲ့ အပြုအမှုတွေ လုပ်နေကြတာ " ဟု မောင်တောဒေသခံ ရေလုပ်သားတစ်ဦးက ပြောသည်။

ရခိုင့်ပင်လယ်ပြင်တွင် ရသေ့တောင်၊ မောင်တောမြို့နယ်မှ စက်လှေများမှာ လက်ရှိတွင် တရားမဝင် ကျုးကျော်လာကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ အန္တရာယ်များကို စိုးရိမ်နေရသဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းရန် မထွက်ရဲဘဲ ဖြစ်နေကြရသည်ဟု ပြောဆိုကြသည်။

" ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့ ငါးဖမ်းလှေတွေမှာ အနည်းဆုံး လူနှစ်ဆယ်၊ သုံးဆယ်လောက်ပါတယ်။ ဒါကြောင့် အခု ကျနော်တို့ ငါးဖမ်းထွက်မယ်ဆိုရင် လူအများကြီးနဲ့ စက်လှေသုံးစီးလောက် စုပေါင်းပြီးမှ ထွက်ကြရတယ်။ မဟုတ်ရင် ရန်စတဲ့ အပြုအမှုမျိုး မကြခဏ ခံရတယ် " ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ရခိုင်ရေပိုင်နက်ထဲ၌ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ နေ့စဉ် အစီးရေ ၈၀ ခန့်မှာ နေ့၊ ည အချိန်မရွေး ခိုးဝင်ငါးဖမ်းမှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်ရေလုပ်သားများမှာ ယခင်ကဲ့သို ပင်လယ်ပြင်သို့ ငါးဖမ်းမထွက်ရဲဘဲ အလုပ်နားနေသူများလည်း ရှိလာပြီး စားဝတ်နေရေး ကျပ်တည်းမှုဖြင့် ရင်ဆိုင်လာနေရသည်ဟု ပြောဆိုသည်။

" ခေတ်အဆက်ဆက်က ဒီပင်လယ်မှာ ငါးဖမ်းစားလာတာ။ ဒါကိုပဲ အားကိုးနေရတာ။ အခုက စစ်ကောင်စီ နေဗီကို ကြောက်ရတာ တစ်မျိုး၊ ဘင်္ဂလားဒေ့ရှ် စက်လှေတွေက တစ်ဖုံဆိုတော့ ငါးဖမ်းဖို့ အဆင် မပြေတော့ဘူး။ အခုလို ပင်လယ်ကို မထွက်ရဲတော့ စားဝတ်နေရေး အခက်အခဲရှိတယ် " ဟု ရသေ့တောင် မြို့နယ်မှ နောက်ထပ် ရေလုပ်သားတစ်ဦးက ပြောသည်။

ယင်းအပြင် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာမှ ရေမိုင် ၉ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင်ရှိသည့် စစ်ကောင်စီ နေဗီ ၁ စီးမှာလည်း ယခုရက်ပိုင်းအတွင်း ကမ်းခြေနှင့် ၆ မိုင်အနီး ပတ်ပတ်လည်၌ သွားလာလှုပ်ရှားနေသဖြင့် ရခိုင်ငါးဖမ်းစက်လှေများ ပင်လယ်ပြင်သို့ မထွက်ရဲဘဲ ဖြစ်နေကြသည်ဟု သိရသည်။

" ရခိုင်စစ်ပွဲကို အခွင့်ကောင်းယူပြီး ဘင်္ဂလားဒေ့ရှ်စက်လှေတွေဟာ ပိုင်နက်ကျူးကျော် ငါးဖမ်းနေကြတာကြာပြီ။ ဆိုတော့ ဒီကိစ္စဟာ သက်ရောက်မှုကြီးတယ်။ အဓိကတော့ ရခိုင်ဒေသခံတွေ လွတ်လပ်စွာလုပ်စားခွင့် ဆုံးရှုံးရတော့ AA အနေနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဒီလိုမျိုး နောက်နောင်မဖြစ်ဖို့ အချိန်မီ တားဆီးသင့်တယ်" ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ အခြားတစ်ဖက်တွင်လည်း စစ်ရေးအရ နယ်မြေထိန်းချုပ်မှုများလာသည့် AA အတွက် ပင်လယ်ပြင် စိုးမိုးရေးလုပ်ငန်းတွင် AA ၏ ကမ်းခြေစောင့်တပ်ကလည်း ထိန်းချုပ်နိုင်စွမ်းရည် မလုံလောက်မှုကို မြင်ရကြောင်း ယင်းဒေသခံက ပြောသည်။

စစ်ကောင်စီ မောင်တောမြို့နယ်ကို ထိန်းချုပ်ခဲ့သည့် ယခင်ကာလများတွင် တရားမဝင်ကျူးကျော်လာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများကို မြန်မာအာဏာပိုင်များက အသံချဲ့စက်ဖြင့် အော်ဟစ် သတိပေးခြင်း၊ မီး အချက်ပြခြင်း၊ သတိပေးခြောက်လှန့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်ကို အာရက္ခတပ်တော် စတင်ထိန်းချုပ်ခဲ့ချိန် ၂၀၂၄ ခုနှစ်အတွင်း၌လည်း ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ငါးဖမ်းစက်လှေများအား AA က ဖမ်းဆီး သတိပေးခြင်းများ ရှိခဲ့သော်လည်း ယနေ့ အချိန်အထိ ကျူးကျော်ဝင်ရောက် ငါးဖမ်းမှုများ ရှိနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။