ခိုးဝင် ငါးဖမ်းမှုများကို တားဆီးနိုင်ရေး AA ကြိုးပမ်းနေ

မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်ခဲ့ချိန်ကစပြီး ဒေသမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေ အစီးရေ ၆၀ ထက်မနည်းသည် ရခိုင်ရေပိုင်နက်ထဲသို့ နေ့စဉ် ခိုးဝင်ငါးဖမ်းမှုများ ရှိနေသည်။

By Admin 13 Feb 2025

ရခိုင်ရေပိုင်နက် နတ်မြစ်ဝသို့ ခိုးဝင်ငါးလာဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို စက်လှေနှင့် အတူ ဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း AA တပ်ဖွဲ့ဝင်များက ပြန်လွှတ်ပေးစဉ်။ ဓာတ်ပုံ - AA Info Desk
ရခိုင်ရေပိုင်နက် နတ်မြစ်ဝသို့ ခိုးဝင်ငါးလာဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို စက်လှေနှင့် အတူ ဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း AA တပ်ဖွဲ့ဝင်များက ပြန်လွှတ်ပေးစဉ်။ ဓာတ်ပုံ - AA Info Desk

DMG ၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ရေပိုင်နက်ဖြစ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် နတ်မြစ်ဝရှိ မောင်တောမြို့နယ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများက စက်လှေများဖြင့် ခိုးဝင်ကာ ငါးဖမ်းနေသည့် ကိစ္စကို အလုံးစုံတားဆီးနိုင်ရေးအတွက် အာရက္ခတပ်တော်(AA)က ကြိုးပမ်းလာနေကြောင်း သိရသည်။

မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်ခဲ့ချိန်ကစပြီး ဒေသမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေ အစီးရေ ၆၀ ထက်မနည်းသည် ရခိုင်ရေပိုင်နက်ထဲသို့ နေ့စဉ် ခိုးဝင်ငါးဖမ်းမှုများ ရှိနေသည်။

ဇန်နဝါရီလ ၁၁ ရက်ကလည်း ရခိုင်ရေပိုင်နက်ထဲသို့ ခိုးဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးကို AA ဖမ်းဆီးရမိခဲ့သည်။

" ဒီရက်ပိုင်း အေအေက ဘင်္ဂလားဒေ့ရှ်ဘက်က ခိုးဝင်ငါးလာဖမ်းသူတွေကို ဖမ်းဆီးမှုတွေ လုပ်နေတယ်။ ပင်လယ်ကမ်းစပ်နဲ့ နစ်မြစ်ကမ်း အပါဝင် ခြံစည်းရိုး အနီးဘက်ကို ကပ်လာသူတွေကို လှမ်းခေါပြီး စစ်ဆေးတာတွေ ရှိတယ်။ တချို့ဆိုရင် လှမ်းခေါ်တာနဲ့ ထွက်ပြေးသွားတယ်။ ကမ်းခြေတစ်လျှောက်မှာလည်း လုံခြုံရေး တပ်ဖြန့်ထားတာရှိတယ် " ဟု မောင်တောဒေသခံတစ်ဦးက DMG သို့ ပြောသည်။

ခိုးဝင်ငါးဖမ်းစက်လှေများအား တားဆီးနိုင်ရန် AA က မြစ်ကြောင်းအတွင်း ကင်းလှည့်ခြင်း၊ နယ်စပ်ခြံစည်းရိုး တလျှောက်တွင် စခန်းငယ်များ ဆောက်လုပ်ကာ လုံခြုံရေးချထားခြင်းများရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ရခိုင်ရေပိုင်နက်ထဲတွင် ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေ ၁၅ စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦး ကို ဖမ်းဆီခဲ့သည်။ ယင်းနောက် ၂ ရက်အကြာတွင် ၎င်းတို့အား AA နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) တို့ ဆွေးနွေးပြီး ခံဝန်လက်မှတ်ဖြင့် ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

ရခိုင်ရေပိုင်နက်ထဲသို့ နေ့စဉ်နှင့်အမျှ ဘင်္ဂလားဒေ့ရှ် စက်လှေများ ဝင်ရောက်ငါးဖမ်းနေခြင်းနှင့် ပတ်သက်ပြီး AA က ဖမ်းဆီးစစ်ဆေးခြင်းမှာ ဖြစ်သင့်သည့် လုပ်ရပ်ဟု ပြောဆိုကြသည်။

" နောက်လည်းပဲ ရခိုင့်ပိုက်နက်ကို ကျူးကျော်ရင် အရေးယူမှုတွေ ရှိလာနိုင်တယ်။ ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်းပဲ ဒီကိစ္စနဲ့ မလွဲမသွေ ဆွေးနွေးပြောဆိုတာမျိုး ရှိလာနိုင်တယ်။ နောက်တစ်ခုက အခုလို AA အနေနဲ့ ဖမ်းဆီး၊ ပြန်လွှတ်ပေးနေတာတွေက ရခိုင့်ရေပိုင်နက်ကို ထိန်းသိမ်းထားနိုင်တဲ့ ပြယုဂ်၊ သဘောထားကို အားလုံးသိအောင် ပြသတဲ့ သဘောဖြစ်တယ်" ဟု ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မှ ဘင်္ဂလားဒေ့ရှ်သို့ ရေကြောင်း ကုန်သွယ်နေသည့် သင်္ဘောကြီး ၃ စီးကို AA ဟန့်တား စစ်ဆေးမှုများရှိခဲ့ပြီး ယင်းအထဲမှ ၂ စီးကို ဇန်နဝါရီ ၂၀ နှင့် ကျန်တစ်စီးကို ဖေဖော်ဝါရီ ၁ ရက်တို့တွင် ပြန်လွှတ်ပေးခဲ့သည်။

မောင်တောမြို့နယ်ကို အာရက္ခတပ်တော် ထိန်းချုပ်သည့် ၂၀၂၄ ခုနှစ်အတွင်းမှစတင်ကာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ငါးဖမ်းစက်လှေများအား AA က ဖမ်းဆီးသတိပေးခြင်းများ ရှိခဲ့သော်လည်း ယနေ့အချိန်အထိ ခိုးဝင်ငါးဖမ်းမှုများ ရှိနေသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။