သမိုင်းပေး သင်ခန်းစာများနှင့် ယနေ့ရခိုင်ပြည်

လက်ရှိတွင် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော ရက္ခိုင့်တပ်တော်(AA)သည် လူထုထောက်ခံမှုကို အလွန်ရရှိထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ပြင် မြို့နယ်အများစုတွင် AA ၏ သြဇာလွှမ်းမိုးမှုရှိနေပြီး အုပ်ချုပ်ရေးယန္တရားပင် သက်ဝင်လှုပ်ရှားမှုရှိသည်။ ထို့ကြောင့် တစ်ချို့ဒေသများတွင် ဒုစရိုက်မှုများနှင့် ဆဲဆိုရမ်းကားမှု စသည်များလျှော့နည်းသွား

By DMG 27 Jan 2022

နေမျိုးလင်းရေးသားသည်။

ရခိုင်တို့၏ လေးမြို့ခေတ်က တရားစောင့်သော မင်းထီးဆိုသည့် ထင်ရှားသောရခိုင့်ဘုရင်အကြောင်းကို ကြားဖူးကြပါလိမ့်မည်။ ဘုရင်မင်းထီးသည် အသက်(၇)နှစ်အရွယ်ကပင် နန်းတက်ပြီး ဦးရီးတော် အနန္တဘယ၏ ရင်ခွင်တွင်ထိုင်လျက် ပြည်သူများကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်မြတ်နိုးစွာဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်။

ထိုမင်းသည် နန်းတက်သည့်နေ့မှစပြီး “သားမကောင်းလျှင် အဖကို စီရင်ရမည်၊ သမီးမကောင်းလျှင် အမိကိုစီရင်ရမည်၊ တပည့်မကောင်းလျှင် ဆရာ၊ကျွန်,မကောင်းလျှင် သခင်၊ မယားမကောင်းလျှင် လင်ကိုစီရင်ရမည်”ဟု အမိန့်ပြန်တမ်း(၅)ရပ် ထုတ်ပြန်ပြီး တိုင်းပြည်ကိုအုပ်ချုပ်သည်။ ထိုသို့အမိန့်ပြန်တမ်းများထုတ်ပြန်ထားသောကြောင့် ပြည်သူများလည်း ထိတ်လန့်အံ့သြလျက်ရှိကြသည်။

ထိုကြားထဲတွင်ပင် သူဌေးကြီးတစ်ဦး၏ ကျွန်နှစ်ယောက်သည် နွားတစ်ကောင်ကိုခိုးယူပြီး သတ်စားကြသောကြောင့် အဖမ်းခံရသည်။ ထို့ကြောင့် ကျွန်များ၏ သခင်ဖြစ်သည့် သူဌေးကြီးသည် ကြောက်လန့်ပြီး ဘုရင်၏ဦးရီးတော် အနန္တဘယထံ ချဉ်းကပ်ကာ အသပြာငွေတစ်ထောင်ကို လက်ဆောင်ပေးပြီး ထိုကျွန်များသည် ဦးရီးတော်၏ ကျွန်ဟုမှတ်ယူတော်မူပါ ပြောဆိုလျှောက်ထားသည်။ ဦးရီးတော်ကလည်း “ငါ၏ရင်ခွင်တွင်ထိုင်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေသည့် တူတော်မင်းထီးသည် ငါ့အားမသတ်နိုင်”ဟု မှတ်ယူထားသည်။

သို့သော်လည်း ဦးရီးတော်၏ယူဆချက်သည် လွဲမှားသွား၏။ မင်းထီးသည် ဦးရီးတော်၏ရင်ခွင်တော်တွင်ထိုင်လျက် ထိုအမှုကိုစစ်ဆေးရာတွင် အမှုမှန်ပေါ်ပေါက်သွားသောကြောင့် ဦးရီးတော်ကိုသတ်စေဟု အမိန့်ချမှတ်ခဲ့သည်။ ထို့ကြောင့် ပြည်သူများသည် မျက်နှာမလိုက်၊ တရားရှိသောမင်းမြတ်ဟု ချီးမွှန်းကြပြီး ပြည်သူများ၏ ချစ်ခင်မှု၊ လေးစားမှုတို့ကို ရရှိခဲ့သည်။

မည်သည့်ခေတ်၌မဆို အုပ်ချုပ်သူလူတန်းစားတို့သည် ငါ့လူ၊သူ့ဘက်သားဟု ကျောသား၊ရင်သားခွဲခြားပြီး အုပ်ချုပ်စရာမလို။တရားမျှတစွာဖြင့် သမာသမတ်ကျကျ မှန်မှန်ကန်ကန်ဖြင့် ဘုရင်မင်းထီး၏ တရားဓမ္မကျသည့်နည်းလမ်းများကို အတုယူလျက် အုပ်ချုပ်ရန်သာဖြစ်သည်။ ထိုသို့မှသာ အုပ်ချုပ်သူများကို ပြည်သူတို့ ချစ်ခင်လေးစားမှုရှိမည်ဖြစ်ပြီး အုပ်ချုပ်မှုယန္တရားလည်း အဓွန့်ရှည်မည်ဖြစ်သည်။

၂၀၁၅ ခုနှစ်အလွန်နေ့ရက်များသည် ရခိုင်ပြည်နယ်အဖို့ အဆိုး၊အကောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရသလို ကံကောင်းမှုရလာဒ်များလည်းထွက်ပေါ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုနေ့ရက်များသည် ရခိုင်ပြည်နယ်၏ အနာဂတ်နေ့သစ်များဖြစ်သည်။ ရခိုင်တို့ မျှော်လင့်စောင့်စားနေသော ရောင်ခြည်တန်းများကို ပီပီပြင်ပြင်မမြင်ရသေးသော်လည်း ဝိုးတဝါးမြင်တွေ့လာရသည်။

ကြီးကျယ်ခမ်းနားခဲ့သော ရခိုင်နိုင်ငံတော်သည် သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် ဗမာဘုရင်ဘိုးတော်မောင်ဝိုင်း၏ သိမ်းပိုက်မှုခံခဲ့ရသည်။ ထိုအချိန်မှစ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ လွတ်လပ်ခွင့်များဆုံးရှုံးသွားခဲ့သည်။ သို့သော်လည်း ရခိုင်မျိုးချစ်တို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် အစဉ်အဆက် တော်လှန်တိုက်ပွဲဝင်လျက်ရှိသည်။

တော်လှန်ရေးတပ်ဖွဲ့မှအစ ပရဟိတအဖွဲ့အဆုံး အဖွဲ့အစည်းအားလုံးသည် လူထုထောက်ခံမှုလိုအပ်သည်။ သာရေး၊ နာရေးအဖွဲ့သည်ပင်လျှင် လူထုထောက်ခံမှုမရှိလျှင် လူနာတင်ယာဉ် တစ်စီးရရှိရန် ခက်ခဲကြမ်းတမ်းမည်။ လူထုထောက်ခံမှုရရှိမှသာလျှင် လုပ်ငန်းကိစ္စရပ်များအောင်မြင်နိုင်မည်ကို အားလုံးသဘောပေါက် နားလည်ကြသည်။ လူထုထောက်ခံမှုရရှိခြင်းမှာလည်း ကောင်းမွန်သည့်လုပ်ကိုင်ဆောင်ရွက်မှုကြောင့် ရရှိလာသည့် အသီးအပွင့်ဖြစ်ပေသည်။

လက်ရှိတွင် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော ရက္ခိုင့်တပ်တော်(AA)သည် လူထုထောက်ခံမှုကို အလွန်ရရှိထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ပြင် မြို့နယ်အများစုတွင် AA ၏ သြဇာလွှမ်းမိုးမှုရှိနေပြီး အုပ်ချုပ်ရေးယန္တရားပင် သက်ဝင်လှုပ်ရှားမှုရှိသည်။ ထို့ကြောင့် တစ်ချို့ဒေသများတွင် ဒုစရိုက်မှုများနှင့် ဆဲဆိုရမ်းကားမှု စသည်များလျှော့နည်းသွားသည်ကို တွေ့ရသည်။

ထိုကဲ့သို့ သြဇာလွှမ်းမိုးမှုမှာ အုပ်ချုပ်သူကြောင့်ဖြစ်သည်။ ပြည်သူများသည် အုပ်ချုပ်သူများကို ယုံကြည်လေးစားသောကြောင့်ဖြစ်သည်။ အုပ်ချုပ်သူများ ယုံကြည်လေးစားစရာမကောင်းလျှင် ထိုစရိုက်များလည်း ပျောက်ကွယ်လိမ့်မည်မဟုတ်ပေ။ လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်းမှာ AA သည် ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)တို့ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ရခိုင်တို့သည် ထီးပျောက်နန်းပျောက်ဘဝဖြင့် ကာလကြာရှည်စွာ ဖြတ်သန်းလာရသဖြင့် မိမိတို့ရခိုင်အဖွဲ့အစည်းက မိမိတို့ကိုအုပ်ချုပ်ခြင်းကို ကြိုက်နှစ်သက်ကြသည်။ ရခိုင်တို့လိုလားနေသော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အဝမရရှိသေးသော်လည်း တစ်စိတ်တစ်ပိုင်းရရှိနေသည့်အချိန်တွင် ပြည်သူတို့ ဝမ်းသာမဆုံးပင်ဖြစ်သည်။

တိုင်းပြည်၊နိုင်ငံတစ်ချို့တွင် အုပ်ချုပ်သူလူတန်းစားတို့သည် လူထုထောက်ခံမှု အတော်အသင့်ရရှိလျှင် အာဏာယစ်မူးပြီး အာဏာကို အစွမ်းကုန်ထုတ်သုံးမှုများရှိတတ်သည်။ ၎င်းတို့ကိုယ်တိုင် ချမှတ်ထားသည့်အမိန့်များကို ချိုးဖောက်တတ်သည်။ ၎င်းတို့ချမှတ်ထားသည့်အမိန့်အာဏာများကို ဖီဆန်သည်ဟုဆိုကာ တရားမျှတမှု၊ လူ့အခွင့်အရေးများကိုလျစ်လျူရှုပြီး ထင်ရာစိုင်းပြီး လုပ်ဆောင်မှုများလည်းရှိတတ်သည်။

ထိုသို့ပြုမူလုပ်ဆောင်ခြင်းမှာ ပြည်သူလူထုကို အလေးမထားခြင်းပင်ဖြစ်သည်။ ပြည်သူလူထုထံက ပေါက်ဖွားလာသည့် အဆိုပါလူတန်းစားတို့သည် ပြည်သူကိုမျက်နှာမမူ၊ အရေးမစိုက်စရာအကြောင်းမရှိပါ။ ဘက်လိုက်မှုရှိသော၊ တရားမျှတမှု မရှိသူများကို သေချာကိုင်တွယ်ပြီး ပြည်သူ၊ပြည်သူများကို စနစ်တကျအုပ်ချုပ်ရန် အရေးကြီးသည်။

မည်သည့်အခြေအနေမျိုး၌မဆို ပြည်သူကိုမျက်နှာမူပြီး တရားမျှတစွာအုပ်ချုပ်ရန် အရေးကြီးသည်။ ရခိုင်ဘုရင်မင်းထီးကဲ့သို့ပင် တရားမျှတမှုရှိပြီး အမှန်တရားအတွက် ပြတ်ပြတ်သားသားလုပ်ကိုင်ရန်လိုအပ်သည်။

လေးမြို့ခေတ်တွင် ဘုရင်မင်းထီးစိုးစံအုပ်ချုပ်နေချိန် နန်းတော်ရှိ နန်းတိုင်တစ်ချို့တွင် ကွမ်းစားပြီးနောက် ထုံးကို တိုင်တွင်သုတ်ထားကြမှုကြောင့် မသန့်ရှင်းသည်ကိုမြင်၍ “မည်သည့်ပုဂ္ဂိုလ်မဆို နန်းတိုင်တွင်ထုံးမသုပ်ရ၊ တွေ့ရှိလျှင် ရာဇဒဏ်အပြစ်ပေးမည်”ဟု အမိန့်တော်ထုတ်ပြန်ထားသည်။ ကာလအတန်ကြာသော် မင်းထီးသည် မေ့လျော့ပြီး မိမိကိုယ်တိုင်ကွမ်းစားကာ ထုံးကျန်များကို နန်းတိုင်၌သုပ်မိခဲ့သည်။

တစ်နေ့တွင် ဘုရင်မင်းထီးသည် နန်းတိုင်တွင်ထုံးသုပ်ထားသည်ကိုမြင်၍ မည်သူသုပ်ထားသနည်းဟုမေးမြန်းရာတွင် အမတ်တစ်ဦးက မည်သည့်နေ့၊ မည်သည့်အချိန်တွင် ဘုရင်မင်းမြတ်ကိုယ်တိုင်မေ့လျော့စွာဖြင့် ထုံးသုပ်ခဲ့ကြောင်း အချက်အလက်စုံလင်စွာဖြင့် လျှောက်တင်ခဲ့သည်။ ထို့ကြောင့် ဘုရင်မင်းထီးသည် နန်းတိုင်တွင်ထုံးသုပ်မိသော မိမိ၏လက်ညှိုးအားတင်လျက် သန်လျက်ဓားဖြင့်ခုတ်ပိုင်းခဲ့သည်။

မိမိကိုယ်တိုင် အမိန့်တော်ထုတ်ပြန်ထားသော ဘုရင်မင်းထီးသည် ထုံးသုပ်ခဲ့မှုကြောင့် မိမိလက်ညှိုးကိုပိုင်းဖြတ်လျက် တရားမျှတမှုအတွက် သင်ခန်းစာပေးခဲ့သည်။ ထိုကဲ့သို့ပင် မိမိကိုယ်တိုင် အမှားများကျူးလွန်မိသော်လည်း အပြစ်ဒဏ်ခံယူရမည်ဖြစ်ပြီး နောင်ထိုသို့မဖြစ်အောင် ပြုပြင်ထိန်းကျောင်းယူရမည်ဖြစ်သည်။ “ငါ အုပ်ချုပ်သူ၊ ငါအမှားလုပ်သော်လည်း ဘာမှမဖြစ်စေရ”ဟူသည့်အတွေးမှားများကို ဖျောက်သင့်သည်။

သမိုင်းဟူသည် သင်ခန်းစာယူစရာဖြစ်သည်။ သမိုင်းထဲတွင် အဆိုး၊အကောင်း မြောက်များစွာရှိသည်။ မင်းထီး၏သမိုင်းသည် အုပ်ချုပ်သူများအဖို့ ပြည်သူ၊ပြည်သားများကို တရားမျှတစွာ အုပ်ချုပ်နိုင်မည့် သမိုင်းသင်ခန်းစာများကို ပေးထားခဲ့သည်။ ရခိုင်တို့လျှောက်လှမ်းရမည့် အနာဂတ်ခရီးသည် ရှည်လျားသည်။ မပြီးဆုံးသေးပေ။ ရွှေရောင်တောက်ပသည့်အနာဂတ်ကို မည်သည့်နေ့၊ မည်သည့်အချိန်တွင်ရောက်မည်ကို မည်သူမျှအတိအကျ မသိနိုင်သေး။ သို့သော် အနာဂတ်နေ့သစ်ကို မြင်နေရချေပြီ။

အနာဂတ်ခရီးလမ်းကို လျှောက်လမ်းနေသည့်အချိန်တွင် မည်သည့်လမ်းကလျှောက်လျှင် မြောင်းထဲကျမည်၊ လမ်းမှန်ကို တိုက်ရိုက်ရောက်မည် စောင့်ကြည့်နေသူများရှိသည်။ လမ်းမှန်ကို ဖြောင့်တန်းစွာ တိုက်ရိုက်ရောက်သွားလျှင် ကောင်း၏။ သို့မဟုတ် မြောင်းထဲကျသွားလျှင် စောင့်ကြည့်သူတို့ ဟားတိုက်ရယ်ကြလိမ့်မည်။ ချောက်ထဲတွန်းချရန် အသင့်စောင့်ကြိုနေကြသူများလည်းရှိသည်။ ထို့ကြောင့် ယနေ့အချိန်အခါသည် ဓားသွားပေါ်တွင် လျှောက်လှမ်းနေရသည့်ကာလဟုဆိုလျှင်ရသည်။ ယင်းကဲ့သို့ကာလမျိုးတွင် အမှားအယွင်းခံလို့မရပေ။

ထို့ကြောင့် ရခိုင်ပြည်သူလူများသည် စည်းလုံးညီညွတ်မှုရှိရန် အထူးအရေးကြီးသည်။ စည်းလုံးညီညွှတ်ရန်ဆိုပါကလည်း အုပ်ချုပ်သူနှင့် ပြည်သူတို့ကြား သဟဇာတကျရန်လိုအပ်ခြင်းဖြစ်သည်။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံပြည်သူတို့ကြား သဟဇာတမဖြစ်လျှင် ညီညွှတ်ရေးကိုမတည်ဆောက်နိုင်သည့်အပြင် တည်ငြိမ်အေးချမ်းကိုပါ ထိခိုက်မည်ဖြစ်သည်။

အုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်းစနစ်မကျလျှင် ပြည်သူများ၏ဝေဖန်မှုခံရမည်။ ပြည်သူများ၏ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းကြောင့် အမှားများပြုလုပ်မိသော် လိုအပ်ချက်များကို ပြုပြင်ဖြည့်စွပ်ကာ စနစ်တကျအုပ်ချုပ်ရန်ဖြစ်သည်။ မိမိတို့တွင်သာ အာဏာရှိသည်ဟူသည့်အစွဲများကိုဖျောက်ပြီး တတ်နိုင်သဖြင့် ပြည်သူ၊ ပြည်သားကောင်းစားကို ရှေးရှုရမည်ဖြစ်သည်။

ရခိုင့်ဘုရင့်နိုင်ငံတော်သည် ရခိုင်ပြည်သူတို့စည်းလုံးညီညွှတ်မှုမရှိသောကြောင့် သူတစ်ပါးလက်အောက်သို့ရောက်ရှိသွားခဲ့ရသည်။ ရွှေရောင်တစ်လက်လက်တောက်ပနေသော မြောက်ဦးရွှေနန်းကြီး ပျက်စီးသွားခဲ့ရသည်။ ဤကား ပြည်သူလူထုအချင်းအချင်း စည်းလုံးညီညွှတ်မှုမရှိသောကြောင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် သမိုင်းပေးသင်ခန်းစာပင်ဖြစ်သည်။ ထိုသမိုင်းပေးသင်ခန်းစာသည် အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းရန်အတွက် ကြေးမုံတစ်ချပ်ပင်ဖြစ်သည်။