- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
ထိုင်း၊ မလေးရှားတွင် ဖမ်းဆီးခံ မြန်မာများကို ပြန်မပို့ရန် ဆန္ဒပြ တောင်းဆို
ဖမ်းဆီးခံရသူများကို မြန်မာနိုင်ငံသို့ ပြန်ပို့နေခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းရေးကို ကူညီပေးရာရောက်ပြီး အပြစ်မဲ့လူငယ်များကို သေတွင်းထဲ တွန်ပို့နေခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သူများက ပြောသည်။
05 Mar 2025

DMG ၊ မတ် ၅
ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းလုပ်သားများကို မြန်မာနိုင်ငံဘက်သို့ ပြန်ပို့နေခြင်းကို ရပ်တန့်ပေးရန် လန်ဒန်မြို့ရှိ မလေးရှားသံရုံးနှင့် ထိုင်းနိုင်ငံ သံရုံးရှေ့တွင် Star of Myanmar Friendship UK အဖွဲ့က ယမန်နေ့ (မတ် ၄ ရက်)တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
ဖမ်းဆီးခံရသူများကို မြန်မာနိုင်ငံသို့ ပြန်ပို့နေခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းရေးကို ကူညီပေးရာရောက်ပြီး အပြစ်မဲ့လူငယ်များကို သေတွင်းထဲ တွန်ပို့နေခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သူများက ပြောသည်။
" လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ အထောက်အထားမဲ့ သူတွေကို ပြန်ပို့တယ်ဆိုတာမှာ မြန်မာကိုတော့ ခြွင်းချက်အနေနဲ့ထား စေချင်ပါတယ်။ သူတို့ကို ပြန်ပို့လိုက်တာဟာ သူတို့ကို သေဒဏ်ပေးလိုက်တာနဲ့ အတူတူပါပဲ " ဟု Stars of Myanmar Friendship ကို ပူးတွဲတည်ထောင်သူ George က ပြောသည်။
ဖမ်းဆီးခံရွှေ့ပြောင်းလုပ်သားများကို လူသားချင်းစာနာသောအားဖြင့် မြန်မာနိုင်ငံသို့ မပို့ရန် တောင်းဆိုခြင်းနှင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသံရုံးများသို့လည်း စာပို့တောင်းဆိုခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရ၍ မြန်မာဘက်သို့ ပြန်ပို့ဆောင်ခံရသူ ထောင်ချီရှိနေပြီး ပြန်ပို့ခံရသည့် လူငယ်အများစုမှာ မိသားစုထံမရောက်ဘဲ စစ်သင်တန်းသို့ ပို့ဆောင်ခြင်းခံနေရသည်။
ထွက်ပြေးလွတ်မြောက်လာသူတစ်ဦး၏ ပြောပြချက်အရ ၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ကို ပြန်ပို့ဆောင်ခံရသူ ၁၀၀ ဝန်းကျင်မှာ စစ်ကောင်စီ၏ စစ်သားစုဆောင်းရေး စခန်းသို့ရောက်သွားကြောင်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသူ ထောင်နှင့်ချီ ရှိပြီး ၎င်းတို့ကို ထိုင်းနှင့် မလေးရှားအာဏာပိုင်များက မြန်မာနိုင်ငံဘက်သို့ အသုတ်လိုက် ဆက်တိုက်ပို့နေသည်။