" နိုင်ငံရေးအကျဉ်းသား သေဆုံးမှုက တစ်နှစ်မှာ ၂၀ ကနေ ၃၀ ဦးကြား ရှိနေတယ် " 

လက်ရှိ စစ်ကောင်စီက အကျဉ်းသားတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်တွေ ဘယ်လိုရှိနေမလဲဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

By Admin 13 Feb 2025

" နိုင်ငံရေးအကျဉ်းသား သေဆုံးမှုက တစ်နှစ်မှာ ၂၀ ကနေ ၃၀ ဦးကြား ရှိနေတယ် " 

DMG ၊ အင်တာဗျုး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အာဏာစသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ အခု ၂၀၂၅ ခုနှစ်မှာ အာဏာသိမ်း သက်တမ်း ၄ နှစ်ကျော်ကြာလာပြီ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို လက်မခံလို့ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်ကာ အကျဉ်းထောင်အသီးသီးကို ပို့ဆောင်ခဲ့ပြီးတော့ ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း လုပ်နေပါတယ်။

လက်ရှိ စစ်ကောင်စီဟာ အကျဉ်းသားတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်တွေ ဘယ်လိုရှိနေမလဲဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

DMG - လက်ရှိ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ အခြေအနေကို ပြောပြပေးပါ။

အာဏာသိမ်းပြီးကတည်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့ ဖိနှိပ်ယန္တရားအဖြစ် ပြောင်းလဲသွားတယ်။ ဒုတိယ ကမ္ဘာစစ်ပွဲ ကာလတုန်းက ဂျူးလူမျိုးတွေကို နာဇီတွေ ဆက်ဆံသလို လက်ရှိမှာ နိုင်ငံရေးခံယူချက်မတူတဲ့ အပေါ်မှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်ကောင်စီကို ထောက်ခံတဲ့ စစ်ကောင်စီရဲ့ ယန္တရားမှာပါဝင်လည်ပတ်နေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေတဲ့အခြေအနေဖြစ်ပါတယ်။

DMG - ထောင်ဝင်စာတွေ့ခွင့် အခြေအနေကရော ဘယ်လိုတွေ့ရလဲ။

ထောင်ဝင်စာတွေခွင့်ကို တစ်လတစ်ကြိမ် ခွင့်ပြုထားတယ်။ သို့သော်လည်းပဲ တချို့ထောင်တွေမှာ လုံခြုံရေးကို အကြောင်းပြပြီးမှ ထောင်ဝင်စာတွေ့ခွင့်တွေကို ကန့်သတ်တာမျိုးဖြစ်ခဲ့တယ်။ အထူးသဖြင့် စစ်ရေးတင်းမာနေတဲ့ ပြည်နယ်တွေက ထောင်တွေမှာဆိုရင် တွေ့ခွင့်မရတဲ့ အခြေအနေမှာရှိတယ်။ ၂၀၂၄ ခုနှစ်က ဆိုရင် လွိုင်ကော်အကျဉ်းထောင်နဲ့ ရွှေဘိုအကျဉ်းထောင်တွေမှာ ထောင်ဝင်စာ တွေ့ခွင့်မရဘူး။ ရွှေဘိုအကျဉ်းထောင်မှာ ဒီလ (ဖေဖော်ဝါရီ) အစမှာတော့ ထောင်ဝင်စာတွေ့ခွင့်တွေ ပြန်ရတယ်လို့ သိရပေမယ့် လွိုင်ကော်အကျဉ်းထောင်မှာတော့ ရ/ မရ ကို အခုချိန်တော့ မကြားရသေးပါဘူး။

DMG - အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းမှာရော ဘယ်လိုရှိလဲ။

အကျဉ်းထောင်ထဲမှာတော့ ဘယ်ရောဂါမျိုးပဲဖြစ်ဖြစ် ပါရာကတ်ဆေးတစ်မျိုးပဲ ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်။ ဗဟိုထောင်တွေမှာတောင် ဆရာဝန်အင်အားက အရမ်းနည်းတဲ့အခါတောင် (အကျဉ်းထောင်)အငယ်တွေမှာ ဆရာဝန် မရှိတဲ့ ထောင်တွေ အများကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့ အရေးပေါ်ဖြစ်တဲ့ အခြေအနေမှာ ဆရာဝန်တွေ အချိန်မီ မရောက်လာတာ၊ ထောင်ကို မိသားစုဝင်တွေ ပေးပို့တဲ့ ဆေးဝါးတွေ ပိတ်ပင်တာ၊ ကန့်သတ်တာ၊ အကျဉ်းသားတွေ လက်ထဲကို အပြည့်အဝ မရောက်ရှိတာတွေကြောင့် နိုင်ငံရေးအကျဉ်းသား သေဆုံးမှုတွေ မြင့်တက်ပါတယ်။ တစ်နှစ်မှာ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား သေဆုံးမှုက ၂၀ ကနေ ၃၀ ဦးဝန်းကျင်ကြား ရှိနေတယ်။ ဒါဟာ အရမ်းကို ဆိုးဝါးတဲ့ သေဆုံးမှုတွေဖြစ်တယ်။ ၂၀၂၄ တစ်နှစ်တည်းမှာ အနည်းဆုံး ၃၅ ဦးခန့်ဟာ အကျဉ်းထောင်ထဲမှာ လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုမရရှိတဲ့အတွက် သေဆုံးခဲ့ပါတယ်။

DMG - ပုသိမ်ထောင်မှာ အကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဆိုးရွားနေတယ်လို့ သိရတယ်။ ဒီအခြေအနေလည်းတွေကိုလည်း ပြောပြပေးပါ။

ပုသိမ်အကျဉ်းထောင်ဟာ စစ်တွေထောင်ကနေ ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် တခြား ရာဇဝတ်သားတွေလည်း စုံပြုံထားတဲ့ နေရာတစ်ခုဖြစ်နေတယ်။ ဆိုတော့ ထောင်မှာ ပျမ်းမျှ လူဦးရေ ၆၀ ထားတဲ့ နေရာမှာ လက်ရှိမှာ လူ ၈၀ နဲ့ ၁၀၀ ကြားထားနေတဲ့ အခြေအနေဖြစ်တယ်။ ဒီအခြေအနေမှာ အကျဉ်းသားတွေ အိပ်ရတာက အစ စားသောက်ရတာ အဆုံး အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အခုဆိုရင် ထောင်ကို လုံခြုံရေးတင်းကျပ်တယ်။ စစ်ပွဲတွေ ရောက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ ထောင်ပတ်ပတ်လည်မှာ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေတူးပြီးမှ စစ်ပြင်တာမျိုးလုပ်နေတယ်။ မိသားစုတွေ ပေးပို့တဲ့ ပါဆယ်တွေကိုလည်း ကန့်သတ်တာမျိုး လုပ်နေတဲ့အတွက် အထဲမှာတော့ စားဝတ်နေရေး အခက်အခဲ ပိုမိုရင်ဆိုင်နေရတဲ့ အခြေအနေမှာရှိတယ်။

DMG - အခုလို အကျဉ်းသားတွေ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရမှုအပေါ် ဘယ်လိုမြင်လဲ။

အာဏာသိမ်းပြီးကတည်းက အကျဉ်းထောင်လက်စွဲ ဥပေဒ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေတွေ အားလုံးဟာ စာရွက်ပေါ်မှာရှိတဲ့ စာသားအဖြစ်ပဲ ပြောင်းလဲသွားတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အကျဉ်းထောင် ဥပဒေအားလုံးဟာ အသက်ဝင်တဲ့ အခြေအနေ ရှိမနေတော့ဘူး။ ဒါကြောင့် အကျဉ်းထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားတွေရဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုများပြားလာတာဖြစ်ပါတယ်။

DMG - အကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုမှုပိုင်းမှာကရော ဘယ်လောက်ထိ အားနည်းသွားလဲ။

အကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျနော်တို့လည်း မျက်ခြေမပြတ် စောင့်ကြည့်နေပေမဲ့ လုံခြုံရေး တင်းကျပ်တာမျိုး၊ ထောင် သတင်းတွေကို အပြင်မပြန့်အောင် ထောင်အာဏာပိုင်တွေ လုပ်ဆောင်လာတဲ့အတွက် နည်းနည်းတော့ ခက်ခဲလာတယ်။ ဒါပေမဲ့ အားနည်းသွားတဲ့ အခြေအနေမျိုးတော့ မဟုတ်သေးဘူး။ နည်းနည်းလေးတော့ ခက်ခဲသွားတဲ့ အခြေအနေမျိုးရှိပါတယ်။

DMG - အကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ ပတ်သက်လို့ PPNM အနေနဲ့ ဘာလုပ်နေလဲ။

အကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အမြဲတမ်း စောင့်ကြည့်ပြီးတော့ မှတ်တမ်းတင်တယ်။ ထုတ်ပြန်လို့ရတဲ့ အချက်အလက်တွေကို ထုတ်ပြန်တယ်။ သိမ်းဆည်းထားရမယ့် အချက်တွေကို သိမ်းဆည်းပြီးတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ပေးပို့တာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။

DMG - စစ်ကောင်စီရဲ့ အကျဉ်းထောင်ထဲက လုပ်ရပ်တွေအပေါ် ဘာပြောချင်လဲ။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်လာတာဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်လာတဲ့အပြင် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လူမဆန်တဲ့ သတ်ဖြတ်မှု ဆိုးဆိုးဝါးဝါးကျူးလွန်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ဒါကြောင့် လက်ရှိ အကျဉ်းထောင်ထဲမှာရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အသက်ရှင်သန် ပိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့အပြင် စစ်ကောင်စီက အချိန်ပြည့်ထုတ်ထားလို့ရတဲ့ အခြေအနေတွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေဟာ အသက်ရှင်သန်ပိုင်ခွင့်တွေပါ အာမခံချက် မရှိဘဲနဲ့ ဆုံးရှုံးလျက်ရှိနေတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ကျူးလွန်တဲ့ ပြစ်ဒဏ်တွေကို တရားမျှတမှုရှိတဲ့ စနစ်အောက်မှာ အမြန်ဆုံးပြန်လည်ခံယူဖို့နဲ့ အာဏာသိမ်းထားတဲ့ အာဏာအရပ်ရပ်ကို ပြည်သူတင်မြှောက်ထားတဲ့ အစိုးရဆီ အမြန်ဆုံး လွှဲပြောင်းအပ်ဖို့ ကျနော်တို့ ပြောချင်ပါတယ်။ နောက်တစ်ခုက အကျဉ်းထောင်အာဏာပိုင်တွေအနေနဲ့လည်း မိမိတို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ပြည်သူ့တရားစီရင်ရေးအောက်မှာ အမှုရင်ဆိုင်ဖို့ ပြောချင်ပါတယ်။

DMG - စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူမှုအပိုင်းအပေါ် ဘယ်လိုမြင်လဲ။

လက်ရှိ အခြေအနေမှာ နိုင်ငံတကာက စစ်ကောင်စီရဲ့ အရေးကြီးတဲ့ လေယာဉ်ဆီ ဖြတ်တောက်မှုကို တောင်ထိရောက်စွာ မလုပ်နိုင်သေးဘူး။ စစ်ကောင်စီကို ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့ အခြေအနေမျိုးမှာတော့ အကျဉ်းထောင်ကို အာရုံစိုက်မှုက ပိုပြီးတော့ နည်းတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာပြည်အရေးကို ပိုပြီးမှ အားစိုက်ပေးကြဖို့၊ မြန်မာပြည်အရေးထဲမှာလည်း အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို မေ့မထားကြဖို့ တိုက်တွန်းလိုပါတယ်။

DMG - ဖြည့်စွက်ပြီး ဘာများပြောချင်ပါလဲ။

အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသား/သူတွေဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်။ အလားတူပဲ အကျဉ်းထောင်ရဲ့ အပြင်ဘက် အကျယ်ထောင်မှာရှိတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေဟာလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်။ ဒါကြောင့် အပြင်မှာ ခက်ခဲနေတဲ့ ပြည်သူတွေအနေနဲ့လည်း အထဲက ရဲဘော်တွေ ပိုပြီးခက်ခဲနေတာ ဖြစ်တဲ့အတွက် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြဖို့၊ ထောင် သတင်းကို အမြဲတမ်း နားစွင့်ပေးကြဖို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

DMG - အခုလို အချိန်ပေးပြီး ဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။