- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကျောက်ဖြူ အကျဉ်းသားများထံမှ ထောင်အာဏာပိုင်များ လစဉ်ကြေးသဘောမျိုး ငွေတောင်းနေ
ရခိုင်ပြည်၊ ကျောက်ဖြူအကျဉ်းထောင်ဝန်ထမ်းများသည် အကျဉ်းသားများထံမှ လစဉ်ကြေးသဘောမျိုး ငွေညှစ်မှုများရှိနေပြီး ငွေမပေးနိုင်သူများကို အကျပ်ကိုင်ခြိမ်းခြောက်မှုများရှိနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
29 Jan 2025

DMG ၊ ဇန်နဝါရီ ၂၉
ရခိုင်ပြည်၊ ကျောက်ဖြူအကျဉ်းထောင်ဝန်ထမ်းများသည် အကျဉ်းသားများထံမှ လစဉ်ကြေးသဘောမျိုး ငွေညှစ်မှုများရှိနေပြီး ငွေမပေးနိုင်သူများကို အကျပ်ကိုင်ခြိမ်းခြောက်မှုများရှိနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
အကျဉ်းသားများကို လစဉ်ကြေးသဘောမျိုး ငွေကျပ် ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) မှ ၃၀၀,၀၀၀ (သုံးသိန်း) အထိ တောင်းခံနေခြင်းဖြစ်ပြီး မပေးလျှင်အပြစ်မျိုးစုံရှာပြီး ဒဏ်ရိုက်မှုများရှိကြောင်း သိရသည်။
“ဒီတိုက်ပွဲကာလအတွင်း စစ်တပ်နဲ့ ရဲဖမ်းလို့ အကျဉ်းကျလာတဲ့လူတွေကို အဓိကထားပြီး ငွေတောင်းတာပေါ့။ အကျဉ်းသားအဟောင်းတွေလည်းအများစုက ငွေပေးရပါတယ်။ ငွေမပေးနိုင်ရင် အပြစ်မရှိ အပြစ်ရှာတာမျိုးကြုံရတယ်။ အရင်တုန်းကဆိုရင် ငွေကြေးပြေလည်တဲ့ မိသားစုတွေဆီကပဲ လာဘ်ပေးလာတ် ယူလုပ်တာ။ အခုက အာလုံးနီးပါး မိသားစုဝင်တွေကနေ တောင်းနေတာဖြစ်တယ်” ဟု ယခုလ အစောပိုင်းက ကျောက်ဖြူအကျဉ်းထောင်မှ လွတ်လာသူတစ်ဦးက ပြောသည်။
အကျဉ်းကျနေသူများ အနေအစားအဆင်ပြေရေးနှင့် အလုပ်ကြမ်းများ မလုပ်ရစေရေးအတွက်ဆိုကာ မိသားစုဝင်များထံ ထောင်ဝန်ထမ်းများက လျှို့ဝှက်၍ ငွေပေးဆောင်မှုများ ယခင်ကတည်းကရှိခဲ့သော်လည်း ၂၀၂၄ နှစ်လယ်ပိုင်းမှစ၍ ငွေကြေးတောင်းခံမှုကို ပေါ်ပေါ်ထင်ထင် လုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲကာလအတွင်း အကျဉ်းကျခံနေရသူအများစု လစဉ်ငွေကြေးပေးဆောင်နေရခြင်းဖြစ်ပြီး နယ်ဘက်က အကျဉ်းကျနေသူများကိုပါ မိသားစုဝင်များနှင့် အဆက်အသွယ်ပြုရန် ဝန်ထမ်းများမှစီစဉ်၍ ငွေတောင်း ခံနေခြင်းဖြစ်သည်။
“ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ရင် လတိုင်း ပိုက်ဆံပေးရမယ်ဆိုပြီး ပြောတယ်။ ဒါကြောင့် မြို့ပေါ်က မိတ်ဆွေတစ်ယောက်ကို အကူအညီတောင်းပြီး လစဉ် ပိုက်ဆံလွှဲပေးနေတာ ၁၀ လလောက်ရှိတော့မယ်။ ပိုက်ဆံကိုတော့ ထောင်ဝန်ထမ်းတွေ ချိန်းတဲ့နေရာကို သွားပေးရတယ်။ တစ်ခါတစ်လေ တောင်ဘူးဝအနီးကို သွားပေးရတာလည်းရှိတယ်လို့ ပြောတယ် " ဟု အကျဉ်းကျနေသူ တစ်ဦး၏ မိခင်က ပြောသည်။
အကျဉ်းသားများထံမှ လစဉ်ကြေးသဘောမျိုး ငွေကြေးတောင်းခံနေမှုနှင့်ပတ်သက်၍ ကျောက်ဖြူ အကျဉ်းထောင် တာဝန်ရှိသူများကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
ရခိုင်တိုက်ပွဲကာလအတွင်း ကျောက်ဖြူမြို့နယ်တွင် ဒေသခံ ၁၀၀ ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ယင်းအထဲက အချို့မှာ ပုဒ်မအမျိုးမျိုးဖြင့် အကျဉ်းကျခံနေရပြီး အချို့မှာလည်း ထောင်အချုပ်မှနေ၍ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။
ရခိုင်ပြည်တွင် ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေ၊ ဘူးသီးတောင်ဟူ၍ အကျဉ်းထောင် ၄ ခုရှိသည့်အထဲ သံတွဲနှင့် ဘူးသီးတောင် အကျဉ်းထောင်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားသည်။