“ထောင်ပြောင်းလိုက်တယ်လို့ ကြားလိုက်တဲ့အခါ ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသလိုပဲ”

“ထောင်ပြောင်းလိုက်တယ်လို့ ကြားလိုက်တဲ့အခါ ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားရတယ်။  စိတ်ဓာတ် အများကြီးကျသွားပြီး တစ်ပတ်လောက် အစားအသောက်မဝင်ဘဲ ဖြစ်သွားတယ်။ ခံစားချက်တွေကို ပါးစပ်နဲ့ထုတ်ပြောဖို့ စကားလုံးတောင် မထွက်တော့ဘူး" 

By Admin 25 Oct 2024

“ထောင်ပြောင်းလိုက်တယ်လို့ ကြားလိုက်တဲ့အခါ ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသလိုပဲ”

DMG | Vox Pop

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေထဲက ဗျိုင်းဖြူကျေးရွာသားတွေ အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၄၀၀ ဦးခန့်ကို စစ်ကောင်စီက အောက်တိုဘာလအတွင်းမှာ ထောင်ပြောင်းရွှေ့လိုက်ပါတယ်။

အကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာနဲ့ပတ်သက်လို့ မိသားစုဝင်တွေကို တစ်စုံတစ်ရာအသိပေးတာ မရှိခဲ့သလို ဒီကနေ့အထိလည်း အဆက်သွယ်မရ ဖြစ်နေကြပါတယ်။ ဒီလို အကျဉ်းသားတွေ ထောင်ပြောင်းရွှေ့ခံရတာနဲ့ပတ်သက်လို့ မိသားစုဝင်တွေရဲ့ တုန့်ပြန်ချက်တွေကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်ခိုင်ဌေးဦး (ထောင်ပြောင်းခံရသူတစ်ဦး၏ ဇနီး)

“ကျမ အမျိုးသားအပါအဝင် ကျမတို့မိသားစုမှာ ၇ ယောက် ပါသွားတယ်။ သူတို့က ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်မှု မရှိဘဲ သဗ္ဗာန်ကူးတို့ ခုတ်နေသူတွေဖြစ်တယ်။ အဲဒါကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇ (၁)နဲ့ ဆက်စပ်တယ်ဆိုပြီး ထောင် ၃ နှစ်ချထားပြီ။ ပထမတုန်းကတော့ ကိုယ့်မြို့က ထောင်ထဲမှာရှိနေတယ်ဆိုပြီး စိတ်ချထားတာ။ ကျမတို့နဲ့ နောက်ဆုံးအဆက်သွယ် ရလိုက်တုန်းကတော့ သူတို့ ထောင်ထဲမှာမရှိတော့ဘူးလို့ သိရတယ်။ တဆင့်ခံ ပြောစကားအရတော့ ပုသိမ်ထောင်ကို ပြောင်းသွားတယ်လို့ သိရတယ်။ အခုထိတော့ ဘာအဆက်သွယ်မှ မရသေးဘူးပေါ့။

စိုးရိမ်မှုကတော့ အများကြီးရှိပါတယ်။ သူနဲ့ ပြန်တွေ့နိုင်ပါ့မလား။ လူစိတ်ရှိရှိနဲ့ ထားရဲ့လား။ စားရေးသောက်ရေးကကော ဝဝလင်လင် စားရမယ် မထင်ဘူး။ ကျန်းမာရေးတစ်ခုခုဖြစ်ရင်လည်း အနီးအနားမှာ မိသားဝင်တွေ မရှိနိုင်။ လုံခြုံရေး၊ ကျန်းမာရေးစတဲ့ အဖက်ဖက်ကတော့ စိုးရိမ်မှုရှိတယ်။ သူ မရှိတဲ့နောက်ပိုင်းမှာတော့ အများကြီးခက်ခဲတယ်။ အိမ်ထောင်ဦးစီးလည်းမရှိ၊ ကိုယ်ကလည်း စစ်ဘေးရှောင် ဘဝမှာနေရတယ်။ ကျန်းမာရေးမကောင်းလို့ အလုပ်လည်း မလုပ်နိုင်။ သားသမီး ၂ ယောက်၊ မိအိုတစ်ယောက်နဲ့ တော်တော်လည်းဒုက္ခရောက်ပါတယ်။ ပြည်သူတွေကို အခုလို မတရားလုပ်နေတာကြည့်ပြီး ကိုယ်ကလည်း ဘာမှမလုပ်နိုင်တော့ အများကြီးဝမ်းနည်းတယ်”

ဒေါ်မနု (ထောင်ပြောင်းခံရသူတစ်ဦး၏ ဇနီး)

“ထောင်ပြောင်းလိုက်တယ်လို့ ကြားလိုက်တဲ့အခါ ကမ္ဘာတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားရတယ်။  စိတ်ဓာတ် အများကြီးကျသွားပြီး တစ်ပတ်လောက် အစားအသောက်မဝင်ဘဲ ဖြစ်သွားတယ်။ ခံစားချက်တွေကို ပါးစပ်နဲ့ထုတ်ပြောဖို့ စကားလုံးတောင် မထွက်တော့ဘူး။ လင်ယောကျာ်းမရှိတော့ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားရတယ်။ ကျမက အသက် ၅၀ ကျော်နေပြီ၊ အလုပ်ကြမ်းတွေ မလုပ်နိုင်တော့ဘူး။ ကျမ ယောကျာ်းကလည်း ၅၇ နှစ်ရှိနေပြီလေ၊ သူကော ပြန်လာနိုင်မလားပေါ့နော်။ ရွာမှာကျန်ခဲ့တဲ့ အိမ်လည်း မရှိတော့ဘူး။ လင်ယောကျာ်းလည်းမရှိ။ သားသမီးတစ်ယောက်ကလည်း အသတ်ခံရလို့ သေသွားခဲ့တယ်။ ကျမတို့ဘဝဟာ မဗေဒါထက်ဆိုးသွားပြီ။ ထောင်ထဲမှာ ရှိနေတုန်းကလည်း မတွေ့လိုက်ရ။ ပြောင်းသွားပြန်တော့လည်း ဘယ်နေရာမှာ ဘယ်လို နေထိုင်စားသောက်နေရမှန်းမသိ။ ထောင်ကိုမရောက်ဘဲ တခြားနေရာတွေကိုများ ရောက်သွားမလား။ စိုးရိမ်ပူပန်စိတ်ကတော့ အများကြီးရှိတာပေါ့နော်။ စစ်ဘေးရှောင်ဘဝနဲ့ နေထိုင်နေရတာလည်း စားဝတ်နေရေး ဘယ်လိုမှအဆင်မပြေဘူး။ အထောက်အပံ့ကလည်း မရ။ ကိုယ်ကလည်း အလုပ်မလုပ်နိုင်တော့ သားသမီးဆီက ၅ သောင်း၊ ၁ သိန်း ထောက်ပံ့တာနဲ့ စားသောက်နေရတာ”

ထောင်ပြောင်းခံရသူတစ်ဦး၏ ဇနီး

“ထောင်ပြောင်းသွားတယ်ဆိုတဲ့ နေ့ကတည်းက အခုချိန်ထိ အဆက်သွယ်မရသေးဘူး။ ဘယ်နေရာလည်း ဆိုတာကိုလည်း မသိရသေး။  စိုးရိမ်တာကတော့ ကျန်းမာရေး၊ စားသောက်ရေး၊ လုံခြုံရေးကအစ အားလုံး စိုးရိမ်တာပေါ့နော်။ စစ်တွေထောင်ထဲမှာတောင် တစ်လတစ်ခေါက် မတွေ့နိုင်ဘူး။ ပြည်မဖက်ကို ရောက်သွားတော့ မိသားစုဝင်နဲ့ တစ်ခေါက်တွေ့ဖို့ဆိုတာ ပိုပြီးခက်ခဲသွားတယ်။ ငွေကြေးအရကော လူအင်အားအရကော အဆင်မပြေဘူး။
ငွေကြေးအဆင်ပြေတဲ့ မိသားစုတွေလည်းမဟုတ်ဘဲ လက်လုပ်လက်စား မိသားစုဝင်ဖြစ်တဲ့အတွက် အိမ်ထောင်ဦးစီး မရှိတဲ့နောက်ပိုင်းမှာ ဝင်ငွေလည်း မရှိတော့ဘူး။ အခုတောင် ဘုန်းတော်ကြီးကျောင်းမှာနေပြီး အလှူရှင်တွေဆီက ထောက်ပံ့ပေးတဲ့ရိက္ခာနဲ့ပဲ စားသောက်ရေး ဖြေရှင်းနေရတာ။ သူ့ကိုလည်း အစစအရာရာ ထောက်ပံ့ပေးနိုင်တော့မှာ မဟုတ်ဘူး”

ထောင်ပြောင်းခံရသူတစ်ဦး၏ သား

“ကျနော့်အဖေက အသက် ၆၀ ကျော်နေပြီလေ၊ အဖေ့လို အသက်ကြီးပိုင်းတွေလည်း အများကြီးပါသွားခဲ့တယ်။ သူတို့မှာ ဘာအပြစ်မှမရှိဘဲ ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်။ မတရားချလိုက်တာ သိပေမယ့် ကျနော်တို့မှာ ဘာမှပြောခွင့် မရှိဘူး။ သူတို့ကို စစ်တွေထောင်မှာထားတယ်ဆိုလို့ မိသားစုဝင်တွေက စိတ်ချနေကြတာ။ လွတ်ရက်စေ့တဲ့အခါ ပြန်တွေ့မှာပေါ့။ အဲဒီလို မျှော်လင့်နေကြတာ။
ထောင်ပြောင်းလိုက်တယ်လို့ ကြားလိုက်ရတဲ့အခါ ကျနော့် အမေကော ကျနော်တို့ မိသားစုတစ်ခုလုံး မျှော်လင့်ချက်မေ့သလို ဖြစ်သွားတယ်ပေါ့နော်။ ဘာကြောင့်လည်းဆိုတော့ သူတို့လက်ထဲမှာ ဖြစ်တဲ့အတွက် ဥပဒေမဲ့လုပ်ရပ်တွေ ဖြစ်သွားမှာကို စိုးရိမ်တာ။ ဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားဖို့ မိသားစုဝင်တွေက ဆုတောင်းနေရတယ်”