ကိုဗစ်နှင့် စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ကျောင်းသား/သူတို့၏ နစ်နာဆုံးရှုံးမှုများ

(ကျောင်းပြန်တက်ရမှာကလည်း မသေချာတဲ့အခြေအနေဖြစ်နေတယ်။ အကုန်လုံးပြန်တက်ရဖို့လည်း မသေချာဘူး။ ကျောင်းသားတိုင်းအတွက် အခွင့်အလမ်းတွေဆုံးရှုံးနေတုန်းပဲ)

08 Feb 2022

 
DMG ၊ ဖေဖေါ်ဝါရီ ၈
 
(Vox Pop)
 
မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှုကြောင့် တက္ကသိုလ်ကျောင်းများ ပိတ်ထားသည်မှာ ၂နှစ်နီးပါး ရှိပြီဖြစ်သည်။ လက်ရှိတွင် တချို့တက္ကသိုလ်ကျောင်းများကို ဖွင့်လှစ်နေသော်လည်း တချို့မှာမဖွင့်လှစ်နိုင်သေးပေ။ ထို့သို့ကျောင်းပိတ်ထားမှုကြောင့် ကျောင်းသား/သူတို့တွင် မည်မျှထိခိုက်နစ်နာမှုရှိနေသလဲ၊ ဘာတွေဆုံးရှုံးခဲ့ရသလဲ ကျောင်းသား/သူတို့၏ စိတ်ခံစားချက်၊ မျှော်လင့်ချက်တို့အပေါ် ရခိုင်ပြည်နယ်ကကျောင်းသားတို့အား DMG မှ မေးမြန်းပြီး စုစည်း ဖော်ပြလိုက်သည်။
 
ကိုခိုင်စိုးလင်း၊ နည်းပညာတက္ကသိုလ် (မြို့ပြအင်ဂျင်နီယာ ဒုတိယနှစ်)
 
ကိုဗစ်ကြောင့်ရယ်၊ စစ်အာဏာသိမ်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျွန်တော်တို့ကျောင်းသားတွေဟာ အခွင့်အရေးဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိကြတယ်။ မျှော်မှန်းထားသလိုမဖြစ်ဘဲ ဘဝအတွက် လမ်းကြောင်းတွေက လွဲချော်သွားကြတယ်။ ကျောင်းသားတွေကလည်း စိတ်ပျက်အားငယ်သွားကြတယ်။ နစ်နာရတာက ကျောင်းတက်ပြီး ပညာကိုဆုံးခန်းတိုင်အောင်မသင်ခဲ့ရဘဲ ကျောင်းကနေထွက်သွားရတာက အကြီးမားဆုံးနစ်နာမှုလို့ ပြောရမှာပဲ။ ပြီးတော့ ကျောင်းပိတ်ရက်ရှည်လာတာနဲ့အမျှ ကျောင်းသားတွေဟာ ပညာသင်ကြားမှုနဲ့ဝေးသွားတယ်။ ‌အပြင်က လေ့လာတဲ့ကျောင်းသားတွေလည်းရှိပေမယ့် ကျောင်းသားတိုင်းက မလေ့လာနိုင်ဘူးလေ။ ပညာသင်ဖို့ မတတ်နိုင်တာလည်းရှိလာနေတယ်။ ဘွဲ့လည်းမရတော့ အလုပ်အကိုင်လည်းမရှိတော့။ ပိုဆိုးတာက ကျောင်းသားတစ်ချို့ဟာ ကျောင်းသားဘဝကို လက်လျော့လိုက်ကြတယ်။ မိဘတွေစီးပွားရေးအဆင်မပြေတော့တဲ့အခါ ‌ကျောင်းသားဘဝကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
 
မဇင်မာစိုး (Day ရူပဗေဒ၊ တတိယနှစ်)
 
ကျောင်းမပြီးသေးလို့ အလုပ်တွေသွားလျှောက်ရင်လည်း အဆင်မပြေဘူး။ အလုပ်သွားလျှောက်ရင် မခေါ်ချင်ဘူးပေါ့။ Day ကျောင်းသားတွေဖြစ်လို့။ အဝေးသင်သမားတွေဆိုရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်လေ။ Day ကျောင်းသားတွေကျတော့ ကျောင်းမပြီးသေးဘူးဆိုရင် အလုပ်လျှောက်ရတာ အဆင်မပြေဘူး။ အခုဆိုရင် ကျွန်မတို့မှာ First Semister(ပထမနှစ်ဝက်) ဖြေထားတယ်ပေါ့။ ပြောရမယ်ဆိုရင် ၂ ဘာသာ‌ဖြေဖို့ကျန်သေးရင်လည်း အဲနှစ်ဘာသာကိုတော့ ထားလိုက်လို့ရတယ်။ Second semester (ဒုတိယနှစ်ဝက်)တစ်ခုကတော့ ကျန်နေသေးတယ်။ ဟိုတစ်ခါတုန်းက ကျွန်မအလုပ်သွားလျှောက်တဲ့အခါ အမှန်က တတိယနှစ်၊ ပထမနှစ်ဝက်စာမေးပွဲရော ဒုတိယနှစ်ဝက်စာမေးပွဲရော ဖြေပြီးပြီဆိုရင် အောင်အောင် မအောင်ပေါ့။ အလုပ်လျှောက်တယ်ဆိုရင် စတုတ္တနှစ် အဝေးသင်ပြောင်းမယ်ဆိုပြီး ပြောလို့ရသေးတယ်။ အခု က second semester တစ်ဝက်ကျန်သေးတော့ စတုတ္တနှစ်မှာ အဝေးသင်ပြောင်းမယ်ဆိုရင်လည်း အဆင်မပြေဘူး။ အခု အဝေးသင်ပြောင်းလိုက်ရင်လည်း တစ်နှစ် ဆုံးရှုံးသွားမယ်ပေါ့။ ကျွန်မအခု ခံစားနေရတာက ကျောင်းဖွင့်ရင်တောင် တက်ချင်စိတ်မရှိတော့ဘူး။ ဒါပေမယ့် ကျောင်းကိုတော့ အမြန်ဖွင့်စေ ချင်တယ်။ ကျောင်းအမြန်ဖွင့်ပြီး ဘွဲ့ရသွားပြီး အလုပ်အကိုင်ရရင်တော့ အိမ်ကိုထောက်ပံ့နိုင်တယ်လေ။ အခုက ကျောင်းတွေလည်းမဖွင့်တော့ သိပ်စိတ်ညစ်ဖို့ကောင်းတယ်။ စိတ်တွေက လေလွင့်နေတယ်။
 
ကိုထွန်းထွန်းနိုင် (အဝေးသင်မြန်မာစာ၊ တတိယနှစ်)
 
အသက်က တစ်နှစ်ထက်တစ်နှစ်ကြီးလာပေမယ့် ပညာရေးကမပြီးနိုင်။ အသက်သာကြီးပြီး ဘွဲ့မရတော့ လုပ်ငန်းခွင်ဝင်ဖို့လည်း နောက်ကျသွားတယ်။ လူတိုင်းမှာ ရည်မှန်းချက်အိပ်မက်ရှိကြမှာပဲ။ ကျနော့်မှာလည်း ဘွဲ့ရပြီးရင် ဘာလုပ်မယ်ဆိုပြီး ပန်းတိုင်ထားတာတွေရှိတယ်လေ။ အဲဒီရည်မှန်းချက်အိပ်မက်တွေက ဒီလိုကျောင်းပိတ်ထားတဲ့အတွက် ကြန့်ကြာသွားပြီး ကျောင်းနဲ့ဝေးကွာသွားတယ်။ ကျောင်းပြန်တက်ရမှာကလည်း မသေချာတဲ့အခြေအနေဖြစ်နေတယ်။ အကုန်လုံးပြန်တက်ရဖို့လည်း မသေချာဘူး။ ကျောင်းသားတိုင်းအတွက် အခုလိုအခွင့်အလမ်းတွေဆုံးရှုံးနေတုန်းပဲ။ ကိုဗစ်ပထမစဖြစ်ကတည်းက ကျောင်းတွေရပ်နားပစ်ရတယ်။ အဲဒီနောက်ပိုင်းမှာ နိုင်ငံရေးပဋိပက္ခကြောင့် ထပ်ပိတ်တယ်။ အခုဆိုရင် (၂)နှစ်ဖြစ်နေပြီ။ ကျောင်းကပိတ်ထားဆဲဖြစ်နေတယ်။ ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိနေတဲ့အပြင် (စိတ်ဓာတ်ကျမှု)တွေလည်းဝင်တယ်။ ပန်းတိုင်ထားထားတာလည်း မလုပ်ရ၊ ကျောင်းလည်းမပြီး၊ ပြီးတော့ ရခိုင်ပြည်မှာက နဂိုကတည်းကအလုပ်အကိုင်ရှားပါးနေတာလေ။ အဲဒီလို အကြောင်းအရာတွေစုပုံလာတယ်။ ၁၈ နှစ်အထက် လူငယ်တိုင်းတော်တော်များများခံစားကြရမှာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်းခံစားနေရတာ။ ကျောင်းမတက်ရတာကြာတော့ ကျောင်းမတက်ချင်တော့တဲ့ သူတွေလည်း ရှိတာပေါ့။ ကျောင်းသားတစ်ယောက်အနေနဲ့ တောင်းဆိုချင်တာက ကျောင်းကိုအရင်အတိုင်း ပြန်လည် လည်ပတ်စေချင်တယ်။
 
မသူသူထွန်း (ကွန်ပျူတာတက္ကသိုလ်၊ တတိယနှစ်)
 
ကျောင်းမတက်ရတော့ အချိန်တွေနစ်နာပြီး ကျောင်းကမပြီးလိုက်ဘူးပေါ့။ ကျောင်းမပြီးဘူးဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးတယ်။ ကျွန်မတို့မှာ ကျောင်းပြီးရင်ဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေက အလွဲလွဲအမှားမှားဖြစ်သွားတယ်။ အခုလောလောဆယ် ကျောင်းတွေကမတက်ရတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဖြစ်နေတယ်။ အလုပ်တစ်ခုလုပ်မယ်ဆိုရင်လည်း ဘွဲ့ရမှဖြစ်မယ်ဆိုတော့ ကိုယ်ကဘွဲ့မရသေးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးတာတွေရှိတယ်။ အသက်အရွယ်တွေလည်း ကြီးသွားတယ်။ ကိုယ့်မှာ အနာဂတ်တွေလည်းပျောက်ဆုံးသွားတယ်လို့ ခံစားရတယ်။ နစ်နာဆုံးရှုံးမှုတွေက အများကြီးပဲ။ အသက်အရွယ် အချိန်အပိုင်းအခြားတွေက ပြန်ဝယ်လို့မရဘူးလေ။ အခုအချိန်က ကျောင်းဖွင့်တာ မဖွင့်တာထက် ကိုယ်ကဘာလုပ်နေရမယ်ဆိုတာကို စဉ်းစားနေရမယ့်အခြေအနေတစ်ခု ဖြစ်သွားပြီလေ။ ကိုယ့်မှာလုပ်ငန်းလုပ်ရမယ်ဟာကို ရှာနေရမယ့် အခြေအနေတစ်ခုဖြစ်သွားတယ်။ ကိုယ်ဘာလုပ်ရမလဲဆိုတာကို စဉ်းစားနေရတာမျိုးပေါ့။ အခုက ကျောင်းတွေလည်းမဖွင့်တော့ စိတ်အားငယ်မှုတွေထက် စိတ်ပျက်မှုတွေဖြစ်လာတယ်။
 
ကိုဇွဲမြတ်ပိုင်စိုး ( Day ရုက္ခဗေဒ၊ ဒုတိယနှစ်)
 
ကျွန်တော်တို့အတွက် အချိန်အရမ်းနစ်နာမှုတွေရှိတယ်။ အသက်က တစ်နှစ်ထက်တစ်နှစ်ကြီးလာတော့ ကျွန်တော်တို့ တစ်နှစ်တစ်တန်းတက်သွားမယ်ဆိုရင် ဥပမာ- အသက်၂၁ နှစ်လောက်ဆို ဘွဲ့ရပြီလေ။ အခုက ကျွန်တော်တို့အသက် ၂၁ နှစ်ပြည့်တော့မယ်။ ဒါပေမယ့် ကျွန်တော်တို့အသက်အရွယ်မှာရှိမယ့် အတန်းပညာရပ်ကိုမရောက်လိုက်ဘူး။ အဲ့ဒါဟာ ကျွန်တော်တို့ရဲ့ဆုံးရှုံးမှုတစ်ရပ်ကို ဖြစ်စေတယ်။ ပြီးရင် နောက်ဆက်တွဲကတော့ ကျွန်တော်တို့လုပ်ငန်းခွင်ဝင်ဖို့ အလုပ်တွေလျှောက်ရတဲ့အခါ အခုလုပ်ငန်းခွင်တွေက အသက်အကန့်အသတ်တွေ အများကြီးရှိတယ်။ အသက်နည်းနည်းကြီးသွားရင်လည်း ဘွဲ့ဘယ်နှစ်ဘွဲ့ ရရမယ်၊ ဒီပလိုမာ ဘယ်နှစ်ခုရရမယ်ပေါ့၊ အဲ့လိုဟာမျိုးတွေပါလာတယ်။ ကိုဗစ်ကာလကလည်း တစ်နှစ်ခွဲနီးပါး ဖြစ်သွားပြီ၊ အာဏာသိမ်းကာလကလည်း ဘယ်အချိန်ထိကြာမှာလည်း ကျွန်တော်တို့မသိဘူး။ ဘယ်အချိန်မှာ ကျောင်းဖွင့်မယ်ဆိုတာလည်း သတ်မှတ်ချက်တစ်ခုမရှိဘူး။ အချိန်လည်း ဘယ်လောက်ကြာမလဲ မသိတဲ့အတွက် ကျွန်တော်တို့ရဲ့ဒီဆုံးရှုံးမှုတွေဟာ ကျောင်းသားတစ်ဦးတစ်ဦးအပေါ်ပဲ သက်ရောက်မှု ရှိတာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့နောက်က မိသားစုအပေါ်မှာလည်း သက်ရောက်မှုရှိလာတယ်။