လူမျိုးတုံးသတ်ဖြတ်မှုကြောင့် အရေးယူရမည့်လူစာရင်းထဲ ဒေါ်စုနှင့် ဦးထင်ကျော် ပါဝင်မှုအပေါ် အမြင်များ

အာဂျင်တီးနားအစိုးရရှေ့နေက စစ်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ရန် တရားရုံးထံ ယခုနှစ် ဇွန်လ ၂၈ ရက်က တင်သွင်းခဲ့သည့်လျှောက်လွှာထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော် တို့၏ အမည်များလည်း ပါဝင်လာခဲ့သည်။ 

By Admin 02 Jul 2024

နောက်ခံဓာတ်ပုံ - AP
နောက်ခံဓာတ်ပုံ - AP

DMG ၊ ဇူလိုင် ၂   

ရခိုင်မြောက်ပိုင်းတွင် မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို အရေးယူပေးရန် မြန်မာရိုဟင်ဂျာအသင်း-ယူကေ (BROUK)က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အာဂျင်တီးနားတရားရုံးထံ တင်ပြခဲ့သည်။ 

အာဂျင်တီးနားအစိုးရရှေ့နေက စစ်ခေါင်းဆောင်များအား ဖမ်းဝရမ်းထုတ်ရန် တရားရုံးထံ ယခုနှစ် ဇွန်လ ၂၈ ရက်က တင်သွင်းခဲ့သည့်လျှောက်လွှာထဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော် တို့၏ အမည်များလည်း ပါဝင်လာခဲ့သည်။ 

စစ်ခေါင်းဆောင်များအပြင် လူမျိုးတုံးသတ်ဖြတ်စဉ် ကာလတုန်းက အစိုးရတာဝန်ရှိသူများကိုပါ ဖမ်းဝရမ်းထုတ်ရန် တင်သွင်းခဲ့မှုနှင့်ပတ်သက်ပြီး နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ၏ သဘောထားအမြင်များကို DMG က မေးမြန်းတင်ပြပေးလိုက်သည်။ 

ဦးဖေသန်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) 

မွတ်ဆလင်အရေးက ဦးသိန်းစိန်အစိုးရ လက်ထက်မှာတုန်းက တစ်ကြိမ်၊ ၂၀၁၇ မှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ သမ္မတ ဦးဝင်မြင့်တို့ ဦးထင်ကျော်တို့လက်ထက်မှာ တစ်ကြိမ်ဖြစ်ခဲ့တယ်။ သူတို့မှာ တာဝန်ရှိတယ်ဆိုတဲ့ ပုံစံမျိုး‌ပေါ့။ သမ္မတဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျူးလွန်တာကတော့ စစ်တပ်ပဲ ဖြစ်တယ်။ 

စစ်တပ်ကို သမ္မတက စစ်ရေးအရဖြစ်ဖြစ်၊ တခြားကိစ္စပဲဖြစ်ဖြစ် ဩဇာသက်ရောက်မှု မရှိသလောက် နည်းတယ်။ စစ်တပ်ကို ဒါကိုမလုပ်ပါနဲ့ဆိုရင်လည်း ရမှာမဟုတ်ဘူး။ ဒါပေမ,့် တချို့အမြင်ကတော့ သမ္မတက အကြီးဆုံးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့် သူတို့မှာ တာဝန်ရှိတယ် ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်တာဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ကလုပ်တာကို သူတို့တားနိုင်တဲ့အခြေနေက ဒီနိုင်ငံမှာ မရှိဘူး။ 

နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က ICJ တရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်တာ မဟုတ်ဘူးလို့ စစ်တပ်ကို အကာအကွယ်ပေးခဲ့တာ ရှိတယ်။ ဒီနှစ်ချက်နဲ့ သမ္မတဟောင်းဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲပုံကျတယ်။ ဒါပေမယ့် စစ်ဆေးတဲ့အခါမှာ သေချာတာတစ်ခုက လိုင်းကွဲသွားနိုင်တာပေါ့။ သူတို့အနေနဲ့ စစ်တပ်ရဲ့လုပ်ဆောင်ချက်ကို ပိတ်ပင်တားဆီးလို့မရဘူး ဆိုတဲ့အချက်ကြောင့် သူတို့လက်ထက်မှာဖြစ်ခဲ့တယ် ဆိုပေမယ့် သူတို့မှာ တာဝန်မရှိဘူးဆိုပြီး နောက်ဆုံးဖြစ်သွားမယ် ထင်တယ်။ 

အဓိကတော့ စစ်တပ်က လုပ်ဆောင်တဲ့သူဆိုတော့ သူတို့မှာပိုပြီး တာဝန်ရှိတာပေါ့။ ဒီနိုင်ငံမှာ စစ်တပ်ကို ဘယ်သူကမှ ဩဇာလွှမ်းမိုးလို့ မရဘူး။ ဘယ်သူကမှ အမိန့်ပေးလို့ မရဘူး။ အခုတိုက်ပွဲဖြစ်နေတာတွေကို ရပ်ပါဆိုလို့လည်း မရဘူး။ စစ်တပ်ဟာ စစ်တပ်အလုပ်ကိုလုပ်တယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် တာဝန်ယူပြီး လုပ်တယ်ဆိုပြီးပေါ့။ အဲဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတဆိုပေမယ့် သူတို့မှာ တာဝန်မရှိဘူးလို့ ပြောလို့ရတယ်။ 

ရိုနေဆန်းလွင် (ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့) 

ရိုဟင်ဂျာ(မွတ်ဆလင်)တွေအပေါ် ကျူးလွန်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်စဥ်နဲ့ပတ်သက်ပြီး အာဂျင်တီးနား ပြည်ထောင်စုတရားရုံးက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်တာမှာ ဒီဖြစ်စဥ်ဖြစ်ခဲ့တဲ့ အချိန်ကာလမှာ ရှိနေခဲ့တဲ့ အစိုးရ၊ စစ်တပ်တို့နဲ့ပတ်သက်ပြီး ဘယ်သူတွေတာဝန်ရှိနေသလဲဆိုတာ စုံစမ်းမှာတော့ သေချာပါတယ်။ မြန်မာရိုဟင်ဂျာအသင်း(ယူကေ)က ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားတာမှာ စစ်ခေါင်းဆောင်တွေသာ ပါခဲ့ပေမဲ့ အာဂျင်တီးနားအစိုးရရှေ့နေကတော့ အစိုးရခေါင်းဆောင်တွေကိုပါ ထည့်သွင်းပြီး လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ တရားသူကြီးကတော့ တရားရုံးက လွတ်လပ်စွာ စုံစမ်းစစ်ဆေးထားတာကို အခြေခံပြီး စဥ်းစားမှာဖြစ်တဲ့အတွက် တရားရုံးက ဆုံးဖြတ်ချက်ကိုပဲ စောင့်မျှော်ရမှာပါ။ 

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေ၊ အာဏာသိမ်းမှုဖြစ်စဥ်၊ အရင်အစိုးရတုန်းက အစိုးရရဲ့အခြေနေ၊ ဒါတွေကို တရားသူကြီးတွေက ထည့်သွင်းစဥ်းစားမယ်လို့ ထင်မြင်ပါတယ်။ တရားရုံးက အခြေအနေအရပ်ရပ်ကို စုံစမ်းလေ့လာပြီး ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ရှေ့နေဖြစ်ဖြစ်၊ တရားစွဲဆိုတဲ့ အဖွဲ့အစည်းတွေက တရားသူကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်လို့ ရမှာမဟုတ်ပါဘူး။ တကယ်တမ်း တရားသူကြီးက ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာ အဓိကကျပါတယ်။ နောက်ဆက်တွဲ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာသာ မူတည်ပါတယ်။

လူမှုရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦး (ရန်ကုန်တိုင်းဒေသကြီး) 

အစကတည်းက အခုလိုဖြစ်လာမှာကို ကြိုတင်ခန့်မှန်းထားပြီးသား။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတဟောင်းတို့က ဒါကိုမသိပါဘူးလို့ ငြင်းလို့မရဘူး။ သူတို့က အဲဒီဖြစ်ရပ်တွေ ဖြစ်တဲ့အချိန်တုန်းက ဥပဒေအရဆိုရင် သမ္မတဆိုတာက အာဏာအရှိဆုံး၊ ဖြစ်ရပ်တွေကို တာဝန်ခံရမယ့်သူပေါ့။ ဘယ်လောက်ပဲ စစ်တပ်ကလုပ်ပါတယ်ဆိုပေမယ့် တာဝန်ယူမှု၊ တာဝန်ခံမှုတော့ ရှိရမှာပေါ့။ နိုင်ငံတကာ ဥပဒေလမ်းကြောင်းအရ သွားမယ်ဆိုရင်လည်း စစ်တပ်က ပြုလုပ်ခဲ့ပေမယ့် နိုင်ငံမှာရှိခဲ့တဲ့သမ္မတက ဒီကိစ္စကိုတာဝန်ယူရမှာ။ ပြီးတော့ အကြံပေးပုဂ္ဂိုလ်ကလည်း အတူယှဉ်တွဲပါရမယ်။
အခု မြန်မာနိုင်ငံရဲ့အခြေနေအရ သမ္မတဟောင်းတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင်က စစ်ကောင်စီဆီမှာ ဖမ်းဆီးခံထားရတယ်။ အဲဒီတော့ တကယ်တမ်း ဖမ်းဝရမ်းထုတ်လို့၊ ဖမ်းတော့မယ်ဆိုရင် ဘယ်လိုဆက်ဖြစ်လာမလဲ၊ ဘယ်လိုဖြေရှင်းကြမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းတယ်။  

ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

ဒီကိစ္စက စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်ဆိုတာကို အသိအမှတ်ပြုတယ်။ တချိန်တည်းမှာ အဲဒီကိစ္စကို ကာကွယ်တားဆီးတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့လို NLD ပါတီရဲ့ ခေါင်းဆောင်ပိုင်းတွေမှာ တာဝန်ရှိတယ်ဆိုတာက တကယ့်အဖြစ်မှန်အတိုင်း ပြောတာဖြစ်တယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော်တို့က လူမျိုးတုံးသတ်ဖြတ်တဲ့ ဆုံးဖြတ်ချက်ထဲမှာ မပါဘူး။ ဒါကြောင့်မို့ သူတို့က ကျူးလွန်သူတွေ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ကာကွယ်မှုတွေလုပ်ခဲ့တယ်ဆိုပြီး သူတို့ပြောဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့အနေနဲ့ ငြင်းစရာတော့ မရှိဘူး။ 

နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်က NLD ပါတီရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် လမ်းညွှန်ချက်အရ စစ်တပ်နဲ့ ပူးတွဲလုပ်ဆောင်လာရတဲ့အနေအထား မဖြစ်လာတဲ့အတွက် ဒီကိစ္စတွေကိုတော့ နိုင်ငံတကာခုံရုံးတွေက နားလည်ပေးလိမ့်မယ်လို့ ယူဆတယ်။ သူတို့က တိုက်ရိုက်ပါဝင်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေကို လုပ်တာမဟုတ်ဘူးဆိုတာတော့ သေချာတယ်။ အဲဒါကြောင့် ရှေ့ဆက်ပြီး သူတို့ (ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်)နဲ့ ပတ်သက်ပြီး အရေးယူစရာ၊ ဖြေရှင်းစရာတော့ ရှိမယ်လို့ မထင်ဘူး။