ရခိုင်တွင် လူမျိုးတုံးအကြမ်းဖက်မှု ထပ်မံဖြစ်ပွားမည့် အရိပ်အယောင် ရှိနေဟု ကုလအထူးကိုယ်စားလှယ် သတိပေး

ယနေ့ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တွမ်အင်ဒရူးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

By Admin 04 Jul 2024

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး။ ဓာတ်ပုံ - UN
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး။ ဓာတ်ပုံ - UN

DMG ၊ ဇူလိုင် ၄ 

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော ရှစ်နှစ်က မွတ်ဆလင်လူနည်းစုများအပေါ် ကျူးလွန်ခဲ့သည့် ပုံစံမျိုးအတိုင်း ‘လူမျိုးတုံးအကြမ်းဖက်မှု’ အထိ ရောက်သွားနိုင်သည့် ထိတ်လန့်ဖွယ်ရာ အခြေအနေမျိုး ထပ်မံကြုံလာရနိုင်ခြေနှင့် ရင်ဆိုင်နေရသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောကြားလိုက်သည်။

ယနေ့ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တွမ်အင်ဒရူးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အာရက္ခတပ်တော်ဆီမှာ မြန်မာစစ်တပ် မြန်မြန်ဆန်ဆန်ပဲ ရှုံးနိမ့်လာနေတဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ထိတ်လန့်ဖွယ်ရာ ဖြစ်နေပါတယ်” ဟု သူကပြောကြားသည်။

မွတ်ဆလင်ဒုက္ခသည်များသည် ဖိနှိပ်ခံရခြင်း၊ ဓားစာခံအဖြစ် အသုံးချခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းတို့အပြင် လက်နက်ကိုင်အုပ်စုများအကြား ထွက်ပေါက်ပိတ်နေသဖြင့် ဤအနေအထားသည် ၂၀၁၆၊ ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် လူမျိုးတုံးအကြမ်းဖက်ခံရမှု အနေအထားမျိုး တကျော့ပြန် ဖြစ်ပွားလာမည့် အရိပ်အယောင် မြင်နေရသည်ဟု တွမ်အင်ဒရူးက ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ်၌ အပစ်အခတ်ရပ်စဲရေး တစ်ရပ်နှင့်အတူ ငြိမ်သက်နေခဲ့ရာမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာခဲ့သည်။ အေအေသည် ရခိုင်တွင် နယ်မြေအများအပြားကို သိမ်းပိုက်ထားသလို မြန်မာစစ်တပ်သည် နိုင်ငံတစ်ဝန်းရှိ အခြားနေရာများတွင်လည်း တိုက်ပွဲများ ရင်ဆိုင်နေရသည်။ 

မြန်မာစစ်တပ်သည် မွတ်ဆလင်လူငယ် ထောင်ပေါင်းများစွာကို တပ်ဖွဲ့ဝင်အဖြစ် စည်းရုံးထားကာ အာရက္ခတပ်တော်နှင့် ထိပ်တိုက် ရင်ဆိုင်စေလျက်ရှိသည်ဟု ကုလကိုယ်စားလှယ်က ပြောသည်။

ထိုလူငယ်များသည် ကိုယ်ပိုင်သဘောထားဆန္ဒ မပါဘဲ ရှေ့တန်းသို့ အပို့ခံနေရသည် ဆိုသော်ငြားလည်း ရခိုင်အသိုင်းအဝိုင်းဘက်က အငြိုးထား လက်တုံ့ပြန်နိုင်ခြေသည် အထူးကြီးမားသည်ဟုလည်း တွမ်အင်ဒရူးက ပြောကြားသည်။

ဗီဒီယိုများ