“စစ်ဘေးရှောင်တွေရဲ့ အရေးပေါ် လိုအပ်ချက်က ငွေကြေးပေါ့၊ ငွေရှိရင် အကုန်အဆင်ပြေတယ်လေ” 

ပုဏ္ဏားကျွန်းမြို့နယ်တွင် ပုဏ္ဏားကျွန်းမြို့အပါအဝင် စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့မှ တိမ်းရှောင်လာသူသော စစ်ဘေးရှောင် ၆ သောင်းခန့် ရှိနေသည်။ စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ ဥက္ကဌ ကိုပြည့်ဖြိုးနိုင်ကို မေးမြန်းထားပါသည်။ 

By Admin 24 Sep 2024

“စစ်ဘေးရှောင်တွေရဲ့ အရေးပေါ် လိုအပ်ချက်က ငွေကြေးပေါ့၊ ငွေရှိရင် အကုန်အဆင်ပြေတယ်လေ” 

DMG ၊ စက်တင်ဘာ ၂၄ 

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် ၆ သောင်းခန့်ရှိနေပြီး ပုဏ္ဏားကျွန်းမြို့အပါအဝင် စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့မှ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူများ ဖြစ်သည်။ 

စစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် အခက်အခဲ၊ လိုအပ်ချက်များနှင့်ပတ်သက်၍ ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ ဥက္ကဌ ကိုပြည့်ဖြိုးနိုင်ကို DMG က မေးမြန်းထားပါသည်။ 

DMG - ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေရဲ့ လက်ရှိအခြေအနေကို ပြောပြပေးပါ။ 

စစ်ဘေးရှောင်လူဦးရေက ခြောက်သောင်းနီးပါး ရှိပါတယ်။ ပုဏ္ဏားကျွန်းမြို့ပေါ်က ပါတယ်၊ နယ်တွေကပါတယ်။ စစ်တွေ၊ ရသေ့တောင်မြို့နယ်တွေကလည်း ပါတယ်။ မြို့ထဲကို မဝင်ရသေးတော့ ဒီအတိုင်းရှိနေကြတာပေါ့။ လုပ်ကိုင်စားသောက်နေတာက ကြုံရာကျပန်းပေါ့။ တချို့တတ်နိုင်တဲ့ စစ်ဘေးရှောင်တွေက စီးပွားရေးတွေလုပ်ပြီး အဆင်ပြေနေကြတာတော့ တွေ့ရတယ်။ ပိုက်ဆံမရှိတဲ့သူတွေကျတော့ ကြုံရာကျပန်းလုပ်တယ်။ အလှူခံပြီး စားသောက်နေထိုင်ရတာ အများကြီးပါပဲ။ ကြုံရာကျပန်းဆိုတော့ မျှစ်ချိုးရောင်းတာ၊ ထင်းခုတ်ပြီးရောင်းတာ၊ ကုန်ပစ္စည်းတွေသယ်ပြီး လုပ်ကိုင်စားသောက်နေရတာ အများကြီးပဲ။ 

DMG - စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေကိုလည်း သိချင်ပါတယ်။

ဒီမြို့နယ်ထဲမှာ ထမင်းငတ်နေတဲ့ စစ်ဘေးရှောင်တွေ အများကြီး ရှိတယ်ဗျ။ အာရက္ခတပ်တော်ရော ကျနော်တို့ လူမှုကူညီရေးအသင်းတွေကရော ပြည့်ပြည့်ဝဝမဟုတ်ရင်တောင် အများကြီး ကူညီဆောင်ရွက်ပေးနေတယ်။ ဒါပေမယ့် လူဦးရေက များလွန်းတော့ လိုက်မမီဘူး ဖြစ်နေတယ်။ ထမင်းငတ်တဲ့ စစ်ဘေးရှောင်တွေရှိတယ်။  ကျနော်တို့ဆီကို ဆန်လာတောင်းကြတယ်။ ဘယ်လောက်ဆိုးရွားလဲဆိုတော့ နေဖို့အတွက် ဝါးတွေ၊ ဓနိတွေ အကုန်ပေးထားတာတောင် နေအိမ်ဆောက်ဖို့ ပိုက်ဆံမရှိဘူး။ အကူအညီတွေ လာတောင်းကြတယ်။ ဆန်ရော ပိုက်ဆံရော လာတောင်းတယ်။ ထမင်းကို ငရုတ်သီးနဲ့ပဲ စားနေကြရတဲ့ စစ်ဘေးရှောင်တွေ အများကြီး ရှိနေတယ်။

DMG - ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်တွေမှာ အရေပြားရောဂါ အဖြစ်များနေတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်လို့လည်း ပြောပြပေးပါ။ 

ကျန်းမာရေးအခြေအနေက စစ်ဘေးရှောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အများကြီးလိုအပ်တယ်။ အခုဆိုရင် အရေပြားရောဂါ တော်တော်များများ ဖြစ်နေကြတယ်။ ကျနော်တို့ စာရင်းကောက်တာတောင် ရွာ ၉ ရွာ လောက်မှာ ဖြစ်နေကြတာ။ အရေအတွက်က တစ်ထောင်ကျော်သွားပြီ။ ကျနော်တို့ ဘတ်ဂျက်အရ နေရာစုံ လိုက်မကောက်နိုင်ဘူးပေါ့။ အခုဆိုရင် အရေပြားရောဂါဖြစ်နေတာက ၁,၆၆၇ ယောက် ရှိသွားပြီ။ ဒါက အရေပြားရောဂါ သက်သက်ပဲဖြစ်တယ်။ နောက်ထပ် ချောင်းဆိုးတာ၊ ဖျားနာတာတို့ အများကြီး ဖြစ်နေကြတာ။ ရောဂါဖြစ်လို့ ဆေးဝယ်မသောက်နိုင်တဲ့ စစ်ရှောင်တွေ အများကြီးပဲ။ 

DMG - အရေပြားရောဂါဖြစ်တာက ဘယ်လောက်ထိ ဆိုးရွားနေတယ်လို့ ပြောလို့ရလဲ။ 

“ဆေးလာပေးကြပါ” အဲလို တောင်းဆိုကြတာ။ ကျနော်တို့ စာရင်းသွားကောက်ရင်တောင် “ဆေးဘယ်တော့လာပေးမလဲ” မေးကြတာ။ “ယားတာက တော်တော်ဆိုးနေပြီ မခံနိုင်တော့ဘူး” အဲဒီလို ပြောကြတာ။ အမျိုးသမီးတွေတောင် သူတို့ဖြစ်နေတာကို မရှက်မကြောက် ပြကြတာ။ သူတို့ တကယ်ခံစားနေရတဲ့ အကြောင်းကို သက်သေပြကြတယ်။ လူတွေ အစုလိုက်စာရင်းသွားကောက်တာတောင် သူတို့က မရှက်နိုင်တော့ဘဲ “ဆေးပေးပါ၊ ငါတို့ ပိုက်ဆံမလိုဘူး၊ ကောင်းမယ့်ဆေးတွေ ပေးပါအုံး” အဲဒီလို တောင်းဆိုကြတာ။

DMG - စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ ကျန်းမာရေးကိစ္စတွေကို ဘယ်လိုဖြေရှင်းနေကြရလဲ။ 

ကျနော်တို့ စစ်ဘေးရှောင်စခန်းတွေကို သွားကြည့်ပြီး စကားပြောဖြစ်တဲ့အခါ အိမ်နားပတ်ဝန်းကျင်တွေက ရှိတဲ့ဆေးတွေကို မျှသုံးနေကြတာ။ တောဆေးမြစ် ကြိတ်သောက်လိုက်၊ ဆေးပင်ပြုတ်စားလိုက်နဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းနေကြရတယ်။ 

DMG - စစ်ဘေးရှောင်တွေရဲ့ နေထိုင်ရေးအပိုင်းကရော ဘယ်လိုအခြေအနေရှိနေလဲ။ 

နေထိုင်ရေးအပိုင်းမှာကျတော့ အခုအခြေအနေက အရင်တုန်းကထက် တော်တော်လေးကောင်းမွန်နေပြီ။ ဘာလို့လဲဆိုတော့ အာရက္ခပြည်သူ့အစိုးရက စစ်ဘေးရှောင်တွေကို စစ်ဘေးရှောင်စခန်းဆိုပြီး နေစရာတွေ ဆောက်ပေးတယ်။ တော်တော်လေးကောင်းမွန်သွားပြီလို့ ပြောရမယ်။ 

ဒါပေမယ့် အခုနောက်ပိုင်း စစ်ဘေးရှောင်တွေ တိုးလာတာရှိတယ်။ အဲဒီလို စစ်ရှောင်တွေကျတော့ နေစရာမရှိကြဘူး။ မိုးရွာရင် အမိုးလုံရင်ပြီးရောဆိုပြီး အခင်းမပါဘဲ နေကြရတာရှိတယ်။ တချို့မိသားစုတွေဆိုရင် အခင်းမရှိဘူး၊ အကာလည်း မလုံဘူး။  မိုးရွာတော့ မိုးတွေစိုတယ်။ ခြင်တွေလည်း တအားကိုက်တယ်။ ကလေးတွေလည်းပါတော့ တစ်ညလုံး ကလေးကို ရင်ခွင်ထဲထည့်ပြီး ထိုင်နေကြရတယ်။ အဲဒီလို မိသားစုတွေလည်း တော်တော်များများ ရှိပါသေးတယ်။ 

DMG - စစ်ဘေးရှောင်တွေနဲ့ ပတ်သက်လို့ ဖြည့်စွက်ပြီး ဘာများပြောချင်ပါလဲ။ 

စစ်ဘေးရှောင်တွေရဲ့ အရေးပေါ်လိုအပ်ချက်က ငွေကြေးပေါ့။ ငွေရှိရင် အကုန်အဆင်ပြေတယ်လေ။ သူတို့ လိုအပ်တာက ငွေလိုအပ်နေတာ။ စားနပ်ရိက္ခာဆိုရင်လည်း ဆန်ပေါ့၊ ဆေးဝါးဆိုရင်တော့ ဖျားနေတဲ့နေရာမှာ ယားနာဆေးသွားပေးလို့ မရဘူးလေ။ ပိုက်ဆံရှိမှ ဝယ်လို့ရမယ်လေ။ အဲဒါကြောင့် ငွေကြေးထောက်ပံ့မှုတွေ လိုအပ်တယ်လို့ပဲ ပြောရမှာပေါ့။ 

DMG - အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။