သမ္မတရှီကျင့်ဖျင်နှင့် ဓာတ်ပုံတွဲရိုက်ခဲ့သည့် ဟောင်ကောင်လွှတ်တော်အမတ် ကိုဗစ်ကူးစက်နေကြောင်း တွေ့ရှိ

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အုပ်စုဓာတ်ပုံ တွဲရိုက်ခဲ့သည့် ဟောင်ကောင်လွှတ်တော်အမတ် တစ်ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံရထားကြောင်း တွေ့ရှိခဲ့ရသည်ဟု ဇူလိုင်လ ၃ ရက်နေ့က ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

04 Jul 2022

ဓာတ်ပုံ - Reuters

DMG ၊ ဇူလိုင် ၄

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အုပ်စုဓာတ်ပုံ တွဲရိုက်ခဲ့သည့် ဟောင်ကောင်လွှတ်တော်အမတ် တစ်ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံရထားကြောင်း တွေ့ရှိခဲ့ရသည်ဟု ဇူလိုင်လ ၃ ရက်နေ့က ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိရသူမှာ အသက် ၄၂ နှစ်အရွယ် စတီဗင်ဟို ဆိုသူဖြစ်ပြီး ဟောင်ကောင်မှ ပြည်မလိုလားသည့်ပါတီကြီး၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ စတီဗင်ဟိုသည် ပြီးခဲ့သော ကြာသပတေးနေ့က ရှီကျင့်ဖျင်နှင့် အနီးကပ် ဓာတ်ပုံတွဲရိုက်ခွင့် ရခဲ့သူ အရာရှိစုစုပေါင်း ၁၀၀ ခန့်အနက် တစ်ဦးဖြစ်သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဟောင်ကောင်သို့ လာရောက်ပြီး ဟောင်ကောင်ကို ဗြိတိန်တို့ တရုတ်လက်သို့ လွှဲပြောင်းပေးအပ်ခြင်း ၂၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲသို့ တက်ရောက်ခဲ့သည်။

ယခုခရီးစဉ်သည် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကပ်ဘေး စတင်ချိန်တည်းက နိုင်ငံပြင်ပသို့ ခရီးမထွက်ခဲ့သည့် သမ္မတရှီကျင့်ဖျင်၏ ပထမဆုံးပြင်ပခရီးစဉ်လည်း ဖြစ်သည်။

အစိုးရထုတ်ပြန်သော ဓာတ်ပုံများ၌ စတီဗင်ဟိုသည် ရှီကျင့်ဖျင်၏ နောက်တည့်တည့် ၂ တန်းအကွာ၌ ရပ်နေသည်ကို တွေ့ရသည်။

စတီဗင်ဟိုသည် ရှီကျင့်ဖျင် ဟောင်ကောင်သို့ ရောက်လာသည့် ပထမနေ့တွင် ကိုဗစ်မရှိကြောင်း ဆေးစစ်ချက် ထွက်ထားပြီး ဒုတိယနေ့တွင် ထပ်မံစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယနေ့ သောကြာနေ့တွင် ကွဲကွဲပြားပြားရလဒ် မရှိချိန်မှစ၍ မိမိသည် မည်သည့်အခမ်းအနားမျှ ပါဝင်ခဲ့ခြင်း မရှိတော့ကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် သူတင်ထားစာသည့်စာ၌ ဖော်ပြသည်။

တရုတ်ပြည်သည် ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကူးစက်မှု လုံးဝမရှိရေး ကိုဗစ်-သုည  မူဝါဒကို ကျင့်သုံးနေဆဲဖြစ်သည့် တစ်ခုတည်းသော အင်အားကြီးနိုင်ငံဖြစ်သည်။

ဟောင်ကောင်သည် ကိုဗစ်အရေးတွင် တရုတ်ပြည်မကဲ့သို့ တင်းကြပ်သော မူဝါဒ မကျင့်သုံးသော်လည်း ခရီးသွားလာခြင်းနှင့် လူစုလူဝေး ပြုလုပ်ခြင်းများကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။

ဟောင်ကောင်သို့ ရှီကျင့်ဖျင်လာရောက်စဉ် ကာလတစ်လျှောက်လုံး၌ အစိုးရအရာရှိ ရာပေါင်းများစွာ အပါအဝင် လွှတ်တော်အမတ်များနှင့် အခြားသော ဖိတ်ကြားထားသည့် ဧည့်သည်များအားလုံးသည် ကိုဗစ်ထိန်းချုပ်ရေးအတွက် အနီးကပ်သတိနှင့် နေထိုင်နေခဲ့ရပြီး လူမှုရေး သွားလာလှုပ်ရှားမှုများကို ကန့်သတ်ခံထားခဲ့ရသလို ၎င်းတို့ကို ကွာရန်တင်းဝင်ခိုင်းထားသည့် ဟိုတယ်တွင်လည်း နေ့စဉ် ကိုဗစ်စစ်ဆေးမှု ခံယူခဲ့ရသည်။