- ရခိုင်တိုက်ပွဲတစ်နှစ်အတွင်း အရပ်သား ၁,၆၀၀ ကျော် ထိခိုက်သေဆုံး၊ ကလေးသူငယ်နှင့် အမျိုးသမီး ၈၀၀ ကျော် ပါဝင်
- AA ထိုးစစ် အမ်းမြို့တွင်းအထိ ထိုးဖောက်လာ
- စစ်ကောင်စီက စစ်တွေမြို့တွင်းခံတပ် တိုးချဲ့ပြင်ဆင်
- တစ်နိုင်ငံလုံး အတိုင်းအတာအရ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု မြင့်တက်
- ရခိုင်တိုက်ပွဲ တစ်နှစ်ပြည့်နှင့် ရှေ့ဆက်အလားအလာ
အမေရိကန် သမ္မတရွေးကောက်ပွဲနှင့် မြန်မာအပေါ် မူဝါဒ အပြောင်းအလဲ
၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းမှုသည် ဘိုင်ဒန်အစိုးရအဖွဲ့အတွက် ပထမဆုံးကြုံရသည့် နိုင်ငံခြားရေး မူဝါဒ စိန်ခေါ်မှုဖြစ်သည်။ အမေရိကန်သည် အာဏာသိမ်းမှု၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ဖိနှိပ်မှုတို့ကို ချက်ချင်း ရှုတ်ချခဲ့သည်။ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ရှုတ်ချသည်။ သို့သော် မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ရာ၌မူ ဘိုင်ဒန်အစိုးရသည် မယ်မယ်ရရ အားတက်ဖွယ်ရာ ဖြစ်မလာခဲ့ပေ။
10 Nov 2024
အမေရိကန်သမ္မတ သောမက်ဂျက်ဖာဆင်က ပြောဖူးသည်။
“ကျွန်တော်တို့ရထားတဲ့ အစိုးရဟာ လူများစုက ရွေးချယ်ထားတာ မဟုတ်ဘူး။ ပါဝင်ဆောင်ရွက်သူ အများစုက ရွေးချယ်ထားတာသာ ဖြစ်တယ်” ဟူ၏။
လေးနှစ်တစ်ကြိမ် ကျင်းပသည့် သမိုင်းဝင်ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပခဲ့ရာ၌ အမေရိကန်နိုင်ငံသားများလည်း ပါဝင်ဆင်နွှဲပြီး ကာမာလာဟဲရစ်နှင့် ဒေါ်နယ်ထရမ့်အကြား ရွေးချယ်မှုကို ပြုလုပ်ခဲ့ကြသည်။ ဤရွေးကောက်ပွဲကြီးသည် ပြည်တွင်းသာမက ပြည်ပသို့ပါ ရိုက်ခတ်မှုရှိစေမည့် မူဝါဒခြားနားမှုများကို မီးမောင်းထိုးပြလျက်ရှိသည်။
အမေရိကန်ပြည်ထောင်စု၏ လက်ရှိမူဝါဒသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်၊ အရှေ့အလယ်ပိုင်းနှင့် တရုတ်တို့အပေါ် အကြီးအကျယ် အာရုံစိုက်ထားသည်။ တရုတ်-အမေရိကန် ပြိုင်ဆိုင်မှုသည် ကမ္ဘာအကြီးဆုံး စီးပွားရေးနှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုဖြစ်နေရာ နောင်လာမည့် အစိုးရသစ်အတွက်လည်း နိုင်ငံခြားရေးမူဝါဒဆိုင်ရာ စိန်ခေါ်မှုကြီးများအနက် တစ်ခု ဖြစ်လာလိမ့်မည်။
အစိုးရသစ်သည် ဘေဂျင်နှင့် ပိုမိုအငြင်းပွားဖွယ် ဆက်ဆံရေးတစ်ရပ်ကို ကုန်သွယ်ရေးသာမက လုံခြုံရေး ကိစ္စရပ်များတွင်ပါ ရင်ဆိုင်လာရမည် ဖြစ်သည်။ တရုတ်အတွက် မဟာဗျူဟာမြောက် မူဝါဒတစ်ရပ် ဖန်တီးရာတွင် ထိုင်ဝမ်ကိုသာ လုံးလုံးလျားလျား အာရုံစိုက်ပြီး မြန်မာကို မျက်စိလျှမ်းခြင်းသည် အခွင့်အရေးတစ်ရပ် လက်လွတ်ရခြင်းမျိုး ဖြစ်သွားနိုင်သည်။
မြေရှားသတ္တု (Rare Earth Elements – REEs) သည် ကုန်ထုတ်လုပ်မှု အမျိုးမျိုးနှင့် နည်းပညာမြင့် အက်ပလီကေးရှင်းများ ထုတ်လုပ်ရာတွင် မရှိမဖြစ် အရေးပါသည်။ တရုတ်သည် ကမ္ဘာတွင် REEs အများဆုံး ထုတ်လုပ်နေသော နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် REEs တူးဖော်ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းအထိ ရှိသည်။ အမေရိကန်က ၁၄ ရာခိုင်နှုန်း၊ သြစတြေးလျက ၆ ရာခိုင်နှုန်း၊ မြန်မာက ၄ ရာခိုင်နှုန်းနှင့် ထိုင်းက ၂ ရာခိုင်နှုန်းတို့ ရှိသည်။ ၂၀၂၂ ခုနှစ်တွင် အမေရိကန်နိုင်ငံက တင်သွင်းခဲ့သည့် မြေရှားသတ္တု ၇၂ ရာခိုင်နှုန်းသည် တရုတ်မှလာခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းအရ သိရသည်။
အမြီးအမောက်မတည့် ဖြစ်စရာတစ်ခုမှာ တရုတ်သည် မြန်မာထံမှ မြေရှားသတ္တု တင်သွင်းနေပြီး ပမာဏမှာ ၅၂.၁ ရာခိုင်နှုန်းအထိ ရှိနေခြင်း ဖြစ်သည်။ မြန်မာထံမှ တရုတ်တင်သွင်းမှုသည် နှစ်စဉ် ပိုတိုးလာနေပြီး ၂၀၂၃ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း S&P Global Market Inteligence က ထုတ်ပြန်သည့် ကမ္ဘာ့ကုန်သွယ်မှု အချက်အလက် စစ်တမ်းအရ သိရသည်။
အမေရိကန်ပြည်ထောင်စုသည် သွင်းကုန်များအတွက် တရုတ်ကို အဓိက မှီခိုနေရသည်ဖြစ်ရာ REEs ပြတ်လပ်မှုသည် နိုင်ငံအတွက် အရေးပါသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်ဟု ယူဆ၍ ရနိုင်သည်။ ဤသို့ မှီခိုမှုကို အမေရိကန်၏ အဆင့်မြင့် လက်နက်နှင့် လေတပ်အင်အားကဲ့သို့ စစ်ရေးနှင့် နည်းပညာ အသက်သွေးကြော အက်ပလီကေးရှင်းများနှင့် ပြန်ဖြည့်မြဲ စွမ်းအင်စနစ်များကို အနှောင့်အယှက်ပေးရန်အတွက် အသုံးချနိုင်သည်။ ဤသို့ဖြစ်လာလျှင် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးအတွက် အကျပ်ရိုက်စရာ အခြေအနေတစ်ရပ် ဖြစ်သွားနိုင်သည်။
၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းမှုသည် ဘိုင်ဒန်အစိုးရအဖွဲ့အတွက် ပထမဆုံးကြုံရသည့် နိုင်ငံခြားရေး မူဝါဒ စိန်ခေါ်မှုဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အာဏာသိမ်းမှု၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ဖိနှိပ်မှုတို့ကို ချက်ချင်း ရှုတ်ချခဲ့သည်။ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ရှုတ်ချသည်။ သို့သော် မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ရာ၌မူ ဘိုင်ဒန်အစိုးရသည် မယ်မယ်ရရ အားတက်ဖွယ်ရာ ဖြစ်မလာခဲ့ပေ။
အကြီးအကျယ် ဘေးထိုးသွားသည့် အမေရိကန်နှင့် မတူသည်ကား တရုတ်ဖြစ်သည်။ တရုတ်သည် မြန်မာအပေါ် သြဇာလွှမ်းမိုးမှု အကြီးမားဆုံး ပြင်ပနိုင်ငံအဖြစ် အရေးပါသည့်နေရာတွင် ရှိနေသည်။
တရုတ်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူ ဖြစ်သည်။ တောင်တရုတ်ပင်လယ် လမ်းကြောင်းကို မလက္ကာရေလက်ကြားမှတစ်ဆင့် အသုံးပြုနေရသော တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာသို့ အစားထိုးထွက်ပေါက်တစ်ရပ် ရရှိရေးတွင် ဆိုလျှင်လည်း မြန်မာသည် မဟာဗျူဟာကျကျ အရေးပါနေသည့်နိုင်ငံ ဖြစ်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဆိုလျှင်လည်း တရုတ်၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ တရုတ်သည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ပိုအားကောင်းလာစေရန်၊ မိုင်ပေါင်း ၁၂၅၀ ရှည်လျားသည့် နယ်စပ်တလျှောက်တွင် အမြဲတမ်း တည်ငြိမ်နေစေရန်အတွက် စိတ်ချရသည့် အနေအထားတစ်ရပ် ဖန်တီးနိုင်အောင် မြန်မာအပေါ် သြဇာလွှမ်းမိုးရန် ကြိုးပမ်းသည်။
ဘေဂျင်းသည် နိုင်ငံအစိုးရကို ဗဟိုပြုသည့် သံခင်းတမန်ခင်းကို ပိုလိုလားသော်လည်း အမေရိကန်၏ ပါဝင်ပတ်သက်မှု များများစားစား မရှိသေးသရွေ့ ကာလပတ်လုံး ကနဦး၌ အုပ်စုအမျိုးမျိုးနှင့် အထူးသံတမန်အများအပြားဖြင့် နောက်ကွယ်မှတဆင့်သာ ထိတွေ့ဆက်ဆံနေဦးမည် ဖြစ်သည်။
မြန်မာစစ်ကောင်စီ အာဏာလျော့ရဲလာသည်နှင့်အမျှ တရုတ်သည် မြန်မာ့ပြည်တွင်းစစ်တွင် ပါဝင်ပတ်သက်နေသည့် အင်အားစုများ အားလုံးအပေါ် သြဇာလွှမ်းမိုးမှုကို အမြင့်ဆုံး ထားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
သို့သော်ငြားလည်း တရုတ်သည် စစ်ကောင်စီ ပြိုလဲသွားမည်ကို ဆန့်ကျင်သည်။ တရုတ်သည် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်ဖွဲ့ထားသည့် လက်နက်ကိုင် အုပ်စုများ အားကောင်းလာသည်ကိုလည်း စိုးရိမ်သည်။ NUG သည် လူသားချင်း စာနာမှု ကူညီထောက်ပံ့ရေး၊ ဒီမိုကရေစီအတွက် အားပေးကူညီရေး တို့အတွက် အနောက်အုပ်စုနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ ရှိရာ NUG အပေါ် အနောက်က သြဇာလွှမ်းမိုးသွားမည်ကိုလည်း တရုတ်အနေဖြင့် စိုးရိမ်မကင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် Burma Act ဥပဒေကို အတည်ပြု ပြဌာန်းပြီး မြန်မာ့ ဒီမိုကရေစီအရေးအတွက် အမေရိကန်အစိုးရဘက်က ချိတ်ဆက်ဆောင်ရွက်ရန် မူဘောင်တစ်ရပ် ထွက်ပေါ်လာသည်ကလည်း တရုတ်၏ အနေအထားကို ပိုမို ရှုပ်ထွေးသွားစေသည်။
လားရှိုးရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကျဆုံးသွားပြီး များမကြာမီ၌ပင် တရုတ်သည် ပိုမို၍ ပါဝင်လှုပ်ရှားလာပြီး လက်နက်ကိုင် အုပ်စုများအား အပစ်ရပ်ရန် ဖိအားပေးခြင်း၊ သွင်းကုန်ပိတ်ဆို့ခြင်း၊ နယ်စပ် ထိန်းချုပ်မှုများကို တင်းကျပ်ခြင်းများ ပြုလုပ်ကာ ၎င်း၏ အခန်းကဏ္ဍကို ပုံစံပြောင်းလာခဲ့သည်။
မြန်မာသည် အာဏာသိမ်းမှု မတိုင်မီက ကဲ့သို့ပင် တရုတ်အတွက် သံတမန်ရေးရာ ခေါင်းစားဖွယ် ဖြစ်နေဆဲ ဖြစ်သည်။ အမျိုးစုံလင်သော မြန်မာ့အင်အားစုများသည် တရုတ်၏ စကားကို အတိုင်းအတာ တစ်ခုအထိသာ နားထောင်ကြပြီး ၎င်းတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီအောင်သာ လုပ်ဆောင်ကြသည် ဖြစ်သလို တခါတရံ၌ တရုတ်ကိုပင် အံ့အားသင့်စေသည်များ ရှိသည်။ လက်ရှိ စစ်ရေးပဋိပက္ခ၊ စစ်ကောင်စီတော်လှန်ရေး တပ်ဖွဲ့များ အားကောင်းလာခြင်း စသည်တို့က တရုတ်၏ ချဉ်းကပ်မှုကို ရှုပ်ထွေးသွားစေသည်။ စစ်ကောင်စီက ရုရှားကို အနီးကပ် ဆက်ဆံရေး ရှိထားခြင်းကလည်း တရုတ်ကို ကသိကအောင့် ဖြစ်စေပြန်သည်။
သမ္မတသစ်ရွေးကောက်ပွဲတွင် မည်သူ တက်လာသည်ဖြစ်စေ အမေရိကန် အစိုးရအဖွဲ့သစ်သည် အရေးပါသည့် တွက်ချက်မှုများ အများအပြား ရင်ဆိုင်လာရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဒီမိုကရေစီ အင်အားစုများကို အားပေးကူညီခြင်းက တရုတ်၏ ဒေသတွင်း လွှမ်းမိုးမှုကို တန်ပြန်ထိန်းညှိရာ၌ အသုံးတည့်နိုင်သည်။
ကာမာလာဟဲရစ် အနိုင်ရလျှင် ဟဲရစ်အစိုးရသည် လက်ရှိအစိုးရအဖွဲ့၏ ဟန်ပြသဘော အကူအညီ၌ ရှိနေသည့် အားနည်းချက်များကို ဖြေရှင်းသင့်သည်။ ဤအကူအညီသည် မရည်ရွယ်ဘဲ ဝိရောဓိ ရလဒ်များ ဆီသို့သာ ဦးတည် သက်ရောက်လျက်ရှိသည်။ အထူးသဖြင့် ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးနေသော စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေကြသည့် တော်လှန်ရေး တပ်ဖွဲ့များအပေါ်၌ ရှိထားသည့် တရုတ်၏ သြဇာလွှမ်းမိုးမှုနှင့် ပတ်သက်လာလျှင် ဖြစ်သည်။
ဒေါ်နယ်ထရမ့် တက်လာမည် ဆိုပါက အမျိုးသားလုံခြုံရေးကို ဦးစားပေးသည့် ထရမ့်အစိုးရသည် မြန်မာ့အရေးအပေါ် အမြင်သစ်ဖြင့် ကြည့်ရမည် ဖြစ်သည်။ အရှေ့တောင်အာရှတွင် အရေးမပါသည့် နေရာတစ်ခုသဖွယ် ရှိနေသော မြန်မာသည် တကယ်တမ်းတွင် အမျိုးသား လုံခြုံရေးအတွက်၊ အထူးသဖြင့် မြေရှားသတ္တုအတွက် မရှိမဖြစ် သယံဇာတများ ထွက်ရှိသည့် ရင်းမြစ်တစ်ခု ဖြစ်နေနိုင်သည်။
မြန်မာ့အခြေအနေသည် နောက်လာမည့် အမေရိကန် အစိုးရသစ်အတွက် အရှေ့တောင်အာရှရှိ ဗျူဟာမြောက် အကျိုးစီးပွားများကို ဖြေရှင်းနေသည့် တချိန်တည်း၌ ဒီမိုကရေစီအရေး မြှင့်တင်ရာတွင် ခေါင်းဆောင်နေရာမှ လက်တွေ့သရုပ်ပြနိုင်မည့် အခွင့်အရေးတစ်ရပ် ဖန်တီးပေးထားသည်။
မြန်မာ့ ဒီမိုကရေစီ အင်အားစုများနှင့် ပိုမို၍ တက်တက်ကြွကြွ ချိတ်ဆက် ဆောင်ရွက်ခြင်း၊ အာရှ-ပစိဖိတ်ဒေသတွင် အမေရိက၏ ပိုမိုကျယ်ပြန့်သည့် အကျိုးစီးပွားများ ဖြစ်သော တည်ငြိမ်ရေး၊ လူ့အခွင့်အရေး၊ စီးပွားရေးတို့နှင့် ကိုက်ညီသည့် ဗျူဟာမြောက် ရှင်းလင်းပြတ်သားသော မြန်မာ့အရေးမူဝါဒများကို ဒေသတွင်း မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် အမေရိကန် ပြည်ထောင်စုသည် အရေးပါသော ဤဒေသ၏ ပါဝါမျှခြေအပေါ် သြဇာလွှမ်းမိုးနိုင်မည့် အလားအလာ ရှိနေပေသည်။
Eurasia Review ဝဘ်ဆိုက်တွင် ဖော်ပြထားသော မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ Nicholas Kong ၏ 2024 Presidential Election In The US And Its Implication For Myanmar Policy ဆောင်းပါးကို ကောက်နုတ် ဘာသာပြန်ဆိုပါသည်။