နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်ကြောင်း မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် ခေါ်ပြော
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် ဂျာဟင်အူဒင်သည် မြန်မာသံအမတ် ဦးကျော်စိုးမိုးကို နိုဝင်ဘာလ ၁၀ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့သည်။
11 Nov 2024
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် ဂျာဟင်အူဒင်သည် မြန်မာသံအမတ် ဦးကျော်စိုးမိုးကို နိုဝင်ဘာလ ၁၀ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု၊ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများ ပစ်ခတ်ခံရမှု တို့နှင့် ပတ်သက်ပြီး စိုးရိမ်မှုများကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။
“ဤအဖြစ်အပျက်များကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်လျှောက်တွင် နေထိုင်ကြသူများအကြား တင်းမာမှုများ ရှိနေပြီး ၎င်းတို့၏ နိစ္စဓူဝ ကိစ္စရပ်များအပေါ် ရိုက်ခတ်မှုရှိနေသည်” ဟု ဂျာဟင်အူဒင်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများကို ပစ်ခတ်ထား ပစ်ခတ်မှုများနှင့် ပတ်သက်၍လည်း အလွန်အမင်း စိုးရိမ်ပူပန်မှုရှိပြီး ထပ်မံမဖြစ်ပွားအောင် လိုအပ်သည်များ စီစဉ်ပေးရန် တိုက်တွန်းခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သော အောက်တိုဘာလ ၁၀ ရက်နေ့က အုန်းကျွန်းအနီးတွင် ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများကို မြန်မာနေဗီက ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ နောက်ထပ် ငါးဖမ်းသမား ၅၀ ဝန်းကျင်ကိုလည်း မြန်မာစစ်တပ်က ၎င်းတို့၏ လှေများနှင့်အတူ ဖမ်းဆီးသွားပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
လက်ရှိ မြန်မာ့ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ဒုက္ခသည်များ ထပ်မံဝင်ရောက်လာမှုများ ရှိနေသည်ဟုလည်း အတွင်းဝန် ဂျာဟင်အူဒင်က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိ၌ မွတ်ဆလင်ဒုက္ခသည် ၁.၂ သန်းခန့် ရှိနေပြီဖြစ်သည်။ မကြာသေးမီက ကော့ဘဇားသို့ သွားရောက်ခဲ့ရာ၌ ဒုက္ခသည်စခန်းများတွင် တရားဥပဒေ စိုးမိုးရေး ယိုယွင်းနေသလို မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ အကြမ်းဖက်မှုများလည်း ပိုများလာနေသည်ကို တွေ့ခဲ့ရကြောင်း ဂျာဟင်အူဒင်က ပြောကြားသည်။
နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ အရေးနှင့် ပတ်သက်ပြီး အဖြေတစ်ရပ် ရှာဖွေရန် လိုအပ်ကြောင်း မြန်မာသံအမတ်ကြီးက လက်ခံခဲ့သလို ဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် လိုအပ်သည်ကိုလည်း သဘောတူခဲ့သည်ဟု ဂျာဟင်အူဒင်က ပြောသည်။ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဒုက္ခသည်များ ထပ်မဝင်အောင် ကာကွယ်ပေးရန် မြန်မာကို တိုက်တွန်းခဲ့သည်ဟုလည်း ဂျာဟင်အူဒင်၏ ထုတ်ပြန်ချက်အရ သိရသည်။