- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒါကာ-နေပြည်တော် ဆက်ဆံရေးနှင့် ရခိုင်ပြည်အနာဂတ်
AA သည် နိုင်ငံရေးနှင့် စစ်ရေးကို အချိတ်အဆက်မိမိ ချည်းကပ်ပြီး အားကောင်းလာသည် ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်သည်လည်း ဆွေးနွေးညှိနှိုင်းရေးနှင့် စာနာမှုအကူအညီအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ ကူညီဆောင်ရွက်ရန် အရေးပါသည့် နေရာတွင် ရှိနေသည်။
10 Dec 2024
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအဖွဲ့ ဥက္ကဌက မြန်မာအတွက် အထူးသံတမန်တစ်ဦး သီးသန့် ခန့်အပ်ရန် ဆွေးနွေးမှုများ ရှိသည်ဆိုသော အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်နေသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ ဆက်ဆံရေး အတိမ်အနက် ဖြစ်ထွန်းပြောင်းလဲမှု၊ ပြည်တွင်းလုံခြုံရေးအတွက် စိုးရိမ်ပူပန်ရမှုများနှင့် မွတ်ဆလင်ဒုက္ခသည်များအရေးတို့က ဗျူဟာမြောက် ချည်းကပ်မှုတစ်ရပ် တောင်းဆိုနေချိန်၌ ဤခြေလှမ်းမျိုးသည် အချိန်ကိုက် လိုအပ်ချက်ဖြစ်သည်။
အခြားနိုင်ငံများက ဤဒေသတွင်း၌ စီးပွားရေး အကျိုးအမြတ်နှင့် ပထဝီနိုင်ငံရေး သြဇာကို ဦးစားပေးကောင်း ပေးကြမည် ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်အဖို့မူ မည်သည့်ရှုထောင့်မှပင် ကြည့်သည်ဖြစ်စေ ပြဿနာများပြေလည်ရေး ကိုသာ ဦးစားပေးရမည့် အခြေအနေ ဖြစ်နေသည်။ အထူးသဖြင့် မြန်မာ့ပြည်တွင်း ပဋိပက္ခဒဏ်သည် ဘင်္ဂလားဒေ့ရှ် အပေါ် အများဆုံး သက်ရောက်နေသည့်အတွက် ဖြစ်သည်။
ရခိုင်ပြည်အတွက် ဘင်္ဂလားဒေ့ရှ်၏ အကူအညီသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် အနာဂတ်အတွက် အချက်အချာကျသည်။ ရခိုင်နှင့် ရှည်လျားသောနယ်စပ်ရှိသည့် အတွက် အဆိုပါမျက်နှာစာတလျှောက် ဖြစ်ထွန်းပြောင်းလဲမှုများအပေါ် လွှမ်းမိုးနိုင်သည့် အထူးအခွင့်အရေး ရရှိထားသော ဘင်္ဂလားဒေ့ရှ်၏ ဗျူဟာမြောက် အရေးပါမှုကို နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများက အသိအမှတ်ပြုသည်။ ရခိုင်ပြည်မြောက်ပိုင်းတွင် ဧရိယာအများအပြားကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော် ဆောင်ရွက်ချက်များ ရှိသည်ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) ၏ ဖော်ပြချက်အရ သိရသည်။
AA သည် နိုင်ငံရေးနှင့် စစ်ရေးကို အချိတ်အဆက်မိမိ ချည်းကပ်ပြီး အားကောင်းလာသည် ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်သည်လည်း ဆွေးနွေးညှိနှိုင်းရေးနှင့် စာနာမှုအကူအညီအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ ကူညီဆောင်ရွက်ရန် အရေးပါသည့် နေရာတွင် ရှိနေသည်။ တက်ကြွထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်လျှင် ရခိုင်ဒေသကို တည်ငြိမ်စေနိုင်မည်၊ စာနာမှုအကူအညီများအတွက် လမ်းပွင့်သွားစေမည် ဖြစ်သလို တက္ကနာဆိပ်ကမ်းနှင့် ကုန်သွယ်မှုကိုလည်း အရှိန်မြှင့် ဆောင်ရွက်နိုင်မည် ဖြစ်ကာ ဒေသတွင်း ရေရှည် တိုးတက်ဖြစ်ထွန်းမှုများအတွက်လည်း အုတ်မြစ်ချနိုင်မည် ဖြစ်သည်။
လတ်တလော ဖြစ်ထွန်းပြောင်းလဲမှုများ၊ ဥပမာ - မြန်မာလက်နက်ကိုင် အုပ်စုများကို အိန္ဒိယက ချဉ်းကပ်လာခြင်းမျိုးသည် ဒေသတွင်း မဟာဗျူဟာ အပြောင်းအလဲတစ်ရပ်ကို ထင်ဟပ်နေသည်။ ရိုက်တာသတင်းတစ်ရပ်အရ ဆိုလျှင် အိန္ဒိယသည် နယ်စပ်အနီးတွင် အဆိုပါ လက်နက်ကိုင် အုပ်စုများနှင့် ဆွေးနွေးမှုများ စတင်ဆောင်ရွက်လာသည်ဟု သိရသည်။ နိုဝင်ဘာလ အလယ်တွင် ကျင်းပမည့် ဆွေးနွေးပွဲ တစ်ရပ်၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လည်း ပါဝင်မည်ဟု သိရသည်။ အသေးစိတ် အချက်အလက်များကို လျှို့ဝှက်ထားသော်လည်း ဤခြေလှမ်းသည် အိန္ဒိယက ၎င်း၏နယ်စပ် လုံခြုံရေး၊ တရုတ်သြဇာကို တန်ပြန်ရေးအတွက် အားထုတ်ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်သည်။
မကြာသေးမီက အိန္ဒိယလွှတ်တော်အမတ် တစ်ဦး ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းဆီသို့ သွားရောက်ခဲ့ခြင်းကလည်း သမားရိုးကျ လမ်းကြောင်းများအပေါ် မှီခိုနေရမှုကို လျှော့ချပြီး နိုင်ငံအရှေ့မြောက်ပိုင်း ပြည်နယ်များအား မြန်မာနိုင်ငံ မှတစ်ဆင့် ချိတ်ဆက်လိုသည့် အိန္ဒိယ၏ သန္နိဌာန်ကို ထင်ထင်ရှားရှား ပြသနေသည်။
အိန္ဒိယ၏ ရှေ့ပြေး ချိတ်ဆက်ဆောင်ရွက်မှုများက ဘင်္ဂလားဒေ့ရှ် အနေဖြင့်လည်း ရခိုင်ပြည်မှ ဖြစ်ထွန်းပြောင်းလဲမှုများ နှင့်အတူ မိမိ၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားများကိုပါ ကာကွယ်ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်းကို မီးမောင်းထိုးပြလျက်ရှိသည်။
မွတ်ဆလင်များ ကပ်ဘေးသင့်မှုကြီးက မီးလောင်ရာလေပင့် ဖြစ်သွားစေသည့် ရခိုင်ပြည်မှ စာနာမှုအကျပ်အတည်းကြီးသည် ကော့ဘဇားတွင် မွတ်ဆလင်ဒုက္ခသည် တစ်သန်းကျော်ကို လက်ခံထားရပြီးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အား လည်မျိုညှစ်နေသည်။ AA ထိန်းချုပ်နယ်မြေများတွင် မငြိမ်သက်မှု၊ မဖြစ်စလောက် နိုင်ငံတကာ အကူအညီတို့ကြောင့် အရင်းအမြစ်များ ပါးလျားလာနေသည်ဟု DW နှင့် Lowy Institute တို့က မှတ်ချက်ပြုထားသည်။ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံအထောက်အပံ့များ ပြတ်လပ်မှုက ရခိုင်ပြည်တွင် အရေးပေါ် စာနာမှုအကျပ်အတည်းကြီး တစ်ရပ်ကို ဖန်တီးလျက်ရှိသည်။
အိမ်နီးချင်းနိုင်ငံ ဖြစ်သလို အရေးပါသည့် ဆက်စပ်ပတ်သက်သူလည်း ဖြစ်သော ဘင်္ဂလားဒေ့ရှ် အနေဖြင့် လက်ရှိ၌ ပါဝင်ပတ်သက်ရမည့် အနေအထားတွင် ရှိနေသည်။ AA သည် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်မဟုတ်သည့် တချိန်တည်း၌ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာစစ်ကောင်စီအကြား ရှေ့တွင်ရှိခဲ့သည့် သံတမန်ရေးရာ ကြိုးပမ်းမှုများမှာလည်း မယ်မယ်ရရ အရာမထင်ခဲ့ကြောင်း သက်သေသာဓက မြင်ခဲ့ရပြီးဖြစ်သည်။
ဒါကာအနေဖြင့် AA ကို လူသားချင်းစာနာမှု ရှုထေင့်မှ ချိတ်ဆက်ခြင်းဖြင့် ပိုမို၍ လက်တွေ့ကျ၊ ရေရှည်ကိုမျှော်မှန်းသည့် ချည်းကပ်မှုတစ်ရပ်ကို စဉ်းစားရတော့မည် ဖြစ်သည်။
နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (ICG) က ဘင်္ဂလားဒေ့ရှ်အား AA နှင့် တိုက်ရိုက် ဆွေးနွေးညှိနှိုင်းရန်၊ အထူးသဖြင့် ရခိုင်ပြည်မြောက်ပိုင်းတွင် AA အားကောင်းလာသည့် အနေအထား၌ ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်းထားသည်။ တရားဝင် ဆွေးနွေးညှိနှိုင်းမှုများ၌ မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးကို အဓိကဦးစားပေး ဆွေးနွေးရမည့် တချိန်တည်း၌ AA နှင့် စာနာမှုအကူအညီပေးရေး မိတ်ဘက်ဖွဲ့ခြင်းသည်လည်း ဘင်္ဂလားဒေ့ရှ်အတွက် ဗျူဟာမြောက် ခြေလှမ်းတစ်ရပ် ဖြစ်နိုင်ခြေရှိသည်။ ဘင်္ဂလားဒေ့ရှ်၏ သံတမန်ရေးရာ ရပ်တည်ချက် အပြောင်းအလဲသည် ဒါကာအတွက် ဒေသတွင်း၌ ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် လမ်းကြောင်းတစ်ရပ် ခင်းပေးလိုက်ရာလည်း ရောက်သွားနိုင်ပေသည်။
ဘင်္ဂလားဒေ့ရှ်အနေဖြင့် AA ၊ နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့အစည်းများနှင့် ဒေသတွင်း မဟာမိတ်များ အပါအဝင် သက်ဆိုင်သူများ ပါဝင်သည့် ဆွေးနွေးညှိနှိုင်းမှုတစ်ရပ် ဖြစ်မြောက်လာအောင် စည်းရုံးဆော်သြရာတွင် ဦးဆောင်နေရာမှ ပါဝင်သည်။ ဤဆွေးနွေးမှုမှသည် နယ်စပ်တလျှောက် ကူညီထောက်ပံ့မှုများ ဖြန့်ဝေရာတွင် အဆင်ပြေအောင် စီစဉ်ပေးနိုင်မည် ဖြစ်သလို ရခိုင်ပြည် အနောက်ပိုင်းရှိ ပြည်သူလူထု၏ အရေးပေါ် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် ဤကဲ့သို့ ချိတ်ဆက် ဆောင်ရွက်မှုက ရေရှည်တွင် မွတ်ဆလင်ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးနှင့် ပြည်လည်ထူထောင်ရေးတို့ အတွက်ပါ အဆင့်ဆင့် စီစဉ်သွားနိုင်မည် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် အတိတ်ကကျင့်သုံးခဲ့သည့် သံခင်းတမန်ခင်းကို ကျော်လွန်ပြီး ၎င်း၏ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း ဝင်ပါကာ ရခိုင်ပြည်ကို လူသားချင်းစာနာမှုအရေး အတွက်သာမက အလားအလာရှိသည့် စီးပွားရေးမဟာမိတ် အဖြစ်ပါ အသိအမှတ် ပြုရမည့် အချိန်လည်း ဖြစ်သည်။
နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ ကူးလူးဆက်နွယ်နေသော ယဉ်ကျေးမှု၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကြားရှိ ကုန်းမြေလမ်းပေါက်များသည် ဒါကာအတွက် အရှိန်ယူရမည့် ဗျူဟာမြောက် အရင်းအမြစ်များ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်သည် ရခိုင်ပြည်အတွက် အသက်ရှင်ရပ်တည်ရေးတွင် အခရာကျသည့် ဆေးဝါး၊ စားသောက်ကုန်၊ အခြေခံကုန်စည်များ ထောက်ပံ့ရေး၌ အချက်အချာ ကျသည့်နေရာတွင် ရှိနေသလို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေးနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးတို့အတွက်လည်း အရေးပါသည့် နေရာတွင် ရှိသည်။ တက္ကနာဆိပ်ကမ်းမှ ကုန်သွယ်ရေးကို တရားဝင် အသိအမှတ်ပြုခြင်းအားဖြင့် ဒေသနှစ်ဘက်လုံးအတွက် အကျိုးကျေးဇူး အများအပြား ရှိလာနိုင်သည်။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတွင် တက္ကနာသည် အရေးပါသည့် နေရာဖြစ်သလို စီးပွားရေး ဖွံ့ဖြိုးမှုကို ကြီးကြီးမားမား တွန်းတင်နိုင်မည့် အလားအလာလည်း ရှိသည်။ လုံခြုံရေးအရ စိုးရိမ်ရမှုများ လတ်တလောတွင် ရှိနေသော်ငြားလည်း ဤဆိပ်ကမ်း၏ အလားအလာမှာ အားကောင်းခိုင်မာဆဲ ဖြစ်သည်။ တက္ကနာဆိပ်ကမ်းကို ထိထိရောက်ရောက် အသုံးချခြင်းအားဖြင့် ကုန်သွယ်ရေးကို တစ်ကျော့ပြန် အားကောင်းလာစေမည် ဖြစ်ကာ စီးပွားရေး အကျိုးအမြတ်ကို မြှင့်တင်နိုင်မည် ဖြစ်သလို ဒေသတွင်း ချိတ်ဆက်မှုကိုလည်း အားကောင်းလာစေမည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ ပါဝင်ပတ်သက်မှုသည် နိုင်ငံ၏ အကျိုးစီးပွားများ အတွက် အထောက်အကူ ဖြစ်စေမည်သာမကပေ။ ရေရှည်တည်မြဲမည့် ဖြေရှင်းချက်များ ရှာဖွေကြံဆနေသည့် တချိန်တည်း၌ အရေးပေါ် စာနာမှုအကူအညီများ ပေးအပ်နေသူ၊ စာနာသနားစိတ်ရှိပြီး တာဝန်ယူ ဆောင်ရွက်တတ်သူ အဖြစ် ဒေသတွင်း၌ နေရာရသွားမည် ဖြစ်သည်။ ကော့ဘဇားတွင် အခြေစိုက်ထားသည့် စာနာမှုအကူအညီ ပေးရေး နိုင်ငံတကာ အဖွဲ့အစည်းများသည်လည်း ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးကို အရှိန်မြှင့်နိုင်မည် ဖြစ်ကာ အကူအညီများကို ပိုမိုထိရောက်စွာ ပေးစွမ်းနိုင်မည် ဖြစ်သည်။
အကူအညီများကို ဒေသတွင်း ရင်းမြစ်များထံမှ ရယူခြင်း အားဖြင့် ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေးလည်း အားကောင်းလာမည်ဖြစ်ကာ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမည့် Win-Win အခြေအနေတစ်ရပ် ဖန်တီးနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ ဗျူဟာမြောက် ထိတွေ့ဆက်ဆံခြင်းကြောင့် ရခိုင်ပြည် ပြန်လည်နာလန်ထူရေးနှင့် ပြန်လည်ပေါင်းစည်းရေးတွင် ဘင်္ဂလားဒေ့ရှ်လည်း ပါဝင်ပုံဖော်ခွင့် ရလာနိုင်သလို မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးနှင့် စီးပွားရေး အကျိုးအမြတ်များကိုလည်း အကာအကွယ် ပေးနိုင်မည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အတွက် အခွင့်အရေးကတော့ ရှင်းပါသည်။ ရခိုင်ပြည်၏ လူသားချင်း စာနာထောက်ထားမှု အခင်းအကျင်းတွင် အပြောင်းအလဲကို ဦးဆောင်နိုင်မည့် အလားအလာ ဖြစ်သည်။ ညှိနှိုင်းဆွေးနွေးမှုနှင့် ဗျူဟာမြောက် ထိတွေ့ဆက်ဆံမှု မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် ထိလွယ်ရှလွယ် အသိုင်းအဝိုင်းများကို အားပေးကူညီနိုင်မည်။ တစ်ချိန်တည်း၌ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အတွက်လည်း လမ်းကြောင်းအသစ်များ ဖွင့်လှစ်နိုင်မည် ဖြစ်သည်။ လိုအပ်နေသူများထံ စာနာမှု အကူအညီများ လက်ကမ်းပေးနိုင်ရန်၊ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် ဒေသတစ်ခွင်လုံး တိုးတက်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ရန် အတွက် စတင်လုပ်ဆောင်ရမည့် အခါသမယမှာ ယခုချက်ချင်းပင် ဖြစ်ပေတော့သည်။
■ The Daily Star တွင် ဖော်ပြထားသော သဘောထားအမြင် ဆောင်းပါး Dhaka-Naypyidaw relations and the future of Rakhine ကို ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင် Nazbul H Khan သည် ဖွံ့ဖြိုးရေးပညာရှင် တစ်ဦးဖြစ်ကာ အပြည်ပြည်ဆိုင်ရာ မြေသြဇာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဌာန (International Fertilizer Development Center) ၏ မြန်မာရုံးတွင် လုပ်ငန်းတာဝန်များ ထမ်းဆောင်ဖူးသူ ဖြစ်သည်။